ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး ဂျက်ဘီဇော့ Jeff Bezos ရဲ့ အသားတင်ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၁၃ဝ.၂ ဘီလီယံရှိတယ်လို့ Forbes မဂ္ဂဇင်းရဲ့အဆိုအရ သိရပါတယ်။ သူဟာ Amazon ကုမ္ပဏီရဲ့ရှယ်ယာ (၁၆) ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားပြီး ရှယ်ယာတန်ဖိုးမြင့်တက်လေ ပိုချမ်းသာလေ ဖြစ်နေတာပါ။

၁၉၉၄ခုနှစ်ကို ပြန်သွားရရင် ဂျက်ဘီဇော့ဟာ D. E. Shaw & Co ကုမ္ပဏီရဲ့ ဒုတိယဥက္ကဌရာထူးကနေ နှုတ်ထွက်ပြီး Amazon ကုမ္ပဏီကို စတင်ခဲ့တာပါ။ အဲဒီအချိန်တုန်းက သူဟာ ဇနီးချော MacKenzie Bezos နဲ့ လက်ထပ်ပြီးခါစပေါ့။ လစာကောင်းတဲ့ အလုပ်ကထွက်ပြီး ကိုယ်ပိုင်ကုမ္ပဏီထောင်တဲ့အလုပ်ဟာ တော်ရုံစွန့်စားမှုမျိုးတော့ မဟုတ်ပါဘူး။ ၁၉၉၄ခုနှစ် ဇူလိုင်လ (၅) ရက်နေ့မှာ Amazon ကုမ္ပဏီကို ထောင်လိုက်တယ်။ တောင်အမေရိကတိုက်မှာရှိတဲ့ အမေဇုန်မြစ်ကြီးကို အစွဲပြုပြီး နာမည်ပေးလိုက်တာပါ။

Amazon

Amazon

သူ့ရဲ့ရှိမဲ့စုမဲ့ ဒေါ်လာသုံးသိန်းကို ရင်းနှီးပြီး ဝန်ထမ်းဆယ်ယောက်နဲ့ ကားဂိုထောင်ထဲမှာပဲ ကုမ္ပဏီစလိုက်တာဖြစ်ပါတယ်။ ဇနီးသည်က ကုမ္ပဏီမှာ စာရင်းကိုင်အဖြစ် လုပ်ပေးခဲ့ပါတယ်။ အွန်လိုင်းမှာပဲ စာအုပ်ရောင်းရာမှ တဖြည်းဖြည်းအောင်မြင်လာပြီး ၁၉၉၇ခုနှစ်မှာ ကုမ္ပဏီကို အများပိုင်လုပ်ရာမှ သူ့ရဲ့ကြွယ်ဝမှုဟာ ၁၂ ဘီလီယံဖြစ်လာခဲ့ပါတယ်။

Amazon Go in Seattle

Amazon Go in Seattle

Jeff Bezos ရဲ့အကျင့်စရိုက်ကို ပြောရမယ်ဆိုရင် သူဟာ မနက်အိပ်ယာထရာမှာ နှိုးစက် မသုံးပါဘူး။ သတ်မှတ်ချိန်အတိုင်း ထနိုင်အောင် လေ့ကျင့်ထားသူပါ။ ပြီးတော့ အစည်းအဝေးတွေကိုလည်း မနက်ခင်းမှာ လုပ်လေ့မရှိပါဘူး။ မနက်စာကို မိသားစုနဲ့ အေးဆေးစားသောက်ပြီးမှ ရုံးတက်လေ့ရှိသူဖြစ်ပါတယ်။

ပြီးတော့ သူဟာ ရင်းနှီးမြှုပ်နှံသူတွေနဲ့လည်း အစည်းအဝေးထိုင်လေ့မရှိပါဘူး။ ရင်းနှီးမြှပ်နှံသူတွေနဲ့ အစည်းအဝေးထိုင်တဲ့အချိန်ဟာ တစ်နှစ်လုံးနေမှ ခြောက်နာရီလောက်ပဲလို့ ဆိုဖူးပါတယ်။ အစည်းအဝေးထိုင်ရင်လည်း သူက ‘2 Pizza Rule’ ကိုပဲ သုံးသူပါ။ အစည်းအဝေးထိုင်သူအရေအတွက်က ပီဇာနှစ်ချပ်ကို လောက်ငှအောင် စားနိုင်တဲ့ အရေအတွက်ပါ။ ဆိုလိုတဲ့သဘောက လူရှစ်ယောက်ထက် မပိုတဲ့သဘောပါပဲ။

Jeff Bezos Home

Jeff Bezos Home

အမေရိကန်နိုင်ငံမှာတောင် အိမ် (၅) လုံးရှိပါတယ်။ သာမန်သန်းကြွယ်သူဌေးတွေတောင် အိမ်ခြံမြေတွေ အများကြီးပိုင်သေးတာ သူလိုဘီလျံနာတစ်ယောက်က ဒီလောက်ရှိတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ သူဟာ မယ်ဒီနာမြို့ (Medina) မှာ (၂၅) သန်းတန် အိမ်ကြီးတစ်လုံးကို ဝယ်ထားသေးတယ်။ ပြီးတော့ ဝါရှင်တန်ဒီစီမြို့ (Washington DC) မှာလည်း (၂၃) သန်းတန် အိမ်ရှိပါသေးတယ်။ အဲဒီအိမ်က (၂၇,ဝဝဝ) စတုရန်းပေ ကျယ်ဝန်းပါတယ်။ ဗီဘာလီဟေးလ်မြို့ (Beverly Hills) မှာလည်း (၂.ဝ၃) ဧက ကျယ်ဝန်းတဲ့ အိမ်ကြီးရှိပါသေးတယ်။ (၂၅) သန်းတန်ပါတယ်တဲ့။

ပြီးတော့ နယူးယောက်မြို့(New York City) မှာလည်း (၁၇) သန်းတန် တိုက်ခန်းသုံးလုံးရှိပါသေးတယ်။ ပြီးတော့ ဗန်ဟွန်းမြို့ (Van Horn) မှာလည်း အိမ်ရှိပါသေးတယ်။ သူဟာ 1996 Honda Accord ကားနဲ့ပဲ ရုံးတက်လေ့ရှိသူပါ။ ဒါပေမယ့် သူဟာ ဒေါ်လာ (၆၅) သန်းတန် 2015 Gulfstream G-650ER ဂျက်လေယာဉ်တစ်စီးလည်း ရှိပါသေးတယ်။

Jeff Bezos Investment Company

Jeff Bezos Investment Company

သူဟာ Amazon ကုမ္ပဏီအပြင် တခြားလုပ်ငန်းတွေကိုလည်း ရင်းနှီးမြှုပ်နှံထားသူပါ။ Google ၊ Uber ၊ The Washington Post ၊ Business Insider နဲ့ Everfi တို့လိုကုမ္ပဏီတွေမှာလည်း ရှယ်ယာတွေ ပိုင်ပါသေးတယ်။ စီးပွားရေးလုပ်ငန်းတွေကို လုံးပန်းရပေမယ့် ကျန်းမာရေးလိုက်စားသူပါ။ တစ်နေ့ကို ရှစ်နာရီပြည့်အောင် အိပ်စက်တတ်သူပါ။

ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးဖြစ်ပေမယ့် သားသမီးတွေကို ပညာရေးကိုပဲ အာရုံစိုက်စေချင်သူပါ။ ဇနီးသည်ဟာ အခုချိန်မှာ စာရေးဆရာအလုပ်ကိုပဲ ရူးသွပ်နေပြီး သူရေးခဲ့တဲ့စာအုပ်တွေကို သူ့ယောက်ကျားက အမြဲတမ်းအားပေးတယ်လို့ ဆိုဖူးပါတယ်။ ဂျက်ဘီဇော့ဟာ ဇနီးသည်အတွက် အဝတ်အစားတွေကိုလည်း မကြာခဏ ဝယ်ပေးလေ့ရှိသူပါ။ အလုပ်များပေမယ့် ဇနီးသည်ကိုလည်း ဂရုစိုက်တတ်ကြောင်း သူမက ကြွားလုံးထုတ်ပါသေးတယ်။ ဇနီးသည်တွေရဲ့ အိမ်မှုကိစ္စတွေကို ကူလုပ်ပေးလေ့ရှိပြီး တစ်ခါတစ်လေ ပန်းကန်ပြားတွေ ကူဆေးပေးလေ့ရှိပါတယ်။ အားလပ်ရက်တိုင်း မိသားစုနဲ့ အပြေးလေ့ကျင့်ခန်းလုပ်လေ့ရှိပြီး မိသားစုကို အချိန်ပေးလေ့ရှိတယ်လို့ သိရပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com