ဧပြီလ(၁)ရက်နေ့  April Fools Day ဟာ Roman Festival of Hilaria နဲ့ Medieval Festival တို့ကနေဆင်းသက်လာတယ်လို့ဆိုကြသလို ၁၅၀၀ ပြည့်နှစ်များဆီက ပြင်သစ်နိုင်ငံမှာ နှစ်သစ်ကူးရက်ကို မတ်လ၃၁ကနေ ဇန်နဝါရီ ၁ ရက်နေ့ကို ပြောင်းရွှေ့ခဲ့တဲ့အတွက် Fool Day ရယ်လို့နာမည်တပ်ခဲ့ကြတယ်လို့ဆိုကြပါတယ်။ တကယ်တော့ April Fools ရဲ့သမိုင်းကြောင်းဟာ အနည်းငယ်ရှုပ်ထွေးမှုန်ဝါးနေပါတယ်။ ဘာကြောင့်ဒီလိုနေ့ဖြစ်လာတယ်ဆိုတာ တိကျတဲ့သမိုင်းကြောင်းတော့ မရှိပါဘူး။

၁၉ ရာစုနှစ်မှာတော့ ဥရောပနဲ့မြောက်အမေရိကနိုင်ငံတွေမှာ ဧပြီလ ၁ ရက်နေ့ကို ကလေးများနေ့အဖြစ်သတ်မှတ်ခဲ့ပါတယ်။ အဲဒီရက်မှာ ကလေးတွေဟာ စိတ်ထဲရှိသလို ဟာသတွေလုပ်ကြ လူကြီးတွေကိုစနောက်ကြတဲ့နေ့ဖြစ်ခဲ့ပါတယ်။ အဲဒီနေ့မှာ လန်ဒန်နဲ့နယူးယော့ခ်ရဲ့ လမ်းမတွေထက်မှာ လုပ်ချင်ရာလျှောက်လုပ်တဲ့ လက်ကမြင်းတဲ့ လေလွင့်ကလေးငယ်တွေနဲ့ပြည့်နေတတ်တယ်လို့ သိရပါတယ်။

၂၀ ရာစုနှစ်မှာတော့ April Fools နေ့မှာ ဆန်းသစ်တဲ့ အပြောင်အပြက်ကာတွန်းလေးတွေကို ဂျာနယ်စာစောင်တွေပေါ်မှာ စတင်ဖော်ပြခဲ့ကြပါတယ်။ ၂၁ ရာစုမှာတော့ အပြင်မှာသာမက လူမှုကွန်ရက်ပေါ်မှာပါ April Fools နဲ့ပတ်သက်တဲ့ ဟာသဓာတ်ပုံ ၊ စာ ၊ ဗီဒီယို တွေပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။ ပိုပြီးတွင်ကျယ်လာခဲ့တယ်လို့ပြောရမှာပါ။

April Fools မှာဘယ်လိုစနောက်သည်ဖြစ်ပါစေ တစ်ဖက်သားထိခိုက်အောင် တစ်ခုခုဆုံးရှုံးသွားအောင် စနောက်လို့မရပါဘူး။ April Fools ဆိုတာကိုခိုင်ခိုင်မာမာဖြစ်အောင် လုပ်ခဲ့တဲ့ဖြစ်ရပ်တွေကိုပြောပြရရင်-

၁၉၅၇ ခုနစ် ဧပြီလ ၁ ရက်နေ့မှာ BBC ကနေ စပါဂတီပင်ကြီးဆိုပြီး သစ်ပင်ပေါ်ကနေစပါဂတီတွေ တွဲလောင်းကျနေပုံ စပါဂတီတွေကိုခူးဆွတ်နေကြပုံကို April Fools အထိမ်းအမှတ်နဲ့ဖော်ပြခဲ့ပါတယ်။

april fool

၁၉၆၂ ခုနစ် ဧပြီလ ၁ ရက်နေ့မှာ ဆွီဒင်ရဲ့ SVT ရုပ်သံကနေ အဖြူအမည်းတီဗီကို ကာလာတီဗီအဖြစ် ပြောင်းလဲနိုင်ပြီလို့ မိတ်ဆက်ပြသခဲ့ပါတယ်။ တကယ်တော့ ဟာသအနေနဲ့ အရောင်ရှိတဲ့နိုင်လွန်ခြေအိတ်ကို တီဗီ Screen ပေါ်မှာ ဆွဲဖုံးပြခဲ့တာဖြစ်ပါတယ်။

april fool

၂၀၀၈ ခုနစ် ဧပြီလ ၁ ရက်နေ့မှာတော့ BBC ကနေ ပျံနေတဲ့ပင်ဂွန်းဗီဒီယိုလေးကို တင်ဆက်ပါတယ်။ တကယ်တော့ ဒါက April Fools လုပ်တဲ့ Animation သက်သက်ဖြစ်ပါတယ်။

Flying penguins

၁၉၉၈ ခုနစ် ဧပြီလ ၁ ရက်နေ့မှာတော့ Burger King ကနေ ဘယ်သန်များအတွက်အထူးတီထွင်လိုက်တဲ့ ဘာဂါဆိုပြီးကြော်ငြာတစ်ခုကို သတင်းစာထဲမှာ စာမျက်နှာအပြည့်ထည့်ပါတယ်။ ဘယ်သန်တွေအတွက်တီထွင်လိုက်တဲ့ဘာဂါမှာ ထူးခြားမှုအနေနဲ့ ဘာဂါထဲကအဆာပလာတွေကို ၁၈၀ ဒီဂရီပတ်ပတ်လည် မြင်ရစေဖို့ထည့်ထားပေးတယ်လို့ ဆိုပါတယ်။ ဒီကြော်ငြာကြောင့် Customer တော်တော်များများက ရိုးရိုးဘာဂါထက်ဒီဘာဂါကိုပြောင်းလဲမှာသူထောင်ချီရှိခဲ့ပြီး ညာသန်သမားများအတွက်လည်း သီးသန့်ဘာဂါလုပ်ဖို့တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

april fool

ဧပြီလ ၁ ရက်နေ့ဟာ တရားဝင်သတ်မှတ်ထားတဲ့ အထိမ်းအမှတ်ရက်တစ်ရက် မဟုတ်ပေမဲ့ April Fools Day အဖြစ်နဲ့တော့ ကမ္ဘာ့နိုင်ငံအနှံ့မှာ ဆင်နွှဲကြပါတယ်။ အခုဆိုရင်တော့ April Fools နေ့ကပျော်စရာ ရင်ခုန်စရာတွေနဲ့ ပြည့်နှက်နေတဲ့နေ့တစ်နေ့ဖြစ်လာသလို အဲဒီနေ့နဲ့ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွေ တခြားသောဖန်တီးမှုတွေအများကြီးကို တွေ့မြင်နေကြရပါပြီ။

ကဲ…April 1 ရက်နေ့ ဘာပြောပြော ဘာလုပ်လုပ် သတိလေးထားပြီး ချင့်ချိန်ယုံကြနော်…:D

ဂျူဂျူး(အခရာ)

www.akhayar.com