မြန်မာစာပေမှာ “ညိုမြ” ဆိုတဲ့ စကားလုံးဟာ “ ဟန်များတယ်၊ မူရာမာယာများတယ်” လို့ အဓိပ္ပာယ်ရပြီး ကိုလိုနီခေတ်တုန်းက နံမည်ကျော်အငြိမ့်မင်းသမီး “ယူနီဗာစတီ မြသန်းကြည်” ရဲ့ အမူအရာကို ရည်ညွှန်းရာမှ အသုံးတွင်ကျယ်လာခြင်းဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ ကျေးလတ်ဒေသတွေမှာ မူရာမာယာများတဲ့ အမျိုးသမီးတွေကို “ညိုမြ” လို့ ခေါ်ကြသလို ဟန်လုပ်လွန်းတဲ့ လူရွယ်တွေကို “ဖိုးညိုမြ” ဆိုပြီးတော့ နာမ်စားသုံးကြပါတယ်။

ယုဝမောင်မောင်လေး(ပြင်ဦးလွင်) ရေးသားတဲ့ “ညိုမြ” သီချင်းထဲမှာ “သင်္ကြန်အခါတော် ရေကစားကြတာ ပျော်ရွှင်စရာ လောင်းကာပက်ကာ မောင်အရင်း နှမပမာ ကြည်လင်စွာ အို . . . ရေကစားမှာ ရေကစားမှာ ညိုမြတော့ အခေါ်မခံနိုင်ဘူးဆရာ” ဆိုတဲ့ စာသားဟာ “နှစ်သစ်ကူးသင်္ကြန်ပွဲကြီးမှာ မောင်နှမလို ချစ်ချစ်ခင်ခင် ရေကစားရတာ ပျော်ရွှင်စရာကောင်းလှပါတယ်။ ရေကစားပါတော့မယ်၊ ဟန်ပန်ကြီးတယ်လို့ အထင်မခံနိုင်ပါဘူး” လို့ အဓိပ္ပာယ်ရပါတယ်။

ကိုးကား – လှသမိန် (ဘန်းစကားများစာအုပ်)

ကျော်စိုးအောင် (အခရာ)

www.akhayar.com