လူမှုပတ်ဝန်းကျင်မှာတော့ “မှန်တာပြော ရွာပြင်ထုတ်” ဆိုတဲ့ စကားပုံက အတော်ခေတ်စားသဗျ။ မသိရင်တော့ “မှန်တာပြော ရွာပြင်ထုတ်”စကားပုံက “တကယ်ပဲ အမှန်တရားတွေကို ပြောလိုက်ရင်တော့ လူ့အသိုင်းအဝိုင်း၊ လူ့ပတ်ဝန်းကျင်ကနေ ကြဉ်ဖယ်ခံရတော့မှာလား၊ Social Relationship မှာ ညံ့ဖျင်းတဲ့သူတစ်ယောက် ဖြစ်သွားတော့မှာလား” ဆိုပြီးတော့ တွေးတတ်ကြပါတယ်။ ကဲ . . မူရင်းစကားပုံဖြစ်ပေါ်လာပုံကို ဖောက်သည်ချပါဦးမယ်။

တစ်ခါတုန်းက လူငယ်တစ်ယောက်ဟာ ခရီးထွက်လာခဲ့ပါတယ်။ ခရီးကြမ်းကို လမ်းလျောက်လာတဲ့အခါမှာ ရေဆာလွန်းလို့ အမောပြောခရီးတထောက်နားလိုက်ရရင်တော့ ကောင်းမှာပဲလို့တွေးပြီး ရှေးခပ်လှမ်းလှမ်းမှာ ရွာငယ်တစ်ခုကို လှမ်းမြင်လိုက်တော့ အားတက်သွားပါတယ်။ ရွာမရောက်ခင်မှာပဲ ထူးခြားတာလေးတစ်ခုကို လူငယ်တွေ့လိုက်ပါတယ်။ အိမ်တစ်လုံးက ဘာဖြစ်လို့ ရွာပြင်မှာရှိနေတာလဲပေါ့။ ပြီးတော့ ရွာနဲ့ ခပ်လှမ်းလှမ်းမှာ အိမ်လေးတစ်လုံးကို မြင်တာနဲ့ နဂိုရှိရင်းစွဲ စပ်စုလိုစိတ်ကို မထိန်းနိုင်ဖြစ်ပြီးတော့ ရွာထဲကိုတိုက်ရိုက်မသွားတော့ဘဲ ရွာပြင်မှတဲအိမ်ငယ်လေးဆီသို့ ဦးတည်လိုက်ပါတယ်။  တဲအိမ်နားရောက်တယ်ဆိုရင်ပဲ “အိမ်ရှင်တို့ ကျွန်တော်ခရီးသွားပါ ခင်ဗျာ၊ ရေဆာလွန်းလို့ ရေလေးတစ်ပေါက်များ ရနိုင်မလား ခင်ဗျာ” လို့ အသံမြှင့်ပြီး ခေါ်လိုက်ပါတယ်။ အဲဒီအချိန်မှာ အဖွားအိုတစ်ယောက် တဲအိမ်ထဲမှ ထွက်လာပြီးတော့ “ အမောင် သားငယ် ပင်ပန်းနေမှာပေါ့ အိမ်ပေါ် တက်ပါကွယ်၊ နားနားနေနေ အပန်းဖြေပါ” လို့ ကြင်ကြင်နာနာ ဖိတ်ခေါ်လိုက်ပါတယ်။

Huawei

Huawei

HUAWEI nova 2i အကြောင်း အသေးစိတ်သိရှိရန်

လူငယ်လည်း အဖွားအို ကျွေးမွေးတဲ့ အစားအသောက်တွေကို စားသောက်အပန်းဖြေပြီးတော့ “အဖွားရယ် အိုကြီးအိုမနဲ့ ဘာလို့ရွာထဲကို မနေတာလဲ၊ ရွာအပြင်မှာဆိုတော့ စားရေး၊သောက်ရေးက လွယ်တာမဟုတ်ဖူး အဖွား” လို့ မေးလိုက်တယ်ဆိုရင်ပဲ အဖွားအိုက “ အဖွားက မှန်တာတွေကို ပြောလွန်းလို့ သူတို့က ရွာအပြင်ကို မောင်းထုတ်ထားတာ သားရယ်” လို့ ဆွေးဆွေးမြေ့မြေ့ ပြန်ဖြေလိုက်ပါတယ်။ အဖွားအိုရဲ့စကားကို ကြားလိုက်တဲ့အခါမှာ သူငယ်လည်း ဒေါသထွက်သွားပြီးတော့ “ ဟာ . . . ဒါတော့ ဘယ်တရားမလဲ မှန်တာပြောလို့ ရွာပြင်ထုတ်တယ်ဆိုတာ၊ ကျနော် အဖွားကို ရွာထဲပြန်ထားဖို့ သူကြီးအိမ်ကို အခုချက်ချင်းသွားပြောမယ်”လို့ ဆိုပြီးတော့ အဖွားအိမ်ကနေ သူကြီးအိမ်ဆီကို အရေးတကြီးဦးတည်လိုက်ပါတယ်။ ခပ်လှမ်းလှမ်းကို ရောက်တော့ အဖွားအိုက “ဟို မျက်စိတစ်ဖက်လပ်နဲ့ ငရမန်ကန်းလေး ထီးကျန်ခဲ့ပြီလေ” လို့ အော်ပြောလိုက်ပါတယ်။ မွေးရာပါအားနည်းချက်ကို အာလုတ်စကားအဖြစ် အပြောခံလိုက်ရတဲ့အခါ လူငယ်က ဒေါသတကြီးနဲ့ “ရွာထဲက လူတွေက သဘောကောင်းလို့ ခင်ဗျားကို ရွာပြင်တင် ထုတ်တာ၊ ကျနော်သာဆိုသတ်ပစ်မှာ” လို့  ကြိမ်းဝါးလိုက်ပါတယ်။

You May Like : ပွင့်လင်းမြင်သာမှုအဆင့် အနည်းငယ်မြင့်တက်လာတဲ့ မြန်မာနိုင်ငံ

ကျွန်တော်တို့တွေလည်း ဒီအဖြစ်အပျတ်ကို ဖတ်ပြီးတော့ ရယ်မောရပါတယ်။ နောက်ပြီးတော့လည်း လေးအသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ထားတဲ့ ပညာဓိကဂေါတမမြတ်စွာဘုရားရဲ့ စကား (၆) ခွန်း မိန့်ကြားချက်ကိုလည်း ပြန်လည်သတိရမိပါတယ်။ လူသားတွေ နေ့စဉ်ပြောဆိုနေတဲ့ စကားလုံးတွေကို အနှစ်ချုပ်လိုက်လျင် စကား (၆) ခွန်းပဲ ရှိပါတယ်။ အဲဒါတွေက . . .

၁။ မမှန်ဘူး၊ အကျိုးမရှိဘူး၊ တဖက်သား မကြိုက်ဖူး။ (မဟုတ်မမှန် သူတစ်ပါးနံမည်ဖျတ်သလိုမျိုး)
၂၊ မှန်တယ်၊ အကျိုးမရှိဘူး၊ တဖက်သား မကြိုက်ဖူး။ (ပုံပြင်ထဲက အဖွားကြီးစကားလိုမျိုး)
၃။ မမှန်ဘူး၊ အကျိုးမရှိဘူး၊ တဖက်သား ကြိုက်တယ်။ (မြှောက်ပင့် စကားလိုမျိုး)
၎။ မှန်တယ်၊ အကျိုးမရှိဘူး၊ တဖက်သား ကြိုက်တယ်။ (မဆိုင်တဲ့ကိစ္စကို ဝေဖန်ခြင်း)
၅။ မှန်တယ်၊ အကျိုးရှိတယ်၊ တဖက်သား ကြိုက်တယ်။ (တစ်ယောက်နှင့်တစ်ယောက် အမြင်ချင်း ဖလှယ်သလိုမျိုး)
၆။ မှန်တယ်၊ အကျိုးရှိတယ်၊ တဖက်သား မကြိုက်ဖူး။  (ဆရာ၊မိဘက တပည့်သားကို ဆုံးမသလိုမျိုး)

ရေးထားတဲ့ စကား (၆)ခွန်းထဲမှ နံပါတ် (၅) နှင့် နံပါတ် (၆) တို့ပဲ လူ့လောကမှာ ပြောသင့်၊ ပြောထိုက်တဲ့  စကားလုံးလို့ သတ်မှတ်ပါတယ်။ ဒါ့ကြောင့်လည်း “စကား ၆ ခွန်း လူ၌ထွန်း၊ ၄ ခွန်းကိုမျှော၊ ၂ ခွန်းပြော “ ဆိုပြီးတော့ ရှေးဆရာတွေ စကားပုံထားခဲ့တာဖြစ်ပါတယ်။ ချစ်စေလိုတဲ့ အာခံတွင်းဟာလည်း လက်လေးသစ်သာရှိသလို မုန်းစေလိုတဲ့ ခံတွင်းဟာလည်း လက်လေးသစ်သာ ရှိပါတယ်။ “ ၆လက်မခန့်ရှိသောလျှာသည် ၆ပေခန့်ရှိသောလူကိုသေစေနိုင်သည်” လို့ဆိုခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ပြောချင်တာက ပုံပြင်ထဲကအဖွားအို မှန်တာပြောပြီး ရွာပြင်ထုတ်ခံရတဲ့ အဓိကအကြောင်းကတော့ မှန်ကန်တဲ့စကားကို ဆိုသော်လည်း အကျိုးမရှိသောစကားဖြစ်ရုံမက သူတစ်ပါးမကြိုက်တဲ့အတွက် ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ စကားတစ်လုံးမပြောခင် အရင်စဉ်းစားကြရအောင်လား။

ကျော်စိုးအောင် (အခရာ)

www.akhayar.com