အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးမှာ ဟာဇက် Eden Hazard က ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲတော့မယ်လို့ အတည်ပြုခဲ့ပါတယ်။ အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီ ဘယ်လ်ဂျီယံကစားသမားဟာ ချယ်လ်ဆီးပရိသတ်တွေရဲ့ အချစ်တော်ဖြစ်ခဲ့သလို ချယ်လ်ဆီးအသင်းမှာ ဖြတ်သန်းခဲ့တဲ့ (၇)နှစ်တာကာလအတွင်း အကောင်းဆုံး စွမ်းဆောင်ခဲ့တာကို အချက်အလက်တွေအရ တွေ့မြင်ရမှာပါ။ အဲဒါကြောင့် ချယ်လ်ဆီးအသင်းအတွက် ဟာဇက်ရဲ့ စွမ်းဆောင်ရည်ကောင်းတွေက ဘာတွေများလဲဆိုတာ ကြည့်လိုက်ရအောင် . .

၂၀၁၂ ခုနှစ်မှာ လိုင်လီအသင်းကနေ ပေါင်(၃၂)သန်းနဲ့ ပြောင်းရွှေ့ခဲ့ချိန်ကစလို့ ဟာဇက်ရဲ့ ခြေစွမ်းက တဟုန်ထိုး မြင့်တက်လာခဲ့တယ်။ သူ့ခြေထောက်ထဲမှာ ဘောလုံးရှိနေရင် အလွယ်တကူဖျက်တောက်ဖို့ဆိုတာ မဖြစ်နိုင်သလို ပြိုင်ဘက်ခံစစ်တွေအတွက် ဟာဇက်က အိပ်မက်ဆိုးလို့ပြောရမယ်။ ၂၀၁၂ ခုနှစ်ကနေ လက်ရှိအချိန်အထိ သူ ပါဝင်ပတ်သက်ခဲ့တဲ့ သွင်းဂိုးက ကျန်တဲ့ကစားသမားတွေထက် ပိုများခဲ့ပြီး (၃၅၂)ပွဲမှာ (၁၉၁)ဂိုးအထိ ရရှိအောင် စွမ်းဆောင်ခဲ့တယ်။ ဒါဟာ ချယ်လ်ဆီးအသင်း လက်ရှိကစားသမားတွေ အားလုံးထက် (၉၄)ဂိုး ပိုများပါတယ်။ တောင်ပံတိုက်စစ် ကစားသမားတစ်ဦးဖြစ်တဲ့ ဟာဇက်ဟာ ဂိုးသွင်းစွမ်းရည်ကောင်းတဲ့သူဖြစ်ပြီး ချယ်လ်ဆီးအသင်းအတွက် (၁၁၀)ဂိုးအထိ သွင်းယူခဲ့တာကြောင့် အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ထိပ်ဆုံး(၁၀)ဦးထဲမှာ အဆင့်(၉)နေရာ ချိတ်ခဲ့ပါတယ်။ တိုက်စစ်မှူးစစ်စစ် မဟုတ်ပေမယ်လည်း ဟာဇက်ရဲ့ အရည်အသွေးအရ ရီးယဲလ်အသင်း လိုအပ်တဲ့ကွက်လပ်အတွက် ဟာဇက်ဟာ အကောင်းဆုံးအဖြေတစ်ခုဖြစ်လာပါလိမ့်မယ်။

ဟာဇက်ရဲ့ နောက်ထပ်ထူးခြားကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကတော့ အခွင့်အရေးဖန်တီးနိုင်မှုအပိုင်းဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ကတည်းကနေ လက်ရှိအချိန်အထိ ဟာဇက်ရဲ့ အခွင့်အရေးဖန်တီးနိုင်တဲ့အကြိမ်က (၅၉၅)ကြိမ်အထိ ရှိပြီး အဲဒီထဲမှာ Assist (၅၄)ကြိမ်ပါဝင်ပါတယ်။ ၂၀၁၂-၁၃ ရာသီက စတင်ရေတွက်ရင် ဟာဇက်ရဲ့ စွမ်းဆောင်ရည်က တခြားနာမည်ကျော်တွေဖြစ်တဲ့ ဒေးဗစ်ဆေးလ်ဗား David Silva ၊ အိုဇေးလ် Mesut Ozil ၊ အဲရစ်ဆင် Christian Eriksen တို့ထက် အများကြီး သာတာကို တွေ့ရမှာပါ။ ဒါ့အပြင် ဒီရာသီပြိုင်ပွဲစုံမှာ ဟာဇက်ရဲ့ ဂိုးဖန်တီးမှုက (၁၇)ကြိမ်ရှိခဲ့ပြီး ပရီးမီးယားလိဂ်မှာဆိုရင်တော့ (၁၅)ကြိမ်ရှိခဲ့တာကြောင့် ဥရောပထိပ်သီးလိဂ်(၅)ခုမှာ ဂိုးဖန်တီးမှုအများဆုံးဖြစ်ခဲ့တယ်။ ဟာဇက်ရဲ့ စွမ်းဆောင်ရည် မှတ်တမ်းတွေကတော့ လက်ဖျားခါလောက်စရာပါပဲ။ ဒီလိုကစားသမားမျိုးကို ဆုံးရှုံးရမယ့် ချယ်လ်ဆီး ဘယ်သူနဲ့ ပြန်အစားထိုးမလဲ၊ အဲဒီကစားသမားကရော ဟာဇက်လို စွမ်းဆောင်နိုင်ပါ့မလားဆိုတာကတော့ . . .

CHELSEA’S ALL-TIME TOP SCORERS
1) Frank Lampard – 211

2) Bobby Tambling – 202

3) Kerry Dixon – 193

4) Didier Drogba – 164

5) Roy Bentley – 150

5) Peter Osgood – 150

7) Jimmy Greaves – 132

8) George Mills – 125

9) Eden Hazard – 110

10) George Hilsdon – 108

REF:Daily Mail
Photo:Daily Mail,Twitter,
Naing Linn(Akhayar)
www.akhayar.com