နာမည်ကျော် ကနေဒါလူမျိုးအဆိုတော် Drake က ဘောလုံးအသင်းတွေနဲ့ သိပ်ကံမစပ်တဲ့ပုံပါပဲ။ သူနဲ့အတူ ကလပ်အသင်းက ကစားသမားတစ်ဦးဦး ဓာတ်ပုံရိုက်ပြီဆိုရင် အဲဒီအသင်းဟာ အံ့အားသင့်စရာကောင်းလောက်အောင် ရှုံးပွဲကြုံရလေ့ရှိတယ်။ ဧပြီလအစောပိုင်းတုန်းက အဲဗာတန်-အာဆင်နယ်ပွဲမတိုင်ခင် အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်း Aubameyang နဲ့ Drake တို့ ဓာတ်ပုံရိုက်တယ်၊ အာဆင်နယ် (၁-၀)ဂိုးနဲ့ ရှုံးတယ်၊ နောက်တစ်ခါ ဒေါ့မွန်လူငယ်ကြယ်ပွင့် ဆန်ချို Jadon Sancho နဲ့ ဓာတ်ပုံရိုက်ပြီး မကြာခင်မှာပဲ ဒေါ့မွန်အသင်း ဘိုင်ယန်ကို (၅)ဂိုးပြတ်နဲ့ မရှုမလှရှုံးနိမ့်ခဲ့ပြန်တယ်။

ဒါတင်မကသေးပါဘူး စပါးနဲ့မန်စီးတီးတို့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ မတိုင်ခင် မန်စီးတီးတိုက်စစ်မှူး အဂွဲရိုး Aguero က Drake နဲ့ ဓာတ်ပုံအတူတွဲရိုက်ခဲ့ပြီး ပွဲရလဒ်ကတော့ ပရိသတ်တွေ သိတဲ့အတိုင်းပါပဲ။ ‘The Drake Curse’ လို့ တင်စားရမယ့် Drake ရဲ့ ကျိန်စာဆိုးက အဲဒီလောက်နဲ့ မရပ်တန့်ခဲ့ပြန်ဘူး။ မန်ယူ-ဘာစီလိုနာပွဲမတိုင်ခင် ပေါ့ဘာ Pogba ဟာ Drake နဲ့ ဓာတ်ပုံအတူ တွဲရိုက်ခဲ့ပြီး မန်ယူဟာ အိမ်ကွင်းမှာပဲ ဘာစီလိုနာကို အရှုံးပေးခဲ့ရတယ်။ ဒါ့အပြင် လိုင်လီနဲ့ PSG တို့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးပွဲမတိုင်ခင် PSG နောက်ခံလူ ခါဇာဝါ Layvin Kurzawa ဟာ Drake နဲ့ ဓာတ်ပုံတွဲရိုက်ပြီး အဲဒီပွဲမှာ PSG အသင်းဟာ (၅-၁)ဂိုးနဲ့ မထင်မှတ်လောက်အောင် အရှက်တကွဲရှုံးနိမ့်ခဲ့ပြန်ပါတယ်။ တစ်ခါ၊ နှစ်ခါဆိုရင်တော့ တိုက်ဆိုင်မှုလို့ပြောလို့ရပေမယ့် အခုဟာက (၃၊၄)ခါဆိုတော့ တိုက်ဆိုင်မှုသက်သက် မဟုတ်တော့ပါဘူး။ Drake ကျိန်စာဆိုးကို နောက်ဆုံးခံစားခဲ့ရတာက ဂျူဗင်တပ်စ်အသင်းပါပဲ။ ဒါပေမဲ့ ဂျူဗင်တပ်စ်ကစားသမားတွေ Drake နဲ့ ဓာတ်ပုံတွဲရိုက်ခဲ့တာတော့ မဟုတ်ဘူး။ Drake ဟာ ဂျူဗင်တပ်စ်အသင်းအင်္ကျီဝတ်ဆင်ထားတဲ့ပုံကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ခဲ့ပြီး သိပ်မကြာခင်မှာ ဂျူဗင်တပ်စ်အသင်းဟာ အိမ်ကွင်းမှာပဲ အေဂျက်စ်ကို အံ့အားသင့်စရာကောင်းလောက်အောင် (၂-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ကွာတားဖိုင်နယ်အဆင့်က ထွက်ခဲ့ရပါပြီ။

Drake ရဲ့ ကျိန်စာဆိုးကို မန်ယူအသင်းက အသုံးချဖို့ ကြံစည်ခဲ့ပါသေးတယ်။ အဲဒါကတော့ ဘာစီလိုနာနဲ့ ဒုတိယအကျော့ကစားမယ့်ပွဲမတိုင်ခင် ဘာစီလိုနာဂျာစီဝတ်ဆင်ထားတဲ့ Drake ရဲ့ပုံကို သူတို့ Twitter စာမျက်နှာမှာ ဖော်ပြခဲ့တာဖြစ်ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ မန်ယူအသင်းဟာ အဝေးကွင်းမှာ ဘာစီလိုနာကို (၃)ဂိုးပြတ်ရှုံးနိမ့်ပြီး ကွာတားဖိုင်နယ်က ထွက်ခဲ့ရပြီဖြစ်ပါတယ်။ အခုဆိုရင် Drake နဲ့ ဓာတ်ပုံတွဲရိုက်ရမှာကို ဘောလုံးသမားတွေ ကြောက်လန့်နေကြပါပြီ။ ရိုးမားအသင်းကတော့ ပြတ်ပြတ်သားသားပဲ လုပ်ခဲ့ပါတယ်။ အဲဒါက သူတို့အသင်းက ကစားသမားတွေ ရာသီကုန်အထိ Drake နဲ့ လုံးဝ ဓာတ်ပုံတွဲမရိုက်ရဘူးလို့ ပြင်းပြင်းထန်ထန် တားမြစ်ထားတာပဲဖြစ်ပါတယ်။ Drake ရဲ့ ကြမ္မာဆိုးက ဘောလုံးတစ်ခုတည်းတင် မဟုတ်ပါဘူး။ ၂၀၁၅ ခုနှစ်တုန်းက US Open တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်မတိုင်ခင် ဆရီနာဝီလီယံ Serena Williams ဟာ Drake နဲ့ ဓာတ်ပုံရိုက်ခဲ့ပြီး အဲဒီပွဲမှာ မထင်မရှားတင်းနစ်မယ် Roberta Vinci ကို ရှုံးနိမ့်ခဲ့တယ်၊ ၂၀၁၈ တုန်းကလည်း မက်ဂရီဂေါ် Conor McGregor ဟာ ခါဘစ် Khabib Nurmagomedov ကို ရှုံးနိမ့်ခဲ့ပြန်တယ်။ ဒါကြောင့် Drake နဲ့ ဓာတ်ပုံတွဲရိုက်ခဲ့တဲ့ အားကစားသမားတွေ ရှုံးပွဲကြုံလေ့ရှိတာက တိုက်ဆိုင်မှုပဲလား၊ ဒါမှမဟုတ် ကံကြမ္မာဆိုးကြောင့်ပဲလားဆိုတာကတော့ ပရိသတ်တွေ ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြပါတော့ . . .

REF:Sportsbible
Photo: Twitter, Instagram
Naing Linn(Akhayar)
www.akhayar.com