Apple Cider Vinegar က အကျိုးများလို့ လူတိုင်းလိုလို အိမ်မှာမရှိမဖြစ်ဝယ်ထားပြီး အိမ်သုံးဆေးဝါးတစ်လက်အဖြစ် အသုံးပြုနေကြပါတယ်။ ကျွမ်းကျင်သူများရဲ့အဆိုအရ Apple Cider က အစာအိမ်အောင့်ခြင်းကို ကုသနိုင်ခြင်း၊ ဝက်ခြံတွေကိုကုသနိုင်ခြင်း၊ ကြို့ထိုးခြင်းတွေ ပျောက်အောင်ပြုလုပ်နိုင်ခြင်းအပြင် ဝိတ်လျော့တဲ့အခါမျိုးမှာလည်း အသုံးပြုပေးနိုင်ပါတယ်။ ဒီလိုကျန်းမာရေးအတွက်ကော အလှအပအတွက်ပါ ဘက်စုံအသုံးပြုလို့ရတဲ့ Apple Cider က တကယ်ကော အကျိုးများရဲ့လားဆိုတာကို ရှာဖွေစူးစမ်းလေ့လာကြည့်တဲ့အခါ သူရဲ့မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သုတေသနပြုချက်တွေအရ Apple Cider Vinegar က သွားတွေရဲ့အပေါ်ယံကြွေလွှာတွေကို တိုက်စားပစ်နိုင်တဲ့အကြောင်းကို Healthline အစီရင်ခံစာတွေမှာ ဖော်ပြထားတာတွေ့ရပါတယ်။ Soft Drink တွေနဲ့ အသီးဖျော်ရည်တွေလိုမျိုး အက်ဆစ်ဓာတ်ပါဝင်တဲ့ သောက်သုံးစရာတွေကို သိပ္ပံပညာရှင်တွေက လေ့လာဆန်းစစ်ကြည့်တဲ့အခါ Apple Cider Vinegar လိုမျိုး ရှာလကာရည်တွေမှာ တွေ့ရလေ့ရှိတဲ့ Acetic Acid တွေဟာ အဆိုပါဖျော်ရည်တွေမှာ ပါဝင်နေပါတယ်။ အဆိုပါအက်စစ်ဓာတ်က သွားတွေရဲ့ အပေါ်ယံကြွေလွှာတွေကို ထိခိုက်ပျက်စီးစေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ထင်မြင်ယူဆခဲ့ကြပါတယ်။

အံဆုံးသွားရဲ့အပေါ်ယံကြွေလွှာတွေပေါ်မှာ PH Level ၂.၇ ကနေ ၃.၉ အထိရှိတဲ့ အမျိုးမျိုးသော ရှာလကာရည်နမူနာတွေကိုတင်ကာ လေ့လာမှုတွေ ပြုလုပ်ခဲ့ကြတဲ့အခါ စမ်းသပ်ပြီး လေးနာရီအကြာမှာ ရှာလကာရည်က သွားထဲမှာရှိတဲ့ တစ်ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းသော သတ္တုဓာတ်တွေကို ဖယ်ရှားပစ်လိုက်တယ်လို့ ၂၀၁၂ ခုနစ်တုန်းကပြုလုပ်ခဲ့တဲ့ သုတေသနတွေမှာ ဖော်ပြထားပါတယ်။

Apple Cider Vinegar က သွားရဲ့အပေါ်ယံကြွေလွှာတွေကို ပျက်ဆီးစေနိုင်တဲ့အတွက်ကြောင့် ဒီလို Vinegar မျိုးကို လုံးဝမမှီဝဲရတော့ဘူးလားလို့ မေးခွန်းထုတ်စရာရှိပါတယ်။ ဒါပေမယ့် ကျန်းမာရေးအတွက် အသုံးပြုမယ်ဆိုရင်တော့ ဘေးကင်းစိတ်ချအောင် ပြုလုပ်ကာ အသုံးပြုပေးလို့ ရပါတယ်။ Apple Cider Vinegar ကြောင့် သွားကြွေလွှာပျက်စီးခြင်းမှ ကာကွယ်ချင်ရင်တော့ Vinegar ထဲက အက်စစ်ပါဝင်မှု အားပျော့သွားအောင် ရေပမာဏများများနဲ့ရောပေးပါ။ ရရှိလာတဲ့အရောအနှောကို ပိုက်နဲ့စုပ်သောက်ကာ ပလုတ်ကျင်းပြီး ထွေးထုတ်ပစ်နိုင်ပါတယ်။ အဲလိုပလုတ်ကျင်းပြီးသွားရင်လည်း ပါးစပ်ထဲမှာ အက်စစ်တွေမကျန်ရှိအောင် ရေသန့်သန့်နဲ့ သေချာပြန်လည်ဆေးကြောပေးသင့်ပါတယ်။ ဘယ်အရာမှာမဆို အကောင်းအဆိုးတွေ ဒွန်တွဲနေတာ သဘာဝမို့လို့ Apple Cinder မှာရှိတဲ့ ကောင်းကျိုးတွေကို သိသလိုမျိုး ဆိုးကျိုးကိုလည်း သိထားခဲ့ရင် အကျိုးများအောင် ဘေးကင်းလုံခြုံအောင် အသုံးပြုနိုင်ပါပြီ။

H.H(Akhayar)

www.akhayar.com