ကလပ်အသင်းတစ်သင်းအတွက် ကစားသမားတစ်ဦး ခေါ်ယူရတာက အလောင်းအစားဆန်ပါတယ်။ တခြားအသင်းမှာ ခြေစွမ်းပြနေလို့ အထင်တကြီးနဲ့ ငွေတွေသုံး ခေါ်ယူပြီးကာမှ ကိုယ့်အသင်းမှာ သုံးစားမရတဲ့အဖြစ်မျိုးတွေလည်း အများကြီးပါ။ ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်မှာလည်း နာမည်ကျော်ကစားသမားတွေကို ငွေတွေသုံး ခေါ်ယူခဲ့ပေမယ့် မျှော်လင့်သလောက် ဖြစ်မလာတဲ့ကစားသမားတွေ ရှိခဲ့ပါတယ်။ အဲဒီကစားသမားတွေက ဘယ်သူများလဲဆိုတာ ပရိတ်တွေသိရှိနိုင်အောင် အပိုင်း(၁)အဖြစ် ဖော်ပြလိုက်ပါတယ် . . .

Jack Wilshere – West Ham United (Free)

အာဆင်နယ်အသင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရလို့ ၀က်စ်ဟမ်းအသင်းမှာ ကစားသမားဘ၀သစ် ပြန်စဖို့အတွက် အလွတ်နဲ့ ပြောင်းရွှေ့ခဲ့ပေမယ့် ၀ဲလ်ရှိုင်းယား Jack Wilshere ဟာ လန်ဒန်မြေနဲ့ ဓာတ်မတည့်ဘူးလို့ပဲ ပြောရမယ်။ ရာသီအစ (၄)ပွဲစလုံး ပါဝင်ကစားခဲ့ပြီး ပွဲတိုင်းရှုံးနိမ့်ခဲ့တာက ဆိုးရွားလွန်းပါတယ်။ သိပ်မကြာခင်မှာပဲ ထုံးစံအတိုင်း ဒဏ်ရာပြဿနာနဲ့ နပန်းလုံးခဲ့ရပြီး ခြေချင်းဝတ်ဒဏ်ရာခွဲစိတ်ကုသမှု ခံယူခဲ့ရတာကြောင့် ကာလရှည်အနားယူခဲ့ရပြန်တယ်။ အရည်အချင်းရှိပေမယ့် ဒဏ်ရာတွေ မကြာခဏရလေ့ရှိတာက ၀ဲလ်ရှိုင်းယားအတွက် အကြီးမားဆုံးထိုးနှက်ချက်ပါ။ လာမယ့်ရာသီသစ်မှာတော့ ၀ဲလ်ရှိုင်းယား အစစ်အမှန်ကို ပြန်မြင်ရလိမ့်မယ်လို့ မျှော်လင့်ရတာပါပဲ။

Gonzalo Higuain – Chelsea (Loan)

တိုက်စစ်မှာ လောက်လောက်လားလား အားကိုးစရာမရှိလို့ နည်းပြဆာရီ Sarri ဟာ နာပိုလီအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ တပည့်ဟောင်း ဟီဂွါအင် Gonzalo Higuain ကို မျှော်လင့်တကြီးနဲ့ ပြန်ခေါ်ခဲ့တယ်။ စီးရီးအေမှာတုန်းက ဂိုးသွင်းစက်တစ်လုံးဖြစ်ခဲ့တဲ့ ဟီဂွါအင် ချယ်လ်ဆီးအသင်းမှာ အာဂျင်တီးနား ကစားသမားတွေ ကျရှုံးခဲ့ကြတာ၊ ကျောနံပါတ်(၉)ကျိန်စာဆိုးတွေကို ချေဖျက်ပြနိုင်လိမ့်မယ်လို့ ပရိသတ်တွေ ယူဆခဲ့ကြတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်မြေဟာ ဟီဂွါအင်အတွက် ကြမ်းတမ်းလွန်းခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ (၁၅)ပွဲကစား သွင်းဂိုး(၅)ဂိုးဆိုတာက ကမ္ဘာ့အဆင့်တိုက်စစ်မှူးတစ်ဦးအတွက် မဖြစ်သင့်တဲ့ မှတ်တမ်းလို့ပြောရမယ်။ အခုအချိန်မှာတော့ ဟီဂွါအင်ရဲ့ ချယ်လ်ဆီးကစားသမားဘ၀က အဆုံးသတ်ဖို့ ရာခိုင်နှုန်းများနေပါပြီ။

Kenedy – Newcastle United (Loan)

နယူးကာဆယ်အသင်းက ဘရာဇီးလ်လူငယ်တောင်ပံကစားသမား ကန်နေဒီ Kenedy ရဲ့အဖြစ်အပျက်ကတော့ မယုံနိုင်လောက်အောင်ပါပဲ။ ချယ်လ်ဆီးအသင်းမှာ ပုံမှန်ကစားခွင့်ပျောက်နေတဲ့ သူ့ကို ၂၀၁၈ ဇန်န၀ါရီလမှာ ဘင်နီတက်ဇ် Rafael Benitez က ယုံယုံကြည်နဲ့ ခေါ်ယူခဲ့တယ်။ ပရိသတ်တွေ စိတ်ကျေနပ်လောက်အောင် ကစားပြနိုင်ခဲ့တာကြောင့် နောက်ထပ်တစ်ရာသီ အငှားနဲ့ခေါ်ယူလိုက်ချိန်မှ ငါးပါးမှောက်တော့တာပါပဲ။ စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းဟာ ကန်နေဒီအတွက် အစိမ်းသက်သက်လိုဖြစ်သွားပြီး ကန်နေဒီအသစ်တစ်ယောက် ပြန်ရောက်လာသလိုဖြစ်ခဲ့ရတယ်။ အဆိုးရွားဆုံးကတော့ သြဂုတ်လတုန်းက ကာဒစ်ဖ်နဲ့ကစားခဲ့တဲ့ပွဲမှာဖြစ်ပြီး ပထမပိုင်းတစ်ပိုင်းလုံး တိကျတဲ့ ဘောလုံးပေးပို့မှု တစ်ကြိမ်မှ မရှိတဲ့အပြင် ပွဲပြီးခါနီးရခဲ့တဲ့ ပယ်နယ်တီကိုပါ လွဲအောင်ကန်ခဲ့ပါသေးတယ်။

Jean Michael Seri – Fulham (£25million)

‘သေချင်တဲ့ ကျား တောပြောင်း’ဆိုတဲ့ စကားပုံက ဖူလ်ဟမ်ကွင်းလယ်လူ ဆယ်ရီ Jean Michael Seri အတွက်များ သတ်မှတ်ခဲ့တာလားလို့ ပြောရမယ်။ နိုက်စ်အသင်းနဲ့အတူ တောက်ပလာတဲ့ ဆယ်ရီကို ဘာစီလိုနာအပါအ၀င် ဥရောပထိပ်သီးအသင်းတွေက ပစ်မှတ်ထားခဲ့ပေမယ့် မထင်မှတ်ထားလောက်အောင်ပဲ သူက တန်းတက်ဖူလ်ဟမ်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါက သူ့အတွက် ကိုယ့်ဘ၀ကို အသေသတ်လိုက်တဲ့ ဆုံးဖြတ်ချက်ပါပဲ။ ပရီးမီးယားလိဂ်မှာ အိုင်ဗရီကို့စ်ကစားသမားအများစု အောင်မြင်ခဲ့ပေမယ့် အဲဒါက ဆယ်ရီအတွက် မဟုတ်ခဲ့ပါဘူး။ ပရီးမီးယားလိဂ်ကစားဟန်နဲ့ အသားမကျခဲ့တဲ့ ဆယ်ရီဟာ နောက်ပိုင်းပွဲတွေမှာ ပုံမှန်ကစားခွင့် ပျောက်ခဲ့သလို ဖူလ်ဟမ်းအသင်းကလည်း ရာသီကုန်မှာ တန်းဆင်းခဲ့ရပါတယ်။ ဖူလ်ဟမ်နဲ့ ဆယ်ရီအတွက်တော့ Lose-Lose Situation ဖြစ်ခဲ့တယ်လို့ သတ်မှတ်ရမှာပါ။

Alireza Jahanbakhsh – Brighton and Hove Albion (£17million)

နယ်သာလန်ကလပ် AZ အယ်လ်ခမာအသင်းမှာ ခြေစွမ်းတွေပြ ဂိုးတွေသွင်းယူခဲ့တဲ့ ဂျာဟန်ဘတ်ရှ် Alireza Jahanbakhsh ဟာ ဘရိုက်တန်အသင်းမှာတော့ အဆိပ်မရှိတဲ့မြွေတစ်ကောင်လား မှတ်ရတယ်။ အီရန်ဂန္ထ၀င် မာဒါဗီကီးယား Mehdi Mahdavikia နဲ့ ကစားပုံဆင်တူတယ်လို့ တင်စားခံခဲ့ရပေမယ့် ဘယ်နေရာတူတာလည်းလို့တောင် မေးခွန်းထုတ်ရမယ်။ ဘရိုက်တန်အသင်းဟာ သူ့အတွက် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၁၇)သန်းအထိ သုံးစွဲခဲ့ပေမယ့် အဲဒီငွေတွေဟာ သဲထဲရေသွန်ဖြစ်ခဲ့ရတယ်။ ပရီးမီးယားလိဂ်ရဲ့ စိန်ခေါ်မှုတွေကြားမှာ ဒီ အီရန်ကစားသမား ကျရှုံးခဲ့ရပြီး အင်္ဂလန်မြေကို ပထမဆုံးခြေချခဲ့ချိန်မှာပဲ ပြိုင်ပွဲစုံ (၂၄)ပွဲကစား သွင်းဂိုးမရှိ၊ ဂိုးဖန်တီးမှု မရှိဆိုတဲ့ မှတ်တမ်းဆိုးနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ပရီးမီးယားလိဂ်ဆိုတာက ပြိုင်ဆိုင်မှုပြင်းထန်တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပြီး ကစားသမားသစ်တစ်ဦး အထိုင်ကျဖို့က ခက်ခဲပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံး ကစားသမားခေါ်ယူမှုတွေထဲက (၅)ဦးကို ဖော်ပြခဲ့တာဖြစ်ပြီး နောက်ထပ် နာမည်ကျော်ကစားသမားတွေလည်း ကျန်ပါသေးတယ်။ အဲဒီသူတွေကို အပိုင်း(၂)အဖြစ် ဆက်လက်ဖော်ပြသွားမှာဖြစ်တာကြောင့် စောင့်မျှော်ဖတ်ရှုကြပါဦး . .ပရိသတ်ရေ . .

REF:talksport
Photo:The Independent,Getty Images
Naing Linn(Akhayar)
www.akhayar.com