ဘောလုံးပွဲစဉ်တွေမှာ ဟက်ထရစ်သွင်းယူနိုင်ဖို့ဆိုတာ တကယ့်ကို ခက်ခဲတဲ့ အရာတစ်ခုပါပဲ။ ညာခြေ ၊ ဘယ်ခြေ ပြီးတော့ ဦးခေါင်း ဒီအရာတွေကို သုံးပြီး ပွဲတစ်ပွဲတည်းမှာ ဟက်ထရစ်သွင်းယူနိုင်ရင်လည်း ပြီးပြည့်စုံတဲ့ ဟက်ထရစ်လို့ ယူဆထားကြပါတယ်။ ဒီလိုမျိုး အနေအထားတွေရှိပေမယ့် ခေါင်းတိုက်ဂိုးတွေနဲ့ပဲ ဟက်ထရစ်ယူသွားတယ်ဆိုတာကတော့ တော်တော်လေးကို အံအားသင့်စရာပါ။ ဒီ အခြေအနေမျိုးဟာ ရှိတော့ရှိတယ်။ ဒါပေမယ့် ရှားတယ်လို့ပဲ ပြောရပါလိမ့်မယ်။ အခု ဒီ Article မှာတော့ ခေါင်းတိုက်ပြီး ဟက်ထရစ်သွင်းယူခဲ့ကြတဲ့ ကစားသမားများ (၁)ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Huntelaar 

အေဂျက်စ်အသင်းရဲ့ တိုက်စစ်မှူး ဟန်တယ်လာ Huntelaar  ဟာ ခေါင်းတိုက်ပြီး ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးပဲဖြစ်ပါတယ်။ ဒီလို အံအားသင့်စရာ စွမ်းဆောင်ရည်ကိုတော့ ဟန်တယ်လာ ဟာ ၂၀၀၇ ခုနှစ်တုန်းက အေဂျက်စ်အသင်းက De Graafschap အသင်းကို ( ၈ – ၁ )နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ စွမ်းဆောင်နိုင်ခဲ့တာပါ။ အဲဒီပွဲစဉ်မှာ အေဂျက်စ်အသင်းရဲ့ တိုက်စစ်ကစားပုံဟာ အကောင်းဆုံးမှာရှိခဲ့ပြီး De Graafschap အသင်းဘက်ကို တစ်ချိန်လုံးတိုက်စစ်ဆင်ကစားနိုင်ခဲ့ပါတယ်။ ဒီဂိုးပြတ်နိုင်ပွဲမှာတော့ တိုက်စစ်မှူး ဟန်တယ်လာ ဟာ တစ်ဦးတည်း(၄)ဂိုးသွင်းယူနိုင်ခဲ့ပြီး ခေါင်းတိုက်ဂိုး(၃)ဂိုး ၊ ပယ်နယ်တီက(၁)ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။

Huntelaar ရဲ့ ခေါင်းတိုက် ဟက်ထရစ်ကြည့်ရန်လင်ခ့်

Cavani

လက်ရှိ PSG အသင်းရဲ့ တိုက်စစ်မှူး ကာဗာနီ Cavani ဟာလည်း ဒီစာရင်းထဲမှာ ပါဝင်နေပါတယ်။ ကာဗာနီ ဟာ ဒီလိုမျိုးစွမ်းဆောင်ရည်ကို စီးရီးအေကလပ် နာပိုလီအသင်းမှာ ကစားတုန်းကပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကာဗာနီ ခေါင်းတိုက်ပြီး ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ အသင်းကလည်း စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းဖြစ်တာကြောင့် သူ့အတွက်တော်တော်လေးကို ချိုမြိန်တဲ့ အမှတ်တရတစ်ခုဖြစ်မှာ သေချာပါတယ်။ ၂၀၁၁ ခုနှစ်တုန်းက ကစားခဲ့တဲ့ အဲဒီ စီးရီးအေပွဲစဉ်မှာ ကာဗာနီ ဟာ တောင်ပံကနေ တိုက်စစ်ကို ဖြတ်တင်ပြီး ပံပိုးပေးတဲ့ ဘောလုံးတိုင်းကို အကောင်းဆုံး အသုံးချနိုင်ခဲ့သလို သူ့ရဲ့ကောင်းမွန်တိကျတဲ့ ခေါင်းတိုက်စွမ်းရည်ကိုလည်း ပြသနိုင်ခဲ့ပါတယ်။

Cavani ရဲ့ ခေါင်းတိုက်ဟက်ထရစ် ကြည့်ရန်လင်ခ့်

Klose

ကလိုဆေး Klose လို့ ပြောလိုက်တာနဲ့ ခေါင်းတိုက် စွမ်းရည်ကောင်းတဲ့ ဂျာမနီတိုက်စစ်မှူးဆိုတာ အားလုံးအသိပါပဲ။ လက်ရှိအချိန်ထိ သွင်းဂိုး(၁၆)ဂိုးနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်း တစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတဲ့ ကလိုဆေးဟာ ၂၀၀၂ ၊ ၂၀၀၆ ၊ ၂၀၁၀ နဲ့ ၂၀၁၄ ကမ္ဘာ့ဖလား (၄)ကြိမ်ဆက် ကစားခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အမြဲလိုလို ခြေစွမ်းပြလေ့ရှိတဲ့ တိုက်စစ်မှူးတစ်ဦးပဲဖြစ်ပါတယ်။ ကလိုဆေး ခေါင်းတိုက်ပြီး ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့  ပွဲစဉ်ကတော့ ၂၀၀၂ ကမ္ဘာ့ဖလား ဆော်ဒီအာရေဗျကို ( ၈ – ၀ )နဲ့ အနိုင်ရရှိခဲ့တဲ့ အုပ်စုပွဲစဉ်မှာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဂျာမနီအသင်းရဲ့ ခေါင်းတိုက်စွမ်းရည်ဟာ ပရိသတ်တွေကြား ပြောစမှတ်တွင်တဲ့ အရာတစ်ခုဖြစ်ခဲ့ပြီး (၂)သင်းကြား ကွာခြားချက်ကြီးမားလွန်းတာကြောင့်လည်း တိုက်စစ်ပိုင်းမှာ ကလိုဆေး လုပ်သမျှဖြစ်ခဲ့ပါတယ်။

Klose ရဲ့ ခေါင်းတိုက် ဟက်ထရစ်ကြည့်ရန်လင်ခ့်

အခု ပရိသတ်တွေအတွက် ခေါင်းတိုက်ပြီး ဟက်ထရစ်သွင်းယူခဲ့ကြတဲ့ ကစားသမားများ အပိုင်း(၁)ကို ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ အပိုင်း(၂)ကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်လို့ ဆက်လက်စောင့် မျှော်အားပေးကြပါဦး …

Ref: Sokkaa.com
Photo:  DFB – Deutscher Fußball-Bund eV , Rapscurity – WordPress.com ,Samp News 24
Ko Kyue(Akhayar)
www.akhayar.com