” ကျွန်တော်စိတ်ထဲမှာ ဗန်ဒိုက် Virgil van Dijk က လက်ရှိအကောင်းဆုံး နောက်ခံလူဆိုတာ သံသယမဖြစ်ပါဘူး။ ဒါပေမယ့် မက်ဆီ Messi လို တစ်ရာသီအတွင်း ဂိုး(၅၀)သွင်းတဲ့သူ (သို့) စီရော်နယ်လ်ဒို Cristiano Ronaldo လို တစ်ရာသီအတွင်း ဖလား(၃)လုံးရတဲ့သူတွေထက် သူရဲ့စွမ်းဆောင်ရည်ကမပိုခဲ့ပါဘူး ”
ဒီစကားကိုတော့ နာမည်ကျော် နောက်ခံလူဟောင်းတစ်ဦးဖြစ်တဲ့ ဖာဒီနန် Ferdinand က ပြောကြားခဲ့တာပါ။ ဖာဒီနန် က ဗန်ဒိုက် ဟာ မက်ဆီ နဲ့ စီရော်နယ်လ်ဒို တို့ကို ကျော်ဖြတ်ပြီး UEFA အကောင်းဆုံး ကစားသမားဆုကို မရသင့်ဘူးလို့ ယူဆခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ခံလူတစ်ဦးအကောင်းဆုံး ဆုရတာကို နောက်ခံလူဟောင်း တစ်ဦးကဝေဖန်ခဲ့တာ ဖြစ်ပြီး ဘောလုံးအသင်းတစ်သင်းမှာ ခံစစ်ထက် တခြားနေရာတွေက ပိုအရေးပါနေတယ်လို့ ယူဆခဲ့ပုံပါပဲ။ ဒီလိုမျိုးယူဆခဲ့တာ ဖာဒီနန် တစ်ဦးထဲတော့ မဟုတ်ခဲ့ပါဘူး။ ၂၀၀၃ Ballon d’Or ဆုရှင် လက်ရှိ ဂျူဗင်တပ်စ်အသင်းဒုဥက္ကဌ နက်ဗက် Nedved ကလည်း UEFA အကောင်းဆုံးကစားသမားဆုကို ဗန်ဒိုက်ထက် စီရော်နယ်လ်ဒို ရသင့်တယ်လို့ ထင်မြင်ယူဆခဲ့ပါတယ်။

သူတို့ရဲ့ ယူဆချက်တွေနဲ့ ပရိသတ်အများစုရဲ့ ယူဆချက်တွေက တူညီခဲ့ကြသလို တချို့ကတော့ မက်ဆီ နဲ့ စီရော်နယ်လ်ဒို တို့ရဲ့ နှစ်ပေါင်းများစွာ ကြီးစိုးနေမှုကို အဆုံးသတ်ချင်နေကြပါတယ်။ လူတစ်ကိုယ် အကြိုက်တစ်မျိုးစီရှိတာကြောင့် ထင်မြင်ယူဆချက်တွေ မတူတာက သိပ်ပြီးမထူးဆန်းပါဘူး။ UEFA အကောင်းဆုံးကစားသမားဆုရဲ့ မဲအရေအတွက်မှာတော့ ဗန်ဒိုက် က (၃၀၅)မဲထိရရှိခဲ့တာကြောင့် ဒုတိယနေရာက မက်ဆီ (၂၀၇)မဲကို မဲအပြတ်အသတ်နဲ့ အသာရပြီး စီရော်နယ်လ်ဒို ကတော့ (၇၄)မဲသာရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဗန်ဒိုက်ရဲ့ စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် ဆုတစ်ခုခုရဖို့ ထိုက်တန်ပေမယ့် လက်ရှိဘောလုံးလောကမှာ မက်ဆီ နဲ့ စီရော်နယ်လ်ဒို က လွှမ်းမိုးမှုကြီးမားနေတာကြောင့် မထင်မှတ်တဲ့ ဆုရလဒ်တစ်ခုဖြစ်ခဲ့တယ်လို့ ပဲ ပြောရပါလိမ့်မယ်။

(Akhayar Sports မှ ဖော်ပြခဲ့တဲ့ ဘောလုံးသတင်းဆောင်းပါးတွေကို Dagon Beer မှ ကူညီပံ့ပိုးပေးထားပါသည်)

အခုဆိုရင်တော့ The Best FIFA ဆုအတွက် ဆန်ခါတင်(၃)ဦးစာရင်း ပေါ်ထွက်လာခဲ့ပါပြီ။ ဒီစာရင်းမှာလည်း ဒီကစားသမား (၃)ဦးသာဖြစ်ပြီး ဒီတစ်ကြိမ်မှာ ဗန်ဒိုက် ပဲ ဆုရသွားမယ်ဆို ပွဲကပိုဆူသွားမယ့် အခြေအနေမှာရှိနေပါတယ်။ လက်ရှိ အကောင်းဆုံးဆုပေးပွဲတွေရဲ့ အနေအထားတွေကလည်း ချန်ပီယံလိဂ်ရတဲ့ ကစားသမားက ဆုရသလို ဖြစ်နေတာကြောင့် The Best FIFA ဆုမှာလည်း ဗန်ဒိုက် က မက်ဆီ နဲ့ စီရော်နယ်လ်ဒို ထက်ပိုရေပန်းစားတဲ့ ပုံစံဖြစ်နေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီ သူတို့(၃)ယောက်လုံးရဲ့ စွမ်းဆောင်ရည်တွေကို ယှဉ်ကြည့်ရင် ကွာခြားချက်မရှိသလို ဘောလုံးပွဲတစ်ပွဲရဲ့ ရသနဲ့ ပွဲအဖြေကို တိုက်စစ်ကစားသမားတွေကသာ ဆုံးဖြတ်ပေးလေ့ရှိတာကြောင့် ဒီတစ်ကြိမ်မှာတော့ တိုက်စစ်ကစားသမားတွေကို မျက်ကွယ်မပြုသင့်ဘူးလို့ ထင်ပါတယ်။

ဒါကလည်း ကိုယ်ပိုင်ထင်မြင်ယူဆချက်တစ်ခုသာဖြစ်ပြီး လက်တွေ့ဖြစ်မလာရင်လည်း လက်ခံရမှာပါပဲ။ UEFA အကောင်းဆုံးကစားသမားဆု နဲ့ The Best FIFA ဆုတွေအတွက် မက်ဆီ ၊ စီရော်နယ်လ်ဒို နဲ့ ဗန်ဒိုက်တို့ကသာ ယှဉ်ပြိုင်နေကြတာကြောင့် ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ Ballon d’Or ဆုအတွက်ဆိုရင်လည်း သူတို့(၃)ယောက်ရဲ့ ယှဉ်ပြိုင်မှုကိုပဲ မြင်တွေ့ရနိုင်ပါတယ်။ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာကြိုမသိနိုင်တာကြောင့် The Best FIFA ဆုဟာ ချန်ပီယံလိဂ် ချန်ပီယံဆုရှင် ဗန်ဒိုက် အတွက်ပဲ ဖြစ်လာမလားဆိုတာကတော့ …

Photo: ESPN.Com , Liverpool Twitter , 101 Great Goals
Ko Kyue(Akhayar)
www.akhayar.com