ဘောလုံးသမိုင်းတစ်လျှောက်မှာ ကစားသမားခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး သုံးစွဲမှုအများဆုံး နည်းပြအဖြစ် ချယ်လ်ဆီးနဲ့ မန်ယူနည်းပြဟောင်း မော်ရင်ဟို Jose Mourinho က ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလတုန်းက မန်ယူအသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေတဲ့ မော်ရင်ဟို နည်းပြဘ၀တစ်လျှောက် ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ လာလီဂါအပါအ၀င် ဆုဖလားစုစုပေါင်း (၂၅)ခုအထိ ရယူနိုင်ခဲ့သူပါ။ ချယ်လ်ဆီး၊ ရီးယဲလ်၊ မန်ယူအသင်းတွေကို ကိုင်တွယ်ခဲ့တုန်းက ငွေသုံးကြမ်းခဲ့တဲ့ မော်ရင်ဟိုဟာ နည်းပြဘ၀ (၁၉)နှစ်တာကာလအတွင်း ကစားသမား (၉၇)ဦးကို ခေါ်ယူခဲ့ပြီး အဲဒီအတွက် ပေါင်(၁.၄)ဘီလီယံအထိ သုံးစွဲခဲ့ပါတယ်။ မော်ရင်ဟို ခေါ်ယူခဲ့တဲ့ ကစားသမားတွေထဲမှာ ဈေးအကြီးဆုံးက ပေါ့ဘာ Paul Pogba ဖြစ်ပြီး ပေါင်(၈၉)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုရဲ့နောက်မှာရှိနေတာက နာမည်ကျော်နည်းပြတစ်ဦးဖြစ်တဲ့ အန်ဆယ်လော့တီ Ancelotti ပါပဲ။ ၁၉၉၅ ခုနှစ်တုန်းက ရက်ဂျီးနားအသင်းနဲ့အတူ နည်းပြဘ၀ကို စတင်ခဲ့သူ အန်ဆယ်လော့တီဟာ အေစီမီလန်၊ ရီးယဲလ်၊ ချယ်လ်ဆီး၊ PSG ၊ ဘိုင်ယန်မြူးနစ်စတဲ့ ထိပ်သီးအသင်းတွေကို ကိုင်တွယ်ခဲ့ပြီး အခုအချိန်မှာ နာပိုလီနည်းပြအဖြစ် ဆောင်ရွက်နေသူပါ။ အန်ဆယ်လော့တီရဲ့ နည်းပြဘ၀တစ်လျှောက် ကစားသမား (၈၅)ဦးအထိ ခေါ်ယူခဲ့ပြီး ပေါင်(၁.၁၁)ဘီလီယံအထိ သုံးစွဲခဲ့သလို ဈေးအကြီးဆုံး ကစားသမားက ဂါရတ်ဘေးလ် Gareth Bale ကို ပေါင်(၈၆)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ငွေကြေးသုံးစွဲမှု အများဆုံးနည်းပြစာရင်းမှာ မန်စီးတီးနည်းပြ ဂွါဒီယို Pep Guardiola က တတိယအများဆုံးဖြစ်နေပြီး သူဟာ ကစားသမား(၅၂)ဦးအတွက် ပေါင်(၁.၀၃)ဘီလီယံသုံးစွဲခဲ့တာပါ။ သူတို့ရဲ့နောက်မှာတော့ ပယ်လီဂရီနီ Manuel Pellegrini ၊ အယ်လီဂရီ Massimiliano Allegri တို့က အဆင့်(၄၊ ၅)နေရာမှာ အသီးသီးရပ်တည်နေကြပါတယ်။

REF:The Sun
Photo:The Sun,Getty Images
Naing Linn(Akhayar)
www.akhayar.com