အထွဋ်အမြတ်ထားတဲ့အရာ

ချောကလက်တွေမရှိတဲ့ ကမ္ဘာကြီးက ပျော်ဖို့ကောင်းမှာ မဟုတ်ပါဘူး။ လူသားတွေက ချောကလက်တွေနဲ့အသားကျနေကြပါပြီ။ ချစ်သူများနေ့အတွက် ချောကလက်ယဉ်ကျေးမှု ထွန်းကားလာသလို ချောကလက်မ ကြိုက်တဲ့သူဆိုတာကလည်း တော်တော်ရှားပါတယ်။ ဒါပေမယ့် ၁၆ ရာစုမတိုင်ခင်အထိ ချောကလက်ဆိုတာမရှိသေးပါဘူး။ အဲ့ဒီတုန်းကဆိုရင် ကမ္ဘာပေါ်မှာ ချောကလက်ကိုရနိုင်တာက Mesoamerica (မက္ကဆီကိုနိုင်ငံပတ်ဝန်းကျင်ဒေသ) တစ်ခုပဲရှိပါတယ်။ အဲ့ဒီခေတ်တုန်းက လူတွေက ကိုကိုး (Cacao) အပင်ကသဘာအတိုင်းရတဲ့အစေ့တွေကို ပြောင်းဖူး၊ ငရုတ်ကောင်းတို့နဲ့ ရောကြိတ် ပြီးတော့ ဖျော်ရည်လုပ်သောက်လေ့ရှိပါတယ်။ ကိုကိုးပင်နဲ့ ကိုကိုးစေ့တွေဆိုတာ ဘုရားသခင်က ကြီးမြတ်တဲ့လူသားတွေကိုပဲ ပေးသနားတဲ့အရာလို့ Mesoamerican လူမျိုးတွေက ယူဆပါတယ်။ မေယာ (Maya) လူမျိုးတွေတန်ဖိုးထားတဲ့ ကိုကိုးစေ့တွေကို အက်ဇက် (Aztec) လူမျိုးတွေက ငွေကြေးသဖွယ်အသုံးပြုကြပါတယ်။ နောက်ပြီး ချောကလက်ဖျော်ရည်ကို တကယ့်အခမ်းအနားကြီးတွေမှာမှ သောက်နိုင်သလို တော်ဝင်အစားအစာတစ်မျိုးလည်း ဖြစ်ပါတယ်။ အဲ့ဒီခေတ်တုန်းက တိုက်ပွဲအောင်နိုင်လာတဲ့စစ်သားတွေကို ဆုလာဘ်အဖြစ် ကိုကိုးစေ့ကို ချီးမြှင့်လေ့ရှိပါတယ်။ နောက်ပြီး ဘာသာရေးအခမ်းအနားတွေမှာလည်း ချောကလက်ကို အထွဋ်အမြတ်ထားအသုံးပြု ကြပါတယ်။

ကမ္ဘာကိုစပျံ့ပြီ

ပထမဆုံး အန္တလန္တိတ်သမုဒ္ဒရာကို ကျော်ဖြတ်ပြီး ကမ္ဘာကိုချောကလက်တွေပျံ့နှံ့ဖို့ အကြောင်းအရင်းတစ်ခုပေါ်လာပါတယ်။ ၁၅၁၉ ခုနှစ်မှာ စပိန်က ဟာနန်ကော့တက်စ် (Hernan Cortes) က တီနော့တက်လန် (Tenochtitlan) မြို့ (ယခု မက္ကှဆီကိုနိုင်ငံအတွင်းမှာရှိ) ကို သွားရောက်ခဲ့ပါတယ်။  ဗိုလ်ကြီးကော့တက်စ်ရဲ့ မှတ်တမ်းအရ ဘုရင်ကြီးဟာ ခရား အခု ၅၀ ကို ယူဆောင်စေပြီး ရွှေခွက်တွေထဲလောင်းထည့်ကာ ချောကလက်ဖျော်ရည်နဲ့ သူတို့ကိုဧည့်ခံခဲ့တယ်လို့ သိရပါတယ်။ သူတို့ပြန်တဲ့အခါမှာလည်း ချောကလက်ဖျော် ရည်လုပ်သောက်နိုင်ဖို့ ကိုကိုးစေ့တွေကို လက်ဆောင်ပေးလိုက်ပါတယ်။ သူတို့နိုင်ငံကိုပြန်ရောက်တော့ လိင်စိတ်ကြွစေတဲ့ ကာမအားတိုးဆေးတွေကို ဘာလို့ယူလာရတာလဲဆိုပြီး သာသနာပြုသူတွေရဲ့ ဝေဖန်မှုရင်ဆိုင်ရပါသေးတယ်။

ချောကလက်ရဲ့ ခါးသက်သက်အရသာက ဖျားနာမှုကိုကုသဖို့ သင့်လျော်ပါတယ်။ နောက်ပိုင်း အချိုဓါတ်ရအောင် ပျားရည်၊ သကြား၊ ဗီနီကာတို့နဲ့ ရောစပ်စားသုံးတဲ့ဓလေ့က စပိန်လူ့အသိုင်းအဝိုင်းကြားမှာ တွင်ကျယ်လာပါတယ်။ ကြေးရတတ်လူချမ်းသာကြီးတွေရဲ့ အိမ်တိုင်းမှာ ချောကလက်ဖျော်ရည်ထည့်ထားတဲ့ ခရားကမရှိမဖြစ်အရာတစ်ခုလို ဖြစ်လာပါတယ်။ ကိုကိုးစေ့တွေခူးပြီး ချောကလက်ဖျော်ရည်လုပ်ဖို့ဆိုတာက အဲ့ဒီအချိန်တုန်းက တော်တော်လက်ဝင်တဲ့အလုပ်ဖြစ်သလို အချိန်လည်းတော်တော်ကုန်ပါတယ်။ အများကြီးထုတ်နိုင်ဖို့ဆိုရင် ပိုဆိုးတာပေါ့။ ဒီလိုနဲ့ပဲ ၁၇၀၀ နဲ့ ၁၈၀၀ ကြားရောက်တဲ့အချိန်ရောက်တော့ ကာရေဘီယမ်ဒေသ (Caribbean) ဒေသမှာ ကိုကိုးပင်တွေ အမြောက်အမြားစိုက်ပျိုးနိုင်ဖို့အတွက် အာဖရိကကမ်းရိုးတန်းဒေသက လူမည်းကျွန်တွေကို ခိုင်းစေခဲ့ကြပါတယ်။ ချောကလက်လောကတစ်ခုလုံး စတင်ပြောင်းလဲခဲ့တာက ၁၈၂၈ ခုနှစ်ရောက်မှပါ။

ချောကလက်ဘိုးအေကြီး

ကိုကိုစေ့ကြိတ်ချေစက်ကို အမ်စတာဒမ် (Amsterdam) မြို့က ကိုးနတ်ဗန် ဟူတန် (Coenraad van Houten) တီထွင်ခဲ့ပါတယ်။ အဲဒီစက်ကနေရတဲ့ ကိုကိုးမှုန့်တွေကို အခြားကိုယ်နှစ်သက်တဲ့အရာတွေနဲ့ ရောစပ်ဖျော်တာ ကနေ ဒီနေ့ခေတ်လို ချောကလက်အတုံးလေးတွေ ဖြစ်လာပါတယ်။ သိပ်မကြာတဲ့အချိန်မှာပဲ ဆွစ်ဇာလန်က ချောကလက်ဘိုးအေကြီး ဒန်နီရယ်ပီတာ (Daniel Peter) က ကိုကိုးမှုန့်တွေကို နွားနို့နဲ့ရောစပ်ပြီး နို့ချောကလက်ကို စတင်ထုတ်လုပ်ခဲ့ပါတယ်။

၂၀ ရာစုရောက်တဲ့အချိန်မှာတော့ ချောကလက်ဆိုတာ ဇိမ်ခံပစ္စည်း၊ ငွေကြေးချမ်းသာတဲ့သူတွေကြီးပဲ သုံးစွဲတဲ့အရာမဟုတ်တော့ပဲ လူတိုင်းစားသုံးနိုင်တဲ့ စားသောက်ကုန်တစ်ခုဖြစ်လာပါတယ်။ ဒီိလိုနဲ့ပဲ ကိုကိုးပင်တွေကို အမြောက်အများစိုက်ပျိုးနိုင်ဖို့ ထပ်မံလိုအပ်လာပါပြီ။ ပြသနာက ကိုကိုးပင်ဆိုတာ အီကွေတာအနီးပတ်ဝန်းကျင်မှာပဲ စိုက်ပျိုးနိုင်ပါတယ်။ အာဖရိကကျွန်တွေကိုခေါ်ပြီး တောင်အမေရိကမှာ ကိုကိုးပင်တွေကို စိုက်ပျိုးနေတာကနေ စိုက်ခင်းတွေက အာဖရိကတိုက်အနောက်ပိုင်းကိုရွေ့လာပါတယ်။ အခုအချိန်မှာတော့ အိုင်ဗရီကို့စ်နိုင်ငံက ကမ္ဘာ့ကိုကိုးထုတ်လုပ်မှုရဲ့ ၅ ပုံ ၂ ပုံ အထိ စိုက်ပျိုးထုတ်လုပ်နေပါတယ်။ အဲ့ဒီအချိန်တုန်းက ကိုကိုးစိုက်ပျိုးထုတ်လုပ်တဲ့နေရာမှာ အနောက်တိုင်းကုမ္ပဏီတွေအနေနဲ့ အာဖရိက က ကလေးလုပ်သားတွေကို အသုံးပြုခဲ့တဲ့အပြင် လုပ်အားခတွေကိုလည်း ခေါင်းပုံဖြတ်ခဲ့ပါတယ်။ ချောကလက်ကြောင့်ရတဲ့ အကျိုးအမြတ်တွေကိုလည်း အာဖရိကတိုက်သားတွေ မခံစားရပါဘူး။

ချိုမြိန်ခြင်းမှာ ဘဝခါးခါးတွေပါ

အခုအချိန်မှာတော့ ချောကလက်ဆိုတာ လူတိုင်းနှစ်သက်တဲ့အရာတစ်ခုဖြစ်သလို ချောကလက်ထုတ်လုပ်တဲ့ကုမ္ပဏီတွေလည်း အများကြီးရှိနေပါပြီ။ ချောကလက်တစ်ထောင့်ကို အခွံခွာစားလိုက်တာနဲ့ ချိုမြိန်တဲ့အရသာကို ခံစားရမှာတော့ အသေအချာပါပဲ။ ဒါပေမယ့် ချောကလက်သမိုင်းတစ်လျှောက်မှာ လူမည်းတွေရဲ့သွေးချွေးတွေအမြောက်အမြား စတေးခဲ့ရတာကို မမေ့ကြပါနဲ့။

မင်းသုခ (အခရာ)

www.akhayar.com