ဘောလုံးသမား တစ်ဦးတစ်ယောက်ချင်းစီမှာ မထင်မှတ်လောက်အောင် အယူသည်းတာ၊ ဇီဇာကြောင်တာလေးတွေ ရှိပါတယ်။ တချို့အယူသည်းတာတွေက ရယ်ဖို့တောင်ကောင်းပါတယ်။ အခုလည်း ရီးယဲလ်အသင်းရဲ့ ဂျာမနီနာမည်ကျော်ကွင်းလယ်လူ တိုနီကရူးစ် Toni Kroos ရဲ့ အယူသည်းတဲ့ကိစ္စတစ်ခုကို ပရိသတ်တွေ သိရှိနိုင်အောင် ဖောက်သည်ချချင်ပါတယ်။ တိုနီကရူးစ် ကစားခဲ့တဲ့ပွဲတွေကို ပြန်ကြည့်ရင် ထူးခြားချက်တစ်ခုကို ပရိသတ်တွေ သတိထားမိရဲ့လား။ တခြားတော့မဟုတ်ပါဘူး။ တိုနီကရူးစ်ဟာ ဖိနပ်ဒီဇိုင်းတစ်ခုတည်းကိုပဲ စွဲစွဲမြဲမြဲဝတ်ဆင်ကစားနေတာကိုပါ။

တိုနီကရူးစ် ၀တ်ဆင်တာက Adidas က ထုတ်တဲ့ Adipure 11Pro အဖြူ၊ အပြာနဲ့ အမည်းကြား ဒီဇိုင်းဖြစ်ပါတယ်။ အဲဒီ ဖိနပ်ဒီဇိုင်းကို ၂၀၁၃-၁၄ ရာသီက စပြီး တိုနီကရူးစ်က စွဲစွဲလမ်းလမ်း ၀တ်ဆင်နေတာပါပဲ။ ဒါပေမဲ့ အဲဒီ Adipure 11Pro ဒီဇိုင်းနဲ့ဖိနပ်ကို ဆိုင်တွေမှာ သွားဝယ်ဖို့တော့ မကြိုးစားလိုက်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ Adidas ကုမ္ပဏီက အဲဒီ ဒီဇိုင်းကို ၂၀၁၄ ခုနှစ်ကတည်းက မထုတ်တော့ပါဘူး။ ဘာအကြောင်းကြောင့် အဲဒီ ဒီဇိုင်းကို တိုနီကရူးစ်တစ်ယောက် စွဲစွဲလန်းလန်ဖြစ်နေရတာလဲ။ သူက အခုလိုရှင်းပြခဲ့တယ်။ “ဘောလုံးကွင်းထဲမှာ ကျွန်တော်ခြေချပြီဆိုရင် အရေးကြီးဆုံးက ဘောကန်ဖိနပ်တွေပါပဲ။ အဖြူရောင်ဒီဇိုင်းနဲ့ ဖိနပ်ကိုပဲ ကျွန်တော် ၀တ်ဆင်လေ့ရှိပြီး အဲဒါက ကျွန်တော့်ရဲ့ အယူသည်းမှုတစ်ခုဖြစ်ပါတယ်။ ဖိနပ်မှာ နည်းနည်းလေး ညစ်ပတ်နေရင်တောင် စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ အဲဒါကြောင့် ကျွန်တော့်ဖိနပ်တွေကို အမြဲတမ်းကိုယ်ကိုယ်တိုင် သန့်ရှင်းရေးလုပ်တာပါ။ တချို့ကတော့ ကျွန်တော့်ကို ရူးနေပြီလို့ ထင်ကြပါသေးတယ်။ ဒါပေမဲ့ ကိုယ့်ခြေထောက်ကို ကိုယ်ပြန်ကြည့်ရင် အဖြူရောင်ဘောကန်ဖိနပ်ကိုပဲ အမြဲမြင်ချင်ပါတယ်။ မဟုတ်ရင် ကျွန်တော် စိတ်ထဲမှာ တမျိုးကြီးပါပဲ”လို့ ဆိုပါတယ်။ ရီးယဲလ်အသင်းကို စပြောင်းတော့ မိတ်ဆက်ပွဲအခမ်းအနားမှာ အပြာရောင်ဖိနပ်ကို ၀တ်ဆင်ခဲ့ပေမယ့် ပွဲကစားချိန်တိုင်းမှာ ဒီဖိနပ်ကိုပဲ အမြဲဝတ်ဆင်ကစားခဲ့ပါတယ်။

တိုနီကရူးစ်ရဲ့ အယူသည်းမှုကြောင့် Adidas ကုမ္ပဏီက အဲဒီ Adipure 11Pro ကို သူ့တစ်ယောက်တည်းအတွက် ပစ္စည်းဆက်ထုတ်ပေးနေရတဲ့အထိပါပဲ။ Adidas ကုမ္ပဏီဟာ တိုနီကရူးစ်ကို ဘာလို့ ဒီလောက်အထိ အရေးပေးရလဲဆိုတာတော့ အကြောင်းရင်းသေသေချာချာ မသိပါဘူး။ သူနဲ့ ကြီးမားတဲ့ ပုဂ္ဂိုလ်ရေး ခင်မင်မှုတွေ ရှိလို့လား၊ ဒါမှမဟုတ် Adidas ကုမ္ပဏီကလည်း ဂျာမနီနိုင်ငံကဖြစ်နေတာကြောင့် တိုနီကရူးစ်ကို အရေးပေးတာကြောင့်လား၊ နောက်တစ်ခုက Adidas ကုမ္ပဏီဟာ တိုနီကရူးစ်ရဲ့ အသင်းဟောင်း ဘိုင်ယန်မြူးနစ်ရဲ့ ရှယ်ယာအဖွဲ့ဝင်ဖြစ်နေတာကြောင့်လား . တစ်ခုခုတော့ရှိပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်ပါ တိုနီကရူးစ်ရဲ့ အယူသည်းမှု၊ ဇီဇာကြောင်မှုက တွေးကြည့်ရင် ရယ်စရာဖြစ်ပေမယ့် ကျွန်တော်တို့အပါအ၀င် လူတစ်ယောက်ချင်းစီမှာ အဲဒီလိုအကျင့်စရိုက်တွေ တစ်ခုမဟုတ်တစ်ခုတော့ ရှိနေကြတာပဲ မဟုတ်ပါလား . .

REF:Oh My Goal
Photo:metro,Pinterest,CNN,Managing Madrid,
Naing Linn(Akhayar)
www.akhayar.com