“ပီယာလို Andrea Pirlo နဲ့ ပတ်သက်ပြီး အမှန်အတိုင်းပြောရရင် သူကေ**မသားဗျ”။ ဒီစကားက ပီယာလိုနဲ့ ဆက်ဆံရေးအပေါ် အီတလီနဲ့ အေစီမီလန်ဂန္ထ၀င် ကစားသမားကြီး ဂတ်တူဆို Gennaro Gattuso က ထူးထူးဆန်းဆန်း မှတ်ချက်ပေးခဲ့တာပါပဲ။ သူတို့နှစ်ဦးက အီတလီအသင်းမှာရော အေစီမီလန်မှာပါ နှစ်တွေအကြာကြီး တွဲဆော့ခဲ့ကြသလို ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေလည်းဖြစ်ပါတယ်။ ဒါပေမဲ့ သူငယ်ချင်းတွေရဲ့ ထုံးစံအတိုင်း ပြဿနာအကြီးကြီးတက်ခဲ့တာလည်း ရှိတာပေါ့။ ဂတ်တူဆို ဆိုတာကလည်း သိတဲ့အတိုင်း စိတ်က လက်တစ်ဆစ်ရယ်။ ထစ်ခနဲဆို ဒေါသထွက်လွန်းလို့ သူ့ကို ကြံ့ကြီး (Rhino)ဆိုပြီး နာမည်ပြောင်ပေးခဲ့ရတဲ့အထိပါပဲ။ တစ်နေ့မှာ ဂတ်တူဆိုဟာ ဘယ်လောက်တောင် ပေါက်ကွဲသွားလဲတော့ မသိဘူး၊ ပီယာလိုကို ထမင်းစားတဲ့ ခက်ရင်းနဲ့ အကြိမ်ကြိမ်ထိုးသတ်ဖို့ ကြိုးစားခဲ့ဖူးတယ်။ အဲဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ ပီယာလိုက အခုလိုဖောက်သည်ချခဲ့ပါတယ်။

“အေစီမီလန်အသင်းရဲ့ လေ့ကျင့်ရေးကွင်း Milanello မှာ ကျွန်တော်တို့တွေ နေ့လည်စာစားချိန်မှာပေါ့။ ကျွန်တော်တို့တွေဟာ ဂတ်တူဆိုကို အကြီးအကျယ်စိတ်ဆိုးအောင် စဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့ကြပြီး ဖြေရခက်တဲ့ မေးခွန်းတွေကို ဆက်တိုက်မေးခဲ့တယ်။ သူပြောတာမှားပြီဆိုရင် အားလုံးက ၀ိုင်းပြီး လှောင်တော့တာပဲ။ တကယ်လို့ မှန်ခဲ့ရင်တောင် ကျွန်တော်တို့က မင်း မှားနေပြီလို့ ရုပ်တည်ကြီးနဲ့ နောက်ကြပြန်ရော။ ကျွန်တော်ရယ်၊ အမ်ဘရိုစီနီ Ambrosini ၊ နက်စတာ Nesta ၊ အင်ဇာဂီ Inzaghi ၊ အော်ဒို Oddo တို့ဆိုတာက အေစီမီလန်အသင်းမှာ ငပြောင်တစ်သိုက်ပဲ” ပီယာလိုကလည်း ရုပ်ကြည့်တော့သာ ခပ်အေးအေးနဲ့ သူများကို ဒုက္ခပေးရမယ်၊ ချောက်တွန်းရမယ်ဆိုရင် ထိပ်ဆုံးက။

 

ပီယာလိုတို့ရဲ့ လုပ်ရပ်က အောင်မြင်ခဲ့တယ်။ အဲဒီအချိန်မှာ ဂတ်တူတိုတစ်ယောက် မျက်နှာကြီးနီရဲပြီး ဒေါသတကြီးဖြစ်လာတယ်။ ဂတ်တူဆိုရဲ့ ဒေါသကို သိနေတဲ့ ပီယာလိုက ပါးပါးနပ်နပ်နဲ့ပဲ စားပွဲပေါ်မှာတင်ထားတဲ့ ဓားတွေကို ခပ်မြန်မြန် လိုက်သိမ်းခဲ့တယ်။ မဟုတ်ရင် ဂတ်တူဆိုကြီးက ဓားနဲ့တကယ်ထိုးတော့မှာလေ။ ဓားရှာမရလို့လားတော့ မသိဘူး၊ ဂတ်တူဆိုဟာ ခက်ရင်းနဲ့ သူ့ကိုစတဲ့သူတွေကို လိုက်ထိုးပါတော့တယ်။ အဲဒီဖြစ်ရပ်ကြောင့် ပီယာလိုရော၊ ကျန်တဲ့သူတွေပါ ဒဏ်ရာရခဲ့ပြီး ပွဲမကစားနိုင်တဲ့အထိ ဖြစ်ခဲ့ရတယ်။ “ကျွန်တော်အပါအ၀င် ကစားသမား တချို့ဟာ ခက်ရင်းနဲ့ထိုးမိတဲ့ဒဏ်ရာကြောင့် အသင်းရဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့ပါတယ်။ ကလပ်အသင်းကတော့ ကျွန်တော်တို့တွေဟာ ကြွက်သားဒဏ်ရာရနေလို့ဆိုပြီး သတင်းထုတ်ပြန်ခဲ့တာပါ။ နောက်ပိုင်းကျတော့ ဂတ်တူဆို ဒေါသထွက်နေပြီဆိုရင် ကျွန်တော်တို့ မသိချင်ယောင်ဆောင်နေကြတယ်။ ဒါပေမဲ့ သူ စိတ်ပြန်ပြေလို့ သူ့အခန်းထဲဝင်သွားချိန်မှာ ကျွန်တော်တို့တွေက ဆိုဖာခုံတွေယူ သူ့အခန်းရှေ့မှာ ပိတ်ချထားပြီး အပြင်မထွက်နိုင်အောင် လုပ်ခဲ့ကြတာပါ”

ပီယာလိုဟာ ဂတ်တူဆိုကို ဘယ်လောက်တောင် ချောက်တွန်းခဲ့လဲဆိုတာကို ဂတ်တူဆိုက အခုလိုပြောပြခဲ့တယ်။ “ပီယာလိုရဲ့ အပြင်ပန်းကို ကြည့်ရင်တော့ စိတ်ကောင်းရှိမယ့်ပုံလေးပေါ့။ ဒါပေမဲ့ အမှန်အတိုင်းပြောရရင် သူ့အမေကိုလည်း အားတော့နာပါတယ်၊ ဒီကောင်ကေ**မသားဗျ။ တစ်နေ့မှာ ကျွန်တော်က စားပွဲပေါ်မှာ ဖုန်းမေ့ကျန်ခဲ့တယ်။ အဲဒီမှာ ပီယာလို ဘာလုပ်တယ်ထင်လဲ။ အေစီမီလန် ဒုဥက္ကဌဆီ မက်ဆေ့ခ်ျလှမ်းပို့ပြီး ကျွန်တော့် ညီမကို ယူမလားလို့ ရေးခဲ့သေးတယ်။ ဂတ်တူဆို ဆိုတာကလည်း အပေါ်မှာဖော်ပြခဲ့သလို ထစ်ခနဲဆို လက်ပါတတ်တဲ့သူမျိုး။ ၂၀၁၁ ခုနှစ်တုန်းက စပါးအသင်းလက်ထောက်နည်းပြနဲ့ ရန်ဖြစ်ပြီး လည်ပင်းညှစ်ခဲ့တယ်။ ပွဲကစားချိန်မှာလည်း အသားလွတ် လူချဖို့ ၀န်လေးတဲ့သူ မဟုတ်ဘူး။ ကစားသမားဘ၀မှာတင်ပဲလားဆိုတော့ မဟုတ်ပြန်ဘူး။ နည်းပြဘ၀ရောက်တော့လည်း ဒေါသကြီးတုန်းပဲ။ ပွဲတစ်ပွဲနိုင်လို့ အသင်းက ကစားသမားတွေကို ဂုဏ်ပြုရင် ပါးရိုက်ပြီး ဂုဏ်ပြုပါတယ်တဲ့။

ဂတ်တူဆိုလို ဒေါသကုမ္မာရနဲ့ ပီယာလို ခပ်အေးအေးပုံစံမျိုးက ဘယ်လိုတွဲဖက်မိလဲဆိုတာ မစဉ်းစားတတ်အောင်ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ကျောင်းတုန်းက အရမ်းစတတ်တဲ့ သူငယ်ချင်းနဲ့ ဒေါသကြီးတဲ့ သူငယ်ချင်းတွေဆို တခြားသူတွေထက် ပိုရင်းနှီးကြသလို ဂတ်တူဆိုနဲ့ ပီယာလိုတို့ကလည်း တကယ့်ကို ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ကွင်းထဲမှာ အကောင်းဆုံး တွဲဖက်ကစားနိုင်ကြတဲ့သူတွေဖြစ်ပြီး အီတလီ၊ အေစီမီလန်အသင်းအတွက် ကမ္ဘာ့ဖလားလို၊ ချန်ပီယံလိဂ်လို အထင်ကရ ဆုဖလားအောင်မြင်မှုတွေ အများကြီး ရယူပေးခဲ့ကြတယ်။ အခုအချိန်မှာတော့ ပီယာလိုရော၊ ဂတ်တူဆိုပါ မြက်ခင်းစိမ်းတွေကို ကျောခိုင်းသွားကြပါပြီ။ ဒီ Legendary ကစားသမားနှစ်ဦးရဲ့ တစ်ချိန်က လက်တွဲညီညီ ကစားခဲ့တဲ့ ပုံရိပ်တွေကို ပြန်လည်မြင်ယောင်ရင်း အခု Article လေးကို အဆုံးသတ်လိုက်ပါရစေ ..

REF:Oh My Goal
Photo:Twitter, cdn,SPORTbible,Getty Images
Naing Linn(Akhayar)
www.akhayar.com