ဥရောပမှာ အောင်မြင်မှုအများဆုံး အင်္ဂလန်ကလပ် လီဗာပူးလ်နဲ့ လာလီဂါထိပ်သီး ဘာစီလိုနာအသင်းတို့ဟာ ဒီရာသီ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ ဆုံတွေ့နေကြပါပြီ။ မက်ဆီ Lionel Messi ဦးဆောင်တဲ့ ဘာစီလိုနာအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့အသင်းဖြစ်သလို လီဗာပူးလ်အသင်းကလည်း MSF တိုက်စစ်အတွဲနဲ့ ချန်ပီယံလိဂ်ဖလား ရယူဖို့ ပစ်မှတ်ထားနေတာကြောင့် အကြိတ်အနယ်ရှိမယ့်ပွဲတစ်ပွဲလို့ ပြောရမှာပါ။ လက်ရှိဘာစီလိုနာအသင်းရဲ့ ခြေစွမ်း၊ ကစားသမားစုဖွဲ့မှုအရ လီဗာပူးလ်အသင်း မလွယ်လောက်ဘူးလို့ ထင်ရပေမယ့်လည်း မှတ်တမ်းမှတ်ရာတွေအရ လီဗာပူးလ်အသင်း ဘာစီလိုနာကို ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်ချက်ရှိနေပါသေးတယ်။

အဲဒါကတော့ ဘာစီလိုနာအသင်း အိမ်ကွင်းမှာ ပရီးမီးယားလိဂ်ကလပ်တွေနဲ့ (၄၁)ပွဲဆုံတွေ့ခဲ့ပြီး သူတို့ကို အနိုင်ကစားခဲ့တဲ့ တစ်သင်းတည်းသောကလပ်က လီဗာပူးလ်ဖြစ်နေတာပါပဲ။ နူးကမ့်မှာ လီဗာပူးလ်အသင်းဟာ ဘာစီလိုနာကို (၂)ကြိမ်တိုင်တိုင် အနိုင်ရခဲ့တာပါ။ ပထမဆုံးအကြိမ်အနိုင်ရခဲ့တာက ၁၉၇၆ UEFA ဖလား (ယူရိုပါလိဂ်) ဆီမီးဖိုင်နယ်မှာဖြစ်ပြီး အဲဒီတုန်းက လီဗာပူးလ်နာမည်ကျော်တိုက်စစ်မှူး ဂျွန်တိုရှက် John Toshack ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒုတိယအကြိမ်ကတော့ ၂၀၀၇ ချန်ပီယံလိဂ် ရှုံးထွက်(၁၆)သင်းအဆင့်မှာ (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပြီး လီဗာပူးလ်အသင်းအတွက် ဂိုးတွေကို ဘယ်လာမီ Craig Bellamy နဲ့ ရစ္စ John Arne Riise တို့က သွင်းယူခဲ့တာပါ။ အဲဒီပွဲမှာ အသက်(၁၉)နှစ်အရွယ်သာရှိသေးတဲ့ မက်ဆီကို လီဗာပူးလ်ဝါရင့်နောက်ခံလူ အာဘီလိုအာ Alvaro Arbeloa က လှုပ်လို့မရအောင် လူကပ်ကစားသွားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မက်ဆီဟာ လက်ရှိအချိန်အထိ ချန်ပီယံလိဂ်ရှုံးထွက်အဆင့် အိမ်ကွင်းပွဲပေါင်း (၃၂)ပွဲကစားခဲ့တာမှာ (၂၂)ပွဲနိုင်၊ (၈)ပွဲသရေ၊ (၁)ပွဲရှုံးခဲ့ပြီး ရှုံးနိမ့်ခဲ့တာကလည်း လီဗာပူးလ်ကိုပါပဲ။

လီဗာပူးလ်နဲ့ ဘာစီလိုနာအသင်းတို့ဟာ ဥရောပပြိုင်ပွဲတွေမှာ စုစုပေါင်း (၈)ကြိမ်ဆုံတွေ့ခဲ့ပြီး လီဗာပူးလ်က (၃)ပွဲနိုင်၊ ဘာစီလိုနာက (၂)ပွဲနိုင်၊ (၃)ပွဲသရေကျခဲ့တယ်။ နောက်ထပ်အားသာချက်က နူးကမ့်ကွင်းမှာ (၄)ကြိမ်ဆုံတွေ့ခဲ့ပြီး လီဗာပူးလ်အသင်းက တစ်ပွဲမှ မရှုံးခဲ့ဘဲ (၂)ပွဲနိုင်၊ (၂)ပွဲသရေကျခဲ့တာပဲဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ လာမယ့်မေလ(၁)ရက်ကျရင် ဘာစီလိုနာနဲ့နူးကမ့်ကွင်းမှာ ဆီမီးဖိုင်နယ်ပထမအကျော့ ရင်ဆိုင်ရမှာဖြစ်ပြီး မှတ်တမ်းကောင်းတွေ ဆက်ထိန်းနိုင်မလားဆိုတာကတော့ . . .

REF:liverpoolecho
Photo:The Anfield Wrap,Goal,
Naing Linn(Akhayar)
www.akhayar.com