ဘောလုံးသမိုင်းမှာ ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ကစားသမားဆိုရင် ဘယ်သူ့ကို အရင်ဆုံးပြေးမြင်မိလဲ။ ဒိုင်လူကြီးကို စောင့်တွန်းခဲ့တဲ့ လူကြမ်းကြီး ဒီကာနီယို Di Canio လား၊ ပရိသတ်ကို ကွန်ဖူးကစ်နဲ့ ကန်ခဲ့တဲ့ ကန်တိုနာ Eric Cantona လား၊ အနီကတ်ပြခံရတာကို ကလေးကစားစရာလို သဘောထားပြီး ပြိုင်ဘက်ကို ဘောလုံးကွင်းထဲ နောက်ထပ်ခြေချလို့မရအောင် ခြေထောက်ရိုက်ချိုးပြခဲ့တဲ့ ရွိုင်ကိန်း Roy Keane များလား၊ ဒါမှမဟုတ် သူနဲ့အပြိုင် ကြမ်းခဲ့ရမ်းခဲ့တဲ့ ဗီအဲရာ Patrick Vieira လား။ သူတို့တွေထဲက တစ်ယောက်ကို ရွေးမယ်ဆိုရင်တော့ ပရိသတ်တွေအထင် မှားပါတယ်။ ဘောလုံးလောကမှာ အကြမ်းရမ်းဆုံး ကစားသမားကတော့ ကိုလံဘီယာကစားသမားဟောင်း ဂီရာဒိုဘီဒိုရာ Gerardo Bedoya ပါပဲ။ ရေခံမြေခံက ကိုလံဘီယာကဆိုတော့ ဘာပြောကောင်းမလဲပေါ့။ ထစ်ကနဲဆို ဒေါသထွက်တတ်သူ၊ လက်ရောခြေထောက်ရော ပါတတ်သူပါ။

အဲဒါကြောင့်ပဲ ဘီဒိုရာရဲ့ ကစားသမားဘ၀မှာ အနီကတ်(၄၅)ကတ်နဲ့ နည်းပြဘ၀မှာ အနီကတ် (၂)ကြိမ် စုစုပေါင်း(၄၇)ကြိမ်အထိ အနီကတ်ပြသခံခဲ့ရပြီး ဒါဟာ ဘောလုံးသမိုင်းမှာ စံချိန်တင်အနီကတ်အရေအတွက်ဖြစ်ပါတယ်။ တစ်ခါတုန်းကဆိုရင် သူ့အသင်းဖော်ဟောင်းကို ခြေထောက်နဲ့ကန်ခဲ့လို့ (၁၅)ပွဲပယ်ခံခဲ့ရဖူးတယ်။ ၂၀၁၅ ခုနှစ်မှာ ဘောလုံးသမားဘ၀ကနေ အနားယူသွားချိန်မှာတော့ ဘီဒိုရာရဲ့ နာမည်ကို မကြားဖူးတဲ့ ဒိုင်လူကြီးဆိုတာ မရှိသလောက်ပါပဲ။ ၁၉၉၆ ခုနှစ်မှာ ကိုလံဘီယာကလပ် ဒီပို့တီဗိုပါရဲရားအသင်းအတွက် ပွဲထွက်ကစားခွင့်ရခဲ့ပြီး အဲဒီအချိန်ကတည်းက သူဟာ ကွင်းတွင်းခြေစွမ်းထက် တံတောင်စွမ်းပြတာမျိုး၊ ပြိုင်ဘက်တွေကို ခြေစုံပစ်ဝင်တာမျိုးစတဲ့ နေရာတွေမှာ ပိုအစွမ်းပြခဲ့တယ်။ ကစားတဲ့နေရာက ကွင်းလယ်ခံစစ်ဆိုပေမယ့် သူက လိုတာထက် ပိုကြမ်းခဲ့ပြီး လိဂ်ပွဲ(၄၅)ပွဲမှာ အနီကတ်(၅)ကတ်ထိတဲ့အထိ သူ့ရဲ့စွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။ ကစားသမားဘ၀တစ်လျှောက် တောင်အမေရိကကလပ်တွေမှာပဲ ကျင်လည်ခဲ့ပြီး ဥရောပကို မလာတာက ဥရောပကလပ်အသင်းတွေအတွက် ကံကောင်းမှုတစ်ခုပါပဲ။ ဒါပေမဲ့ ဘီဒိုရာက ကိုလံဘီယာအသင်းအတွက် အောင်မြင်မှု ရယူနိုင်ခဲ့ပြီး ၂၀၀၁ ကိုပါဖလားကို အရယူပေးနိုင်ခဲ့တယ်။

ဘီဒိုရာရဲ့ နာမည်ကို ပရိသတ်တွေ ကြားဖူးချင်မှ ကြားဖူးပါလိမ့်မယ်။ ဒါပေမဲ့ သူနဲ့ ရင်ဆိုင်ခဲ့ရတဲ့ တိုက်စစ်မှူးတွေအတွက်တော့ ဘီဒိုရာကို ဝေးဝေးက ရှောင်ချင်နေကြပါလိမ့်မယ်။ တကယ်လို့ တိုက်စစ်မှူးတစ်ဦးနဲ့ ဘီဒိုရာ ရင်ဆိုင်ရပြီဆိုပါစို့၊ အဲဒါဆိုရင် သိပ်မကြာခင်မှာ အဲဒီကစားသမားရဲ့ ခြေထောက်တစ်ခုလုံး သံမှိုနဲ့ဆက်တိုက်ရိုက်သလို ဒဏ်ရာခွဲစိတ်ကုသဖို့သာ ပြင်ထားပါတော့။ အသင်းဖော်ဟောင်းကို ခြေထောက်နဲ့ကန်လို့ (၁၅)ပွဲပယ်ခံရတဲ့အကြောင်းလေးလည်း ရှင်းပြချင်ပါသေးတယ်။ သူ့ရဲ့ အသင်းဟောင်း Millonarios နဲ့ ပြန်တွေ့ခဲ့တုန်းကပေါ့။ Millonarios ကစားသမားဖြစ်တဲ့ Jhonny Ramirez ကို တံတောင်စွမ်းပြခဲ့လို့ မြက်ခင်းပေါ်မှောက်နေတုန်း တံတောင်အရသာကျွေးရတာ အားမရဖြစ်နေတဲ့ ဘီဒိုရာဟာ အဆစ်ပေးတဲ့အနေနဲ့ ခြေထောက်နဲ့ပါ နဖူးကွဲအောင် ကန်လိုက်ပါသေးတယ်။ အဲဒီလုပ်ရပ်အတွက် (၁၅)ပွဲပယ်ခံရတာပါ။ ကစားသမားဘ၀မှာ ကြမ်းရုံတင်မကသေးပါဘူး၊ နည်းပြဘ၀ကို ရောက်တော့လည်း ပထမဆုံး စကိုင်တဲ့ပွဲမှာပဲ အနီကတ်နဲ့ ထုတ်ခံခဲ့ရပါသေးတယ်။ ဘယ်လိုလဲ .. ပရိသတ်ရေ .. ဒီလောက်ကြမ်းရမ်းတဲ့ ကစားသမားမျိုး တွေ့ဖူးပါလား . .တကယ်လို့ ပရိသတ်တွေသာ ဘီဒိုရာနဲ့ ဘောလုံးပြိုင်ကန်မယ်ဆိုရင် ကန်ရဲပါ့မလား . .

ဂီရာဒိုဘီဒိုရာရဲ့ ရုပ်သံဖိုင်ကြည့်ရန် လင့်ခ်

REF:Dream Team
Photo,Diario AS,El Colombiano,Getty Images,
Naing Linn(Akhayar)
www.akhayar.com