ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ စည်းမျဉ်းသစ်တွေကို မကြာခဏ ကျင့်သုံးလေ့ရှိပါတယ်။ ပွဲတစ်ပွဲမှာ အငြင်းပွားမှုတွေ လျှော့နည်းသွားဖို့ ရည်ရွယ်ချက်နဲ့ တာဝန်ရှိသူတွေက စည်းမျဉ်းစည်းကမ်းသစ်တွေကို ပြင်ဆင်ချမှတ်လေ့ရှိပြီး လာမယ့်ရာသီကျရင်လည်း စည်းမျဉ်းသစ်(၆)ခုကို အသုံးပြုသွားမှာပါ။ အဲဒါကြောင့် ၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စတင်အသုံးပြုမယ့် စည်းမျဉ်းသစ်တွေအကြောင်းကို ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ် . . .

Handballs

ပြိုင်ဘက်အသင်းဟာ ဂိုးရဖို့ တိုက်စစ်ဆင်လာတဲ့အခါ ဂိုးကန်သွင်းတဲ့ ကစားသမား ဒါမှမဟုတ် ဂိုးဖန်တီးပေးမယ့်သူရဲ့ လက်မောင်းကို မတော်တဆပဲဖြစ်ဖြစ်၊ ရည်ရွယ်ချက်ရှိရှိနဲ့ပဲဖြစ်ဖြစ် ဘောလုံးနဲ့ ထိမိခဲ့ရင် လက်ထိဘောအဖြစ် သတ်မှတ်ပေးသွားမှာဖြစ်ပါတယ်။

Free kicks

ဖရီးကစ်ကန်ခွင့်ရတဲ့အခါ ခံစစ်လူတံတိုင်းထဲကို ပြိုင်ဘက်ကစားသမားတွေ ၀င်ပြီးနေရာယူတာမျိုး လုပ်လို့ မရတော့ပါဘူး။ ပြိုင်ဘက်ကစားသမားတွေဟာ လူတံတိုင်းနဲ့ အနည်းဆုံး တစ်မီတာအကွာမှာ ရှိနေရမှာဖြစ်ပါတယ်။

Penalty kicks

ပယ်နယ်တီကန်သွင်းတဲ့အချိန်မှာ ဂိုးသမားက ဂိုးစည်းပေါ်ကို ခြေတစ်ဖက်ရပ်ရမှာဖြစ်ပါတယ်။ နောက်ပြီး ဂိုးသမားတွေဟာ ပယ်နယ်တီမကန်ခင် ဂိုးတိုင်ကို လက်နဲ့ပုတ်တာမျိုး လုပ်ခွင့်မရှိတော့ပါဘူး။

Cards for coaches

နည်းပြနဲ့ နည်းပြအဖွဲ့ဝင်တွေဟာ ဒိုင်လူကြီးကို စောဒကတက်တာမျိုး၊ ကိုယ်ထိလက်ရောက် စော်ကားတာမျိုးလုပ်မယ်ဆိုရင် ကစားသမားတွေလိုပဲ အနီကတ်၊ အ၀ါကတ်တွေ ပြသခံရတော့မှာဖြစ်ပါတယ်။

Drop balls

ကစားသမားတစ်ဦး ဒဏ်ရာအပြင်းအထန်ရလို့ဖြစ်စေ၊ အနှောင့်အယှက်တစ်စုံတစ်ခုကြောင့် ပွဲကို ခေတ္တရပ်လိုက်ရတာဖြစ်စေ ဒါမှမဟုတ် ဘောလုံးမှာ အနာအဆာရှိသည်ဖြစ်စေ ပွဲကို ခဏရပ်ပြီး ပြန်စတဲ့အခါ ဒိုင်လူကြီး ကစားသမားနှစ်ဦးအကြား ဘောလုံးကို မြှောက်ချလေ့ရှိပါတယ်။ အဲဒါကို Drop Balls လို့ ခေါ်ပြီး အခု Drop Balls ဖြစ်မယ်ဆိုရင် ဒိုင်လူကြီးက ကစားသမားနှစ်ဦးအကြား ဘောလုံးမြှောက်ချတော့မှာ မဟုတ်ဘဲ ဘောလုံးကို နောက်ဆုံးထိတဲ့အသင်းက ကန်ခွင့်ရမှာဖြစ်ပါတယ်။

Substitutions

ကစားသမားတစ်ဦး လူစားလဲခံရရင် လူစားလဲခံရမယ့်သူဟာ ကိုယ့်အသင်းအရန်ခုံတန်းဆီ လာစရာ မလိုတော့ဘဲ နီးစပ်ရာနေရာကနေ ကွင်းပြင်ကို ချက်ချင်းထွက်ရမှာဖြစ်ပါတယ်။ ဒါက လူစားလဲရင် ကစားသမားတွေ အချိန်ဆွဲတာမျိုး မဖြစ်အောင်ပါ။

လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ ကျင့်သုံးမယ့် စည်းမျဉ်းသစ်(၆)ချက်စလုံးဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသုံးပြုမယ့် စည်းမျဉ်းသစ်(၉)ခုထဲက အချက်တွေနဲ့ တူညီနေတာက ထူးခြားချက်ပါပဲ။ ဒီစည်းမျဉ်းသစ်တွေအပြင် ၂၀၁၉-၂၀ ပရီးမီးယားလိဂ်ရာသီမှာ ရုပ်သံအကူဒိုင်စနစ် (VAR)ကိုလည်း ကျင့်သုံးသွားမှာဖြစ်လို့ အငြင်းပွားစရာဖြစ်ရပ်တွေ လျော့နည်းသွားမလားဆိုတာ စိတ်ဝင်စားစရာပါပဲ . .

REF:talksport
Photo:ESPN,The Samford Crimson,Wall Street Journal,You Tube,
Naing Linn(Akhayar)
www.akhayar.com