ဘောလုံးလောကရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးတွေထဲမှာ အပြောင်းအရွှေ့ကဏ္ဍကလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ နာမည်ကျော်ကစားသမားတွေရဲ့ မထင်မှတ်တဲ့အပြောင်းအရွှေ့တွေ၊ Dead Line Day မှ ဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအရွှေ့တွေကြောင့်လည်း ပရိသတ်တွေကို ဖမ်းစားနိုင်တာပါ။ ဒါပေမဲ့ တစ်ခါတစ်လေကျရင်လည်း ဘယ်သူမှ မထင်မှတ်တဲ့ ကြိုးပမ်းမှုတွေလည်း ရှိခဲ့ပါသေးတယ်။ အဲဒါကြောင့် နာမည်ကျော် အားကစားရေဒီယိုတစ်ခုဖြစ်တဲ့ talkSPORT.com က နာမည်ကျော်ကစားသမားတွေကို ပရီးမီးယားလိဂ်ရဲ့ သာမန်ကလပ်တွေ ကြိုးပမ်းခဲ့တဲ့ဖြစ်ရပ်တွေကို အခုလိုဖော်ပြခဲ့ပါတယ် . .

Zinedine Zidane To Blackburn Rovers F.C

၁၉၉၄-၉၅ ရာသီ ပရီးမီးယားလိဂ်မှာ ဘလက်ဘန်းအသင်း ဗိုလ်စွဲခဲ့ပြီးတဲ့နောက် ဘော်ဒိုးအသင်းမှာ ခြေစွမ်းပြကစားနေတဲ့ ဇီဒန်း Zinedine Zidane ကို ခေါ်ယူနိုင်မယ့် အခွင့်အရေး ရခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ဘလက်ဘန်းအသင်းနည်းပြ ဒဲဂလစ်ရှ် Kenny Dalglish က ဇီဒန်းနဲ့ပတ်သက်ပြီး အခုလိုပြောခဲ့တယ်။ “ကျွန်တော်တို့မှာ တင်မ်ရှားဝုဒ် Tim Sherwood ရှိနေပြီပဲ၊ ဇီဒန်းကို ဘာလို့ ခေါ်ရမှာလဲ” တဲ့။ တကယ်လို့သာ အဲဒီအချိန်မှာ ဇီဒန်းကို ဘလက်ဘန်းခေါ်ယူခဲ့ရင် ဇီဒန်းတစ်ယောက် သူ့ ကစားသမားဘ၀တစ်လျှောက် အမြင့်မားဆုံး အောင်မြင်မှုတွေကို ရယူနိုင်ပါ့မလား . .

Didier Drogba To Birmingham City

 

မာဆေးလ်အသင်းမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ဒရော့ဘာ Didier Drogba ကို ၂၀၀၃-၀၄ ရာသီမှာ ခေါ်ယူဖို့ ဘာမင်ဂမ်အသင်းက စိတ်ဝင်စားခဲ့ဖူးတယ်။ မာဆေးလ်အသင်းက ဒရော့ဘာအတွက် ပေါင်(၃)သန်း ပေးရမယ်လို့ သတ်မှတ်ခဲ့ပြီး ဘာမင်ဂမ်အသင်းကလည်း အဲဒီပမာဏကို ပေးချေဖို့ အသင့်ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဘာမင်ဂမ်အသင်းဟာ ဒရော့ဘာအစား ပရီးမီးယားလိဂ် ၀ါရင့်တိုက်စစ်မှူး ဟက်စကီး Emile Heskey ကို ပေါင်(၆)သန်းအထိ ပေးပြီး ခေါ်ယူခဲ့တာကြောင့် အံ့အားသင့်စရာဖြစ်ခဲ့ရတယ်။ အဓိကအချက်ကတော့ အဲဒီရာသီမှာ ဒရော့ဘာရဲ့သွင်းဂိုးတွေနဲ့အတူ မာဆေးလ်အသင်း UEFA (ယူရိုပါလိဂ်)ဖလား ဗိုလ်လုပွဲတက်ခဲ့တာကြောင့် မာဆေးလ်အသင်းက ပြောင်းရွှေ့ကြေးကို မြှင့်တင်လိုက်လို့ပဲဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဒရော့ဘာဟာ ချယ်လ်ဆီးအသင်းကို ရောက်ရှိခဲ့ပြီး ထိတ်ထိတ်ကြဲအောင်မြင်မှုတွေ ရယူခဲ့လို့ ဘာမင်ဂမ်ကို မရောက်တာပဲ ခပ်ကောင်းကောင်းလို့ ပြောရမယ်။

Ronaldinho To Blackburn Rovers

ရော်နယ်လ်ဒင်ဟို Ronaldinho လို ကစားသမားမျိုးကို ဘလက်ဘန်းအသင်းက ခေါ်ဖို့ ကြိုးစားခဲ့ဖူးတယ်ဆိုရင် ယုံနိုင်ပ့ါမလား။ ဒါပေမဲ့ ဘလက်ဘန်းအသင်းဟာ ရော်နယ်လ်ဒင်ဟိုကို ခေါ်ယူဖို့ တကယ်ပဲ ကြိုးပမ်းခဲ့တာပါ။ ၂၀၁၀ ခုနှစ်မှာ ဘလက်ဘန်းအသင်းကို Venky ၀ယ်ယူပြီး (၁)နှစ်အကြာမှာ အေစီမီလန်နဲ့ လမ်းခွဲခဲ့တဲ့ ရော်နယ်လ်ဒင်ဟိုကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဘလက်ဘန်းအသင်းဟာ နာမည်ကျော်ကစားသမား ဘက်ခမ် David Beckham ကို အငှားနဲ့ ခေါ်ဖို့တောင် ကြိုးပမ်းခဲ့ပါသေးတယ်။ ဒါပေမဲ့ ရော်နယ်လ်ဒင်ဟိုဟာ ဖလာမင်ဂိုအသင်းကို ပြောင်းရွှေ့ခဲ့သလို ဘက်ခမ်က LA ဂလက်ဆီအသင်းမှာပဲ ဆက်ကစားခဲ့တာကြောင့် ဘလက်ဘန်းအသင်းရဲ့ ကြိုးပမ်းမှုက မအောင်မြင်ခဲ့ပါဘူး။

Diego Maradona To Sheffield United

မာရာဒိုနာ Diego Maradona ဆိုတာက ၂၀ ရာစုရဲ့ အကောင်းဆုံး ဘောလုံးသမားအဖြစ် ပီလီ Pele နဲ့ အတူ ပူးတွဲသတ်မှတ်ခံထားရသူပါ။ ပရော်ဖက်ရှင်နယ် ကစားသမားဘ၀အစ Argentinos Juniors အသင်းမှာ ကစားနေစဉ်တုန်းက အင်္ဂလန်ကလပ် ရှက်ဖီးယူနိုက်တက်အသင်းက မာရာဒိုနာကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တယ်။ Argentinos Juniors အသင်းက မာရာဒိုနာအတွက် ပေါင်(၂)သိန်း တောင်းဆိုခဲ့ပြီး ရှက်ဖီးအသင်းဘုတ်အဖွဲ့က အသက်(၁၇)နှစ်သာရှိသေးတဲ့ ချာတိတ်လေးတစ်ဦးကို အဲဒီလောက်အထိ ပေးဖို့ ဆန္ဒမရှိတာကြောင့် သူတို့ရဲ့ ကမ်းလှမ်းမှုကို ရုတ်သိမ်းခဲ့တယ်။ ဒါဟာ ရှက်ဖီးယူနိုက်တက်အသင်းအတွက် ကံဆိုးမှုလို့ ဆိုရမှာဖြစ်ပေမယ့် မာရာဒိုနာအတွက်တော့ ကံကောင်းမှုလို့ပဲ ပြောရမယ်။

Roberto Carlos To Aston Villa

ဘရာဇီးလ်နဲ့ ရီးယဲလ်ဂန္ထ၀င် ကစားသမားကြီး ရော်ဘတ်တိုကားလို့စ် Roberto Carlos ဟာ အက်စတွန်ဗီလာအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ဖူးတယ်ဆိုရင် ပရိသတ်ကြီး အံ့အားသင့်သွားမလား။ ကားလို့စ်ဟာ အက်စတွန်ဗီလာအသင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပေမယ့် ဘာမှဖြစ်မလာတာကြောင့် နောက်ဆုံး အင်တာမီလန်အသင်းဆီ ပြောင်းရွှေ့ခဲ့ပါတော့တယ်။ ကျန်တာတွေကတော့ ပရိသတ်တွေ အသိပါပဲ။

REF: talkSPORT
Photo:Getty Images,The42,Aire de Santa Fe,beIN SPORTS,Marca
Naing Linn(Akhayar)
www.akhayar.com