၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲက စတင်နေပြီဖြစ်ပြီး ပွဲစဉ်(၁)မှာကတည်းက အကြိတ်အနယ်ရှိတဲ့ ပွဲကောင်းတွေကို ပရိသတ်တွေ ကြည့်ရှုခဲ့ပြီးဖြစ်မှာပါ။ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စည်းမျဉ်းသစ်တချို့ စတင်ကျင့်သုံးနေပြီး ရုပ်သံအကူဒိုင်စနစ် (VAR)ကို အသုံးပြုနေပြီဖြစ်သလို ဂိုးလွန်ဘောဆိုရင် ဂိုးဧရိယာထဲမှာ ကိုယ့်အသင်းက ကစားသမား(၂)ဦး နေရာယူထားတာ စသဖြင့်ပါပဲ။ ဒါ့တင်မကသေးဘဲ တခြားစည်းမျဉ်းသစ်တွေကိုလည်း ကျင့်သုံးသွားမှာဖြစ်ပြီး အဲဒါတွေက ဘာများလဲဆိုတာ ပရိသတ်တွေသိရှိနိုင်အောင် အပိုင်း(၂)အဖြစ် ဖော်ပြလိုက်ပါတယ် . .

Drop balls

ကစားသမားတစ်ဦး ဒဏ်ရာအပြင်းအထန်ရလို့ဖြစ်စေ၊ အနှောင့်အယှက်တစ်စုံတစ်ခုကြောင့် ပွဲကို ခေတ္တရပ်လိုက်ရတာဖြစ်စေ ဒါမှမဟုတ် ဘောလုံးမှာ အနာအဆာရှိသည်ဖြစ်စေ ပွဲကို ခဏရပ်ပြီး ပြန်စတဲ့အခါ ဒိုင်လူကြီး ကစားသမားနှစ်ဦးအကြား ဘောလုံးကို မြှောက်ချလေ့ရှိပါတယ်။ အဲဒါကို Drop Balls လို့ ခေါ်ပြီး အခု Drop Balls ဖြစ်မယ်ဆိုရင် ဒိုင်လူကြီးက ကစားသမားနှစ်ဦးအကြား ဘောလုံးမြှောက်ချတော့မှာ မဟုတ်ဘဲ ဘောလုံးကို နောက်ဆုံးထိတဲ့အသင်းက ကန်ခွင့်ရမှာဖြစ်ပါတယ်။

Substitutions

ကစားသမားတစ်ဦး လူစားလဲခံရရင် လူစားလဲခံရမယ့်သူဟာ ကိုယ့်အသင်းအရန်ခုံတန်းဆီ လာစရာ မလိုတော့ဘဲ နီးစပ်ရာနေရာကနေ ကွင်းပြင်ကို ချက်ချင်းထွက်ရမှာဖြစ်ပါတယ်။ ဒါက လူစားလဲရင် ကစားသမားတွေ အချိန်ဆွဲတာမျိုး မဖြစ်အောင်ပါ။

Goal kicks

ဂိုးလွန်ဘောဖြစ်တဲ့အနေအထားတွေမှာ ဘောလုံးနဲ့ ဂိုးသမားခြေထောက် ကွာသွားတာနဲ့ ပွဲက In Play ဖြစ်ပြီး ပြိုင်ဘက်ကစားသမားတွေက ပယ်နယ်တီ ဧရိယာထဲကနေ ဂိုးသမားကန်တင်တဲ့အချိန်အထိ စောင့်နေဖို့ မလိုတော့ပါဘူး။ ဂိုးလွန်ဘောဖြစ်ရပ်မှာ ကိုယ့်အသင်းက ကစားသမားတွေဟာ ဂိုးဧရိယာထဲမှာ ရှိနေမှာဖြစ်ပြီး ဂိုးသမားက သူတို့ကို ပေးလို့ရသလို ကန်တင်မယ်ဆိုလည်း ရပါတယ်။

Head-to-Head

ဒီရာသီ ပရီးမီးယားလိဂ်မှာ ချန်ပီယံအဆုံးအဖြတ်၊ ဥရောပ၀င်ခွင့်အဆုံးအဖြတ်၊ တန်းဆင်းအဆုံးအဖြတ်ပွဲတွေမှာ အသင်းနှစ်သင်း ရမှတ်တူ၊ သွင်းဂိုး၊ ဂိုးကွာခြားချက်၊ ပေးဂိုးအကုန်တူနေမယ်ဆိုရင် Head-to-Head ကိုကြည့်ပြီး ဆုံးဖြတ်မှာပါ။ အရင်တုန်းကဆိုရင် အသင်းနှစ်သင်းဟာ ရမှတ်တူ၊ သွင်းဂိုး၊ ဂိုးကွာခြားချက်၊ ပေးဂိုးအကုန်တူနေတယ်ဆိုရင်တော့ အဲဒီနှစ်သင်း Play Off ကစားရမှာဖြစ်ပြီး အဲဒီလိုဖြစ်ရပ်မျိုးက တစ်ခါမှ မဖြစ်သေးပါဘူး။ အခုစည်းမျဉ်းသစ်အရ သတ်မှတ်ထားတဲ့အချက်တွေ အားလုံးတူနေမယ် Head To Head ပါတူနေရင်တော့ Play Off ကစားပြီး ဆုံးဖြတ်ရမှာပါ။

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကျင့်သုံးမယ့်စည်းမျဉ်းသစ်များ အပိုင်း(၁) ဖတ်ရန်လင့်ခ်

REF:talksport
Photo:ESPN,The Samford Crimson,Wall Street Journal,You Tube,
Naing Linn(Akhayar)
www.akhayar.com