လူတိုင်း ဘ၀မှာ တစ်ခါလောက်တော့ အရေးပေါ်အခြေအနေကို ကြုံတွေ့ဖူးကြမှာပါ။ ကိုယ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့အရေးပေါ်မျိုးမဟုတ်ရင်တော့ ကိစ္စမရှိပေမယ့် တစ်ခါတလေ ကျန်းမာရေးကြောင့် လမ်းမှာ ရုတ်တရက် မူးလဲတာကစလို့ တစ်ယောက်တည်း ရင်ဆိုင်ရတဲ့အရေးပေါ်ကိစ္စတွေလည်း ရှိလာနိုင်ပါတယ်။ သူစိမ်းတွေအလည်မှာ တစ်ယောက်တည်းဒုက္ခရောက်တဲ့အခါ အကူအညီရယူဖို့အတွက်လည်း လိုအပ်တဲ့ပြင်ဆင်မှုတွေကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ သဘာဝကပ်ဘေးကစလို့ တစ်ကိုယ်ရည်ပြဿနာတွေအထိ အရေးကြုံလာတဲ့အခါ အဆင်သင့်ဖြစ်စေဖို့အတွက်ပါ။

Fingerprint ပါတဲ့ဖုန်းကို ရွေးချယ်ကိုင်ပါ

အခုနောက်ပိုင်း နည်းပညာတွေတိုးတက်လာတာနဲ့အမျှ ဖုန်းတွေတိုင်းမှာလိုလို လက်ဗွေစနစ်ကို အသုံးပြုပြီး ဖုန်းဖွင့်လို့ရတဲ့ Fingerprint တွေ ပါလာတတ်ကြပါတယ်။ လူတော်တော်များများက ကိုယ့်ရဲ့ဖုန်းကို သူများတွေအသုံးပြုလို့မရအောင် Password ခံထားတတ်ကြတော့ ရုတ်တရက် ဒုက္ခရောက်တဲ့အခါ ပတ်ဝန်းကျင်က မိသားစုကို ဖုန်းဆက်ပေးဖို့အရေး ခက်ခဲ့ကြပါတယ်။ Fingerprint ပါတဲ့ဖုန်းဆိုရင်တော့ ကိုယ် သတိလစ်နေရင်တောင်မှ ကိုယ့်ရဲ့ လက်ညှိုးကို ယူထောက်လိုက်တာနဲ့ ဖုန်းပွင့်သွားမှာဆိုတော့ ပတ်ဝန်းကျင်က နီးစပ်ရာကိုဖုန်းဆက်ပြီး ကူညီပေးလို့ရပါလိမ့်မယ်။ ကိုယ့်ရဲ့ဖုန်းမှ Fingerprint မပါဘူးဆိုရင်တော့ အရေးကြုံရင် ဖုန်း Password ဖွင့်ဖို့ ရေးသားထားပြီး Password လေးပါတဲ့စာရွက်လေးကို ပိုက်ဆံအိတ်ထဲ ဒါမှမဟုတ် ဖုန်းကာဗာအနောက်ထဲ ထည့်ထားပေးပါ။

အရင်းနှီးဆုံးသူရဲ့ Business Card ကို အိတ်ထဲဆောင်ထားပါ

နောက်တစ်နည်းကတော့ ဘယ်သွားသွားယူသွားလေ့ရှိတဲ့ ပိုက်ဆံအိတ်ထဲမှာ ကိုယ့်ရဲ့ အရင်းနှီးဆုံးသူရဲ့ Business Card ကို ထည့်ယူသွားပါ။ တခြား Business Card တွေကို တခြားနေရာမှာပဲ သိမ်းဆည်းထားပြီး ပိုက်ဆံအိတ်ထဲမှာတော့ ကိုယ့်ရဲ့ Business Card နဲ့ ကိုယ့်ရဲ့ ခင်ပွန်း ဒါမှမဟုတ် မိသားစုထဲက တစ်ယောက်ယောက်ရဲ့ Business Card ကိုပဲ ထည့်ထားပါ။ ဖုန်းက အရေးကြုံမှ အသုံးပြုလို့မရနိုင်ဘူးဆိုရင် ဘေးပတ်ဝန်းကျင်က အရင်ဆုံး ပိုက်ဆံအိတ်ကို ဖွင့်ကြည့်ပါလိမ့်မယ်။ ပိုက်ဆံအိတ်ထဲမှာ ကိုယ်ဘယ်သူလဲဆိုတာ သိနိုင်တဲ့ ကိုယ့်ရဲ့ Business Card နဲ့ ဆက်သွယ်ပေးလို့ရတဲ့သူတစ်ယောက်ယောက်ရဲ့ Business Card ကို အမြဲဆောင်ထားသင့်ပါတယ်။

မိသားစုဝင်တွေရဲ့ ဖုန်းနံပါတ်ကို အလွတ်ကျက်ထားပါ

အခုနောက်ပိုင်း နည်းပညာတိုးတက်လာတာတော့ ကောင်းပါရဲ့။ ဖုန်းရဲ့ Contact ထဲမှာ ဖုန်းနံပါတ်တွေ အလွယ်မှတ်လို့ရလာလေလေ၊ ဖုန်းနံပါတ်တွေကို အရင်တုန်းကခေတ်လို အလွတ်မရတော့လေလေပါပဲ။ ဒီတော့ အနည်းဆုံး ကိုယ့်မိဘရဲ့ ဖုန်းနံပါတ်ကိုတော့ အလွတ်ရအောင် ကျက်ထားပါ။ ဖုန်းကလည်း သုံးစားလို့မရတဲ့အခါ တစ်ယောက်ယောက်ဆီ ဖုန်းဆက်မှဖြစ်မယ်ဆိုတဲ့အရေးပေါ်အချိန်ကြရင် ဖုန်းနံပါတ်က အလွတ်မရလို့ ဒုက္ခရောက်နေပါဦးမယ်။

သတိပေးဖို့ Emergency App တွေ ထည့်ထားပါ

ခေတ်ကြီးက မကောင်းတော့တာနဲ့အမျှ ပြန်ပေးဆွဲတာတွေ၊ မုဒိမ်းကျင့်ပြီးလူသတ်တာတွေကလည်း များလာပါတယ်။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ တစ်ခုခုမှားနေပြီလို့ ခံစားရတဲ့အခါတိုင်း လှမ်းအချက်ပေးလို့ရတဲ့ နောက်ပြီး Location ပါ Share ပေးလို့ရတဲ့ အရေးပေါ်သုံး Emergency App တစ်ခုခုကို ဖုန်းထဲထည့်ထားပါ။ ပြီးတော့ Trusted Contact ဖြစ်တဲ့ မိသားစုဝင်တွေကိုလည်း ဒီ App ရဲ့ အလုပ်လုပ်ပုံကို သင်ကြားပေးထားပြီး တစ်ခုခုကြုံရင် လှမ်းအကူအညီတောင်းခံမယ့်အကြောင်း၊ ဘယ်လိုကူညီလို့ရတယ်ဆိုတဲ့အကြောင်းကိုပါ မဖြစ်ခင်ကတည်းက ကြိုတင်ပြင်ဆင်ထားလိုက်ပါ။ ဒါပေမယ့် စိတ်မကောင်းပါဘူး။ မြန်မာနိုင်ငံမှာတော့ ဒီလိုအရေးပေါ်အခြေအနေတွေကို ကူညီပေးနိုင်တဲ့ အရေးပေါ် Emergency App ကောင်းကောင်းမရှိသေးပါဘူး။ လက်ရှိမှာတော့ မြန်မာနိုင်ငံက ရေးဆွဲထားတဲ့ ခရာ ဆိုတဲ့ App လေးတော့ ရှိနေပါပြီ။

လျှို့ဝှက်တတ်တဲ့စိတ်ကို လျော့ပါ

အပြင်သွားလိုက်တယ်။ အိမ်ကတောင် ဘယ်သွားမှန်း မသိလိုက်ဘူး။ ဒီလိုအကျင့်တွေက အကျင့်ဆိုးတွေပါ။ တစ်ခုခုဖြစ်ပြီဆိုရင် ဘယ်ကိုလိုက်ရမှန်းမသိ၊ ဘယ်မှာစုံစမ်းရမှန်းမသိနဲ့ ဒုက္ခရောက်ပါလိမ့်မယ်။ အခင်ဆုံးသူငယ်ချင်းတွေအကြောင်း မိသားစုကို သိထားပါစေ။ သွားတဲ့နေရာအကြမ်းဖျဉ်းလေးတော့ ပြောသွားပါ။ လိမ်ညာပြီး အပြင်ထွက်မယ့်အစား ယုံကြည်မှုရယူပြီး မှန်ကန်စွာ အပြင်သွားပါ။ ဒီအလေ့အထဟာ ဒုက္ခရောက်နိုင်ချေကို (၅၀) ရာခိုင်နှုန်း တားဆီးပေးပါလိမ့်မယ်။ အရေးအကြောင်းကြုံလာရင် မိသားစုအပြင် ယုံကြည်အားကိုးစရာမရှိပါဘူး။ လျှို့ဝှက်ထားတယ်ဆိုတာလည်း နေရာတကာ မကောင်းပါဘူး။

ကဲ ဒီတော့ ဘာမှစိတ်မချရတဲ့ဒီဘက်ခေတ်ကြီးမှာ အိမ်အမိုးအောက်က ထွက်သွားပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကိုယ် လုံခြုံမှုရှိအောင် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်နော်။ ဘာအတွက်ပဲဖြစ်ဖြစ် ဘေးကင်းသော ပျော်ရွှင်မှုနဲ့ ဘေးကင်းသောတစ်နေ့တာကို ပိုင်ဆိုင်နိုင်ကြပါစေနော်။ ခုနက ပြောခဲ့တာတွေကိုလည်း မေ့မနေကြနဲ့ဦး။ ကြိုတင်ပြင်ဆင်သွားကြပါ။

(Photo Credit)

Moethaesay (Akhayar)

www.akhayar.com