အကြိုက်နှစ်သက်ဆုံးရေမွှေးကိုစွတ်ထားပြီးရင် တစ်နေ့ကုန်မွှေးပျံ့နေချင်တာက ရေမွှေး Crazy သမားတိုင်းရဲ့ စိတ်ကူးအိပ်မက်ပါပဲ။ ရေမွှေးကို အများကြီးစွတ်ဖျန်းစရာမလိုဘဲနဲ့ နည်းနည်းလေးနဲ့ တစ်နေကုန်ကြာရှည်ခံအောင် ရေမွှေးစွတ်နည်း လျှို့ဝှက်ချက်လေးတွေရှိပါတယ်။ အဲဒီလျှို့ဝှက်ချက်လေးတွေသိပြီဆိုရင် ရေမွှေးအကုန်လည်းသက်သာ တစ်နေကုန်လည်းမွှေးပျံ့နေတဲ့ အကျိုးအာနိသင်လေးတွေကို ရရှိမှာပါ။

ရေချိုးပြီးမှစွတ်ပါ

ရေချိုးပြီးချိန် ခန္ဓာကိုယ်မှာရှိတဲ့ ချွေးပေါက်တွေပွင့်နေတယ်ဆိုတဲ့အချက်ကို လူအများစုက သိပ်သတိမထားမိကြပါဘူး။ အဲဒီအချက်ကို သိထားရင် ရေမွှေးစွတ်တဲ့နေရာမှာ ကောင်းကောင်းအသုံးချလို့ ရပါတယ်။ ရေချိုးပြီးလို့ ချွေးပေါက်တွေပွင့်နေတဲ့အချိန်မှာသာ ရေမွှေးကိုအသုံးပြုလိုက်မယ်ဆိုရင် ရေမွှေးအနံ့ကို ခန္ဓာကိုယ်က ကောင်းကောင်းစုပ်ယူနိုင်ပြီး သာမန်စွတ်နေကျပုံစံထက် အနံ့ပိုစွဲနေတာကိုလည်း တွေ့ရပါလိမ့်မယ်။ လူအများစု ဒီနည်းလမ်းကို စမ်းသပ်ကြည့်တဲ့အခါမှာ အံသြဖွယ်ကောင်းလောက်အောင် အလုပ်ဖြစ်နေတာ တွေ့ရပါတယ်တဲ့။ ကဲ..ဒီနေ့ပဲ စစမ်းကြည့်လိုက်ပါဦး။

Apply Perfume after shower

အသားအရေအစိုဓာတ်ရှိဖို့လို

ရေမွှေးမစွတ်ခင်မှာ အသားအရေက အစိုဓာတ်ရှိနေရင်ပိုကောင်းပါတယ်။ အသားအရေမှာ အစိုဓာတ်ရှိနေမှသာ ရေမွှေးအနံ့ကို လွယ်လွယ်ကူကူနဲ့ ကောင်းကောင်းပိုစုပ်နိုင်မှာပါ။ ခြောက်သွေ့တဲ့ အသားအရေမှာဆိုရင် ရေမွှေးနံ့ သိပ်မစွဲတာကို လက်တွေ့သိနိုင်ပါတယ်။

ရေမွှေးစွတ်ပြီးရင်မပွတ်ပါနဲ့

လူတော်တော်များများကို ရေမွှေးစွတ်ပြီးရင် အနံ့ပိုကြာရှည်ခံအောင် လုပ်လေ့လုပ်ထရှိတဲ့ အကျင့်ကတော့ စွတ်ထားတဲ့နေရာကို လက်နဲ့ပွတ်ပလိုက်တာပါပဲ။ အမှန်က အဲလိုပြုလုပ်လိုက်ရင် ရေမွှေးနံ့ပိုကြာရှည်မခံတော့ဘဲ ဆန့်ကျင်ဘက်ရလဒ်အနေနဲ့ အနံ့ပိုပြယ်လွယ်ပါတယ်။ အထူးသဖြင့် လက်ကောက်ဝတ်ကိုစွတ်ပြီး လက်ကောက်ဝတ်နှစ်ခုပွတ်လိုက်ခြင်းအားဖြင့် အနံက အလျင်အမြန်ပျောက်ကွယ်သွားပါတယ်။

rubbing wrists

Pulse Point တွေမှာ စွတ်ပေးပါ

ရေမွှေးအနံကို တာရှည်စွဲဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ဘယ်နေရာကိုစွတ်ရင် အနံပိုစွဲလို့ဆိုတာကို သေချာသိထားပြီး အဲနေရာကိုစွတ်မိဖို့ပါပဲ။ အဲဒီနေရာတွေကတော့ Pulse Point လို့ခေါ်တဲ့ သွေးခုန်နှုန်းရှိတဲ့ နေရာလေးတွေပါပဲ။ Pulse Point တွေက လက်ကောက်ဝတ်လိုနေရာမျိုးတွေ၊ နားရွက်လိုနေရာမျိုးတွေနဲ့ လည်ပင်းနေရာမျိုးတွေကို ခေါ်ပါတယ်။ ဒီလိုနေရာတွေကို စွတ်ပေးခြင်းကလည်း ရေမွှေးနံ့ တစ်နေကုန်တာရှည်စွဲစေနိုင်ဖို့အတွက် လှည့်ကွက်တစ်ခုပဲ ဖြစ်ပါတယ်။

Applying Pulse Point

ရေမွှေးရွေးချယ်မှုမှန်ကန်ပါစေ

ရေမွှေးရွေးချယ်မှုကလည်း အနံ့တာရှည်ခံဖို့အတွက် အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ Strong Note တွေပါဝင်တဲ့ ရေမွှေးအမျိုးအစားတွေကို ရွေးချယ်ပြီး ဝယ်ယူသင့်ပါတယ်။ Strong Note ပါတဲ့ ရေမွှေးတွေက အနံ့တကယ်ကြာရှည်ခံတဲ့အတွက် အနံ့မစွဲမှာကို စိတ်ပူစရာမလိုပါဘူး။

ဘီးမှာရေမွှေးစွတ်ဖျန်းပြီးအသုံးပြုပါ

ခေါင်းဘီးမှာ ရေမွှေးဆွတ်ဖျန်းပြီး အသုံးပြုပါလို့ပြောလို့ ဟုတ်ရောဟုတ်ရဲ့လားလို့ စဉ်စားနေကြပြီလား။ အမှန်က ခေါင်းဘီးကိုရေမွှေးစွတ်ပြီး ဆံပင်ဖြီးလိုက်တဲ့အခါ အံသြဖွယ်ကောင်းလောက်အောင် ရေမွှေးနံ့ ပိုပြီး ကြာရှည်ခံလာတာကို တွေ့ရပါလိမ့်မယ်။ ဒါအပြင် ခေါင်းဘီးမှာ ရေမွှေးစွတ်ထားတဲ့အတွက် ခေါင်းတစ်ခါဖြီးလိုက်တိုင်း ရေမွှေးနံ့ကို ရရှိနိုင်လို့ စိတ်ကို ကြည်လင်လန်းဆန်းသွားစေမှာ အသေအချာပါပဲ။

အကျီင်္မဝတ်ခင်မှာရေမွှေးစွတ်ပါ

အဝတ်အစားမဝတ်ခင်မှာ ရေမွှေးသုံးတာက ရေမွှေးနံ့တာရှည်ခံဖို့အတွက် ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ရေမွေးကို ခန္ဓာကိုယ်နဲ့ တိုက်ရိုက်ထိတွေ့ပေးလိုက်တဲ့အခါ ကောင်းမွန်တဲ့ရလဒ် ရရှိလာတာကို တွေ့ရပါတယ်။ ဘာကြောင့်အဲလိုရရှိလာလဲဆိုတော့ ခန္ဓာကိုယ်ရဲ့အပူဓာတ်ကြောင့်ပါ။ အပူနဲ့ ရေမွှေးဓာတ်ပေါင်းသွားပြီး အကျိုးအာနိသင် ပိုတိုးလာရခြင်း ဖြစ်ပါတယ်။ အကျီင်္အဝတ်အစားပေါ်မှာ ရေမွှေးစွတ်တာထက် ခန္ဓာကိုယ်မှာ တိုက်ရိုက်စွတ်ခြင်းက ပိုပြီး အကျိုးများလို့ ရေမွှေးနဲ့ဓာတ်မတည့်တာမျိုး မဖြစ်တတ်ဘူးဆိုရင် ခန္ဓာကိုယ်ကိုသာ တိုက်ရိုက်စွတ်ဖို့ အကြံပေးပါရစေ။

ရေမွှေးနံ့ကြာရှည်ခံအောင် ဘယ်လိုစွတ်ရမလဲဆိုတာသိသွားပြီဆိုတော့ တစ်နေကုန်မွှေးပျံ့လန်းဆန်းနေတဲ့လူတစ်ယောက်အနေနဲ့ အဆင်ပြေအာင်မြင်မှုတွေကို ရယူနိုင်ပြီပဲဖြစ်ပါတယ်။

H.H(Akhayar)

www.akhayar.com