ဝိတ်ကျဖို့ကလည်း အရေးကြီးပေမယ့် ကျန်းမာသော Lifestyle ဖြစ်လာအောင် ကြိုးစားနေထိုင်နေတဲ့ Campaign တစ်ခုအဖြစ် စိတ်ထဲမှာ သတ်မှတ်ထားပြီး Target နဲ့ ကြိုးစားပါ။ နောက် ၆လနေရင် ဘယ်လို Lifestyle ရစေရမယ်ဆိုတဲ့ စိတ်ဆုံးဖြတ်ချက်မျိုးနဲ့ပေါ့။

တကယ်တော့ ၀တဲ့ ကောင်မလေးတွေ ၀ိတ်မကျနိုင်သေးဘူးဆိုတာလည်း နည်းမှန်လမ်းမှန်နဲ့ ဂရုမစိုက်ဘဲ ပစ်ထားလို့ဖြစ်နေရတာပါ့။ (ကိုယ်ပါ အပါအ၀င်ပေါ့။) တကယ်ကို စိတ်အားလည်း ထက်သန်တယ်။ ကြိုးစားချင်စိတ်လည်း ရှိတယ်။ ပြင်ဆင်မှုကိုလည်း လိုအပ်သလိုလုပ်တယ်ဆိုရင်တော့လည်း ဒီဝိတ်က ဘယ်ခံနိုင်မလဲ။ ခဏလေးနဲ့ ထွက်ပြေးသွားမှာပေါ့။ ဒီတော့ ကြိုကြိုတင်တင်ပြင်ဆင်မှုတွေလုပ်ပြီး ၀ိတ်အတူချချင်တဲ့သူတွေရှိလား။ ဘယ်လိုပြင်ဆင်မှုတွေလဲဆိုတာ ပြောပြမယ်နော်။

ပတ်ဝန်းကျင်မှာ ကျန်းမာရေးနဲ့ ညီညွတ်တာတွေပဲ ရှိပါစေ

အစားအသောက်လျှော့တာက အစပိုင်းမှာတော့ ဘယ်ခံနိုင်ပါ့မလဲ။ ဆာတာပေါ့။ အရမ်းကြိုက်တဲ့အချိုတွေ၊ အကြော်တွေနဲ့ မုန့်ထုပ်တွေ လွမ်းနေမှာ တအားပဲ။ ဒီတော့ အရမ်းအလွမ်းလွန်သွားရင် ဘေးနားရှိတာ လျှောက်စားကြတော့မယ်မလား။ ကြိုသိနေတယ်လေ။ ဒီတော့ ဒီနေ့ကစပြီး အလုပ်စားပွဲ၊ အိပ်ခန်းစတဲ့ ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်မှာ အစားအစာတွေထားမယ်ဆိုရင်လည်း ၀ိတ်ကျဖို့အတွက် အထောက်အကူပြုပြီး ကျန်းမာရေးနဲ့ညီညွတ်တာတွေပဲ တမင်ရှာထားရအောင်။ ဥပမာ အိတ်ထဲမှာ Dark Chocolate ဆောင်ထားတာမျိုး။ မတရား သည်းမခံနိုင်တော့ဘဲနဲ့ စားမယ်ကွာဆိုရင်တောင် တခြား မုန့်ထုတ်တွေ ထည့်ထားလို့ စားမိတဲ့သူတွေထက်တော့ ခံသာပါသေးတယ်။

သရေစာကို ကြိုတင်ပြင်ဆင်လာပါ

နေ့စဉ်နေ့တိုင်း နေ့လည် သုံးနာရီလောက်ရောက်ရင် ဟိုဟာလေးပဲ ဆာသလိုလို၊ ဒီဟာလေးပဲ စားချင်သလိုလိုဖြစ်လာပြီး သရေစာစားတတ်လို့လည်း ၀နေတာပေါ့။ ငါဟဲ့ ၀ိတ်ချမယ်ဆိုပြီး နေ့လည် သရေစာ ဖြတ်လိုက်ဖို့များ အစပိုင်းမှာ လုံးဝစိတ်မကူးပါလေနဲ့။ ဒုံရင်းက ဒုံရင်းပဲ ပြန်ဖြစ်သွားမှာ မြင်ယောင်လို့ပါ။ အဲဒီ့အစား ညကတည်းက မနက်ဖြန် ရုံးမှာ နေ့လည် သရေစာစားဖို့ဆိုပြီး ကြိုတင်ပြင်ဆင်ထည့်သွားပါ။ ဘာတွေထည့်ရမလဲဆိုတော့ အသီးအနှံတွေပေါ့။ အရသာရှိပြီး ကိုယ်ကြိုက်တဲ့ အသီးအနှံ သုံးလေးမျိုးလောက်ကို Mixed Fruit လုပ်ပြီး ဘူးထဲထည့်သွားလိုက်။

ရေဓာတ်ပြည့်ဝဖို့ ကြိုးစားကြစို့

ရေသောက်နေရင်လေ အသားအရည်လည်း လှတယ်။ ဗိုက်လည်း ၀တယ်။ ည အိပ်ခါနီးတော့ မသောက်နဲ့ပေါ့။ ဒါပေမယ့် မိုးလင်းတာနဲ့ ရေသောက်မယ်။ တစ်နေကုန် ရေကို ခရားကြီးနဲ့ ထည့်ထားပြီး ခဏတိုင်းသောက်မယ်။ ဗိုက်ဆာလည်း လျော့သလို ဆီးမှန်၊ ၀မ်းမှန်ပြီး အသားအရည်လည်း လှစေပါတယ်။ အပြင်မှာလည်း နေပူတယ်နော်။ ကိုယ်ပိုင်ရေဘူးလှလှလေးဝယ်ပြီး ရေအပြည့်ထည့် ဆောင်သွား။ သူများရေခွက်တွေနဲ့ ရေဘူးတွေယူသောက်လို့ ရောဂါကူးစက်ခံရမှာကိုပါ တားဆီးပြီးသွားဖြစ်သွားတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။

နေတတ်သလို နေဖို့ စိတ်ထားပါ

စိတ်ဖိစီးမှုများရင်လည်း ကိုယ်ခန္ဒာဝဖြိုးတယ်ဆိုတာ ယုံလား။ စိတ်ညစ်စရာတွေများလာတာနဲ့အမျှ အိုမင်းရင့်ရော်လာပြီး ပုံပျက်ပန်းပျက်ဖြစ်လာမှာပါပဲ။ ပျော်အောင်နေပြီး လန်းဆန်းသွက်လက်နေအောင် ကြိုးစားနေထိုင်တာကလည်း ၀ိတ်ချစေတဲ့ လျှို့ဝှက်ချက်တစ်ခုပဲနော်။ အရေးမပါတာတွေ စိတ်ထဲက ထုတ်ပစ်လိုက်တော့။ ဘယ်အရာမဆို သွက်သွက်လက်လက်နဲ့ မြန်မြန်ဆန်ဆန် လုပ်တော့ လေ့ကျင့်ခန်းလည်းဖြစ်၊ ၀ိတ်လည်းကျ။ လူတကာလည်း အားကျ။ ပျော်ရွှင်လန်းဆန်းတဲ့ Lifestyle ကို ပြောင်းလဲပစ်လိုက်ပါ။

အိပ်ရေးဝအောင် အိပ်စက်ပါ

ဘာတွေ တွေးပူနေတာလဲ။ တွေးပူနေလည်း မဖြစ်ချင်တဲ့အရာတွေက မဖြစ်ဘူး။ ဖြစ်ချင်တဲ့အရာတွေကတော့ ဖြစ်လာမှာပဲ။ ဂိမ်းတွေဖုန်းတွေသုံးနေတာတွေလည်း ညဘက်ရောက်ရင် လျှော့ချလိုက်ပါတော့နော်။ ညဘက်ကို အိပ်ရေးဝအောင် အိပ်မှ ကျန်းမာမယ်။ လန်းဆန်းမယ်။ ၀ိတ်ကျမယ်။ အသားအရည်လှမယ်။ ဒီလောက် ကောင်းတဲ့ သဘာဝဆေးနည်းကြီးကို ဘာလို့ လူတွေ မေ့နေကြပါလိမ့်။ အခုကစပြီး အိပ်ရေး၀၀အိပ်ကြရအောင်နော်။

Campaign တစ်ခုလို့ သဘောထားပါ

ဝိတ်ကျဖို့ကလည်း အရေးကြီးပေမယ့် ကျန်းမာသော Lifestyle ဖြစ်လာအောင် ကြိုးစားနေထိုင်နေတဲ့ Campaign တစ်ခုအဖြစ် စိတ်ထဲမှာ သတ်မှတ်ထားပြီး Target နဲ့ ကြိုးစားပါ။ နောက် ၆လနေရင် ဘယ်လို Lifestyle ရစေရမယ်ဆိုတဲ့ စိတ်ဆုံးဖြတ်ချက်မျိုးနဲ့ပေါ့။ ပေါ့ပေါ့လျော့လျော့လုပ်နေရင် ဘယ်မှာ အမှတ်ပြည့်ရပါ့မလဲ။ သေချာ မဆုတ်မနစ်နဲ့ ကြိုးစားလုပ်ကိုင်မှပဲ ရမှာပေါ့။ ဘယ်အရာမှ လွယ်လွယ်မရနိုင်ဘူးနော် ကောင်မလေးတို့။

ကိုယ့်ရဲ့ အသားကျပြီးနေတဲ့ Lifestyle တစ်ခုကို ပြောင်းလဲရတာ ထင်သလောက်တော့ မလွယ်ကူပါပဲ။ ဒါပေမယ့် ဒီကမ္ဘာကြီးဟာ Give and Take နဲ့ တည်ဆောက်ထားတယ်။ တစ်ခုပေးမှ တစ်ခုရမယ်ဆိုတာလေးကို နားလည်ရင်ပဲ တော်တော်အဆင်ပြေနေပါပြီ။ အလုပ်တစ်ခုကို အကျင့်ပါအောင် လုပ်ချင်တယ်ဆိုရင် ရက် (၂၀) ဆက်တိုက် မပြတ်မကွက် ပြီးမြောက်အောင် လုပ်ပေးပါ။ ကျန်တဲ့ရက်တွေမှာက အကျင့်ပါသွားပါလိမ့်မယ်။ ဒီတော့ အတူတူကြိုးစားပြီး ၀ိတ်လျှော့ကြမယ်နော်။ ၀ိတ်များရင် လှလည်းမလှဘူး။ ကျန်းမာရေးနဲ့လည်း မညီညွတ်ဘူး။ ဒီတော့ ဒီနေ့ကစပြီး ယုံကြည်ချက်ထားပြီး Campaign လေးကို အသက်သွင်းလိုက်ရအောင်။

(Photo Credit)

Moethaesay (Akhayar)

www.akhayar.com