ကျွန်မတို့ လူသားတွေဟာ ဥာဏ်ရည်မြင့်မားတဲ့သူတွေဖြစ်လို့ ပတ်ဝန်းကျင်နဲ့ အရာအားလုံးဆီကနေ သင်ယူနိုင်ကြပါတယ်။ တစ်ခါတလေ ပတ်ဝန်းကျင်မှာ မြင်ရတွေ့ရတာတွေကိုလည်း သင်ယူကြတယ်။ သဘာဝတရားကြီးရဲ့ ပြောင်းလဲမှုတွေဆီကနေလည်း သင်ယူကြတယ်။ အဆုံးစွန်ဆုံးအထိ ပြောရမယ်ဆိုရင် တိရစ္ဆာန်တွေဆီကပါ သင်ယူတတ်ကြပါတယ်။ လူတွေဟာ ဒီလိုသင်ယူတတ်ကြတဲ့အခါမှာ ချန်ရစ်မထားခဲ့ဘဲ သင်ယူဖို့ မမေ့သင့်တဲ့အရာကတော့ အိမ်မွေးခွေးလေးတွေဆီက အကျင့်စရိုက်တချို့ပါပဲ။

သစ္စာရှိခြင်း

ခွေးလေးတွေဟာ သခင်ပေါ်ကို သစ္စာအရှိဆုံးသတ္တ၀ါလေးတွေပါပဲ။ ထမင်းကျွေးတဲ့လက်ကို ဘယ်တော့မှ ပြန်မကိုက်ဘူး။ အန္တရာယ်တွေနဲ့ ကြုံတွေ့ရတဲ့အခါမှာတောင် ခွေးလေးတွေဟာ ရှေ့ကမားမားမတ်မတ်ရပ်တည်ပြီး အသက်စွန့်ကယ်တင်လိုစိတ်ရှိကြပါတယ်။ ကျွန်မတို့တတွေအနေနဲ့လည်း ကိုယ် ချစ်ရတဲ့သူတွေနဲ့ ကိုယ့်အပေါ်ကျေးဇူးရှိဖူးသူတွေအပေါ် သစ္စာတရား လက်ကိုင်ထားနိုင်ဖို့ဆိုတာ တစ်ခါတလေ ခွေးလေးတွေဆီက သင်ခန်းစာယူရမှာပါပဲ။

ရောင့်ရဲတင်းတိမ်ခြင်း

ကျွန်မတို့ လူသားတွေဟာ ပျော်ရွှင်စရာမိသားစု၊ ချစ်စရာကောင်းပြီး လိမ္မာတဲ့ သားသားမီးမီးလေးတွေ၊ လစာကောင်းတဲ့အလုပ်နဲ့ ကျန်းမာတဲ့မိဘတွေကို ပိုင်ဆိုင်ထားရရင်တောင်မှ ပြည့်စုံတဲ့ဘ၀လို့ သဘောမထားနိုင်ကြပါဘူး။ လောဘဇောတွေတက်ပြီး ဒီ့ထက်ချမ်းသာအောင်၊ ဒီ့ထက်ပျော်ရွှင်ရအောင်၊ ဒီ့ထက်လူရာဝင်အောင် ကြိုးစားရင်း ဘယ်သောအခါမှ သေသာသွားမယ်။ ရောင့်ရဲတင်းတိမ်တယ်လို့ မရှိပါဘူး။ ချမ်းသာတဲ့သခင်ဖြစ်ဖြစ်၊ ဆင်းရဲတဲ့သခင်ဖြစ်ဖြစ် စိတ်ထားကို မပြောင်းလဲဘဲ ချစ်ခြင်းမေတ္တာပြည့်စုံနေသရွေ့ ကမ္ဘာကြီးမှာ စိတ်အချမ်းသာဆုံးခွေးတစ်ကောင်လို ရောင့်ရဲတင်းတိမ်တတ်ကြတဲ့ ခွေးလေးတွေကို ဒီနေရာမှာ သာဓကယူရပါလိမ့်မယ်။

ကျေးဇူးသိတတ်ခြင်း

ခွေးလေးတွေဟာ သူတို့ ကောင်းချီးပေးခံရတဲ့အရာတစ်ခုချင်းစီတိုင်းအပေါ် ကျေးဇူးသိတတ်လေ့ရှိပါတယ်။ ပေါင်မုန့်လေးတစ်ဖဲ့လောက်အတွက်ပဲဖြစ်ဖြစ်၊ မိုးတွေအရမ်းရွာနေတဲ့အချိန် ယာယီအမိုးအကာလေးတစ်ခုလောက်အတွက်ပဲဖြစ်ဖြစ်ပေါ့။ သူတို့ ရရှိခဲ့ဖူးတဲ့ ကျေးဇူးအတွက် အများကြီး ပေးဆပ်နိုင်တဲ့စွမ်းအားမရှိတာတောင် အနည်းဆုံး အမြှီးလေးတော့ လှုပ်ပြဖော် ရပါသေးတယ်။ လူတွေလည်း ဒီလိုပါပဲ။ ကိုယ့်အပေါ်တင်နေတဲ့ ကျေးဇူးတွေကို အပြည့်အ၀ ပြန်မဆပ်နိုင်ဘူးဆိုရင်တောင်မှ ကျေးဇူးသိတတ်အောက်မေ့တတ်ဖို့တော့ လိုအပ်ပါတယ်။

တာဝန်သိမှုရှိခြင်း

လူတွေဟာ တစ်ခါတလေ ချစ်ရတဲ့သူတွေနဲ့ မိသားစုကို စောင့်ရှောင့်ဖို့ မပြောပါနဲ့။ ကိုယ့်ကိုယ်ကိုယ်တောင် မစောင့်ရှောင့်နိုင်ပါဘူး။ ဒါဟာ အားနွဲ့လို့လည်း မဟုတ်ပါဘူး။ တာဝန်သိမှုမရှိတာပါပဲ။ ကိုယ့်ကိုယ်ကိုယ်တောင် တာဝန်မသိရင် တခြားနေရာတွေအတွက်တော့ စဉ်းစားနေစရာတောင် မလိုအပ်ပါဘူး။ ခွေးလေးတွေဆိုရင် သူဌေးပဲဖြစ်ဖြစ်၊ ခွေးပဲဖြစ်ဖြစ် သူ့ရဲ့ အိမ်ရှေ့မှာ ရစ်သီရစ်သီလာလုပ်လို့ကတော့ အော်ဟစ်သောင်းကျန်းပြီး သတိပေးမယ်။ ရန်လိုရင် တိုက်ခိုက်ဖို့ အသင့်ရှိပါတယ်။ တစ်ခါတလေ ဒါမျိုးကာကွယ်စောင့်ရှောက်ပေးခြင်းဟာ အားကြီးလို့၊ သတ္တိရှိလွန်းအားကြီးလို့တော့ မဟုတ်ပါဘူး။ သူတို့ရဲ့ ခေါင်းထဲမှာ တာဝန်ယူရမယ်ဆိုတဲ့အသိတစ်ခုတည်းအတွက်နဲ့ပဲ အသတ်အသေခံ၊ အမုန်းခံတိုက်ခိုက်နေကြတာပါ။

ဒီဘက်ခေတ်ကြီးထဲမှာ တချို့လူတွေဟာ ခွေးလေးတွေလောက်တောင်မှ အရည်အချင်းမပြည်ဝကြတာကို မြင်ရပါတယ်။ ဒါမျိုးမဖြစ်သင့်တာတော့ အမှန်ပါပဲ။ ကိုယ်ဟာ တိရစ္ဆာန်ထက် အများကြီးဥာဏ်ရည်မြင့်မားတဲ့လူသားတွေဖြစ်နေတဲ့အတွက်ကြောင့်ပါ။ ဒီတော့ ကိုယ်တိုင်လည်း သူတို့လေးတွေဆီက ပြန်လည်သင်ယူရမယ့်အချက်တွေကိုဆိုရင် ပြန်လည်သင်ယူသင့်ပါတယ်နော်။

(Photo Credit)

Moethaesay (Akhayar)

www.akhayar.com