ရုံးနောက်ကျတယ်ဆိုတာ မလွှဲသာတဲ့ အခြေအနေမျိုးမှာပဲ ဖြစ်သင့်တာပါ။ အခုနောက်ပိုင်းမှာဆို ယာဉ်လမ်းကြောပိတ်ဆို့တာကြောင့် နောက်မကျသင့်ဘဲ နောက်ကျနေရတဲ့ အနေအထားပါ။ ဒါပေမယ့် တချို့ လုပ်ငန်းရှင်တွေက ရုံးနောက်ကျတာကို အလွန်မုန်းတီးပြီး သူတို့ကိုယ်တိုင်လည်း အချိန်မီရုံးတက်ကြပါတယ်။ ရုံးနောက်ကျတာက လုပ်ဖော်ကိုင်ဖက်တွေကို လေးစားမှုမရှိတဲ့အပြင် ရုံးစည်းကမ်းကိုလည်း မလိုက်နာရာ ကျပါတယ်။

မြင်လွယ်အောင် ပြောရရင် Virgin Group ရဲ့ တည်ထောင်သူဖြစ်တဲ့ Richard Branson ဟာ ပြီးခဲ့တဲ့နှစ်တုန်းက ရာသီဥတုပြောင်းလဲမှု ဆွေးနွေးပွဲတက်ဖို့ နယူးယောက်မြို့ကို ရောက်တယ်။ အစည်းအဝေးကို အချိန်မီထွက်လာခဲ့ပေမယ့် ယာဉ်လမ်းကြောပိတ်ဆို့နေတာကြောင့် တိုင်ပတ်ကုန်တယ်။ Richard Branson ရဲ့ နေရာမှာ သင်ဆိုရင် ဘာလုပ်မလဲ။ အစည်းအဝေးမှာ ရောက်နေတဲ့သူတွေကို ဖုန်းဆက်ပြီး “ငါ ဒီနေ့ နောက်ကျမယ်ဟေ နာရီဝက်လောက် စောင့်ပေးပါဦး” လို့ ပြောမလား။

Richard Branson ကတော့ အဲလိုလူစား မဟုတ်ပါဘူး။ ကားထဲကနေ ခုန်ထွက်ပြီး အစည်းအဝေးကျင်းပတဲ့ Rockefeller Plaza ကို ဒုန်းစိုင်းပြေးတော့တာပဲ။ (၁၅) ဘလောက်အကွာအဝေးကို အပြင်းအထန်ပြေးတဲ့အတွက် ချွေးတွေ စိုရွှဲနေတာပါပဲ။ ဒါပေမယ့် အစည်းအဝေးကို အချိန်မီတက်နိုင်ခဲ့လို့ ဂုဏ်ယူမိတယ်လို့ ဆိုထားပါတယ်။ “နိုင်ငံရေးသမားကြီး Thomas Chandler Haliburton ကတော့ အချိန်မှန်ခြင်းက စီးပွားရေးမှာ မရှိမဖြစ်လိုအပ်တဲ့အရာတဲ့။ မရှိမဖြစ် မဟုတ်ရင်တော့ အတော်အရေးကြီးတဲ့အရာလို့ ကျွန်တော်မြင်တယ်” လို့ ဘီလျံနာကြီး Richard Branson က ဆိုပါတယ်။

အလုပ်နောက်ကျတာကို မုန်းတီးတဲ့ နာမည်ကျော်လုပ်ငန်းရှင်က တခြားလူ မဟုတ်ပါဘူး။ Tesla ရဲ့ CEO ကြီးဖြစ်တဲ့  Elon Musk ပါပဲ။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ရုံးချိန်တဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေကို အသစ်ထုတ်ပြန်လိုက်ပါတယ်။ “ဝန်ထမ်းတစ်ယောက် ရုံးနောက်ကျတာက လုပ်ငန်းခွင်တစ်ခုလုံးကို ထိခိုက်စေပါတယ်” လို့ Tesla က ထုတ်ပြန်ခဲ့ပါတယ်။ Tesla ကုမ္ပဏီမှာတော့ ဝန်ထမ်းတစ်ယောက်ဟာ ဆက်ခါဆက်ခါ ရုံးနောက်ကျလာရင် တစ်ခါတည်း ထုတ်လိုက်တာပါပဲ။

တကယ်တော့ ရုံးချိန်မှန်ကြတဲ့ Richard Branson နဲ့ Elon Musk တို့ဆိုတာက သာမန်လူ မဟုတ်ပါဘူး။ သန်းကြွယ်သူဌေးတောင် မကဘူး။ ဘီလျံနာနော်။ Richard Branson ဆိုရင် ၅.၁ ဘီလီယံ ကြွယ်ဝသလို Elon Musk ဆိုရင်လည်း ၂ဝ.၃ ဘီလီယံ ချမ်းသာတာပါပဲ။ ဘီလျံနာတွေတောင် အလုပ်ချိန်မှန်သေးတယ်ဆိုရင် ကျွန်တော်တို့သာမန်လူတွေကရော မမှန်သင့်ဘူးလား။

ကျော်စိုးအောင် (အခရာ)

www.akhayar.com