နောက်ခံအသံနှင့် သရုပ်ဆောင်ခြင်းအနုပညာ

 

အကယ်ဒမီပေးပွဲကြီး နီးပြီဗျနော်။ မင်းသား မင်းသမီးတွေ ကြိုက်တတ်တဲ့ ပရိသတ်ကြီးလည်း ခုလောက်ဆို ဘယ်သူတွေက ဘယ်ဆုတွေ ရမလဲ၊  ဘယ်သူတွေက ဘယ်လို အကယ်ဒမီဖက်ရှင်တွေနဲ့ ပွဲတက်ကြမယ်ဆိုတာကို ရင်ခုန်နေလောက်ပြီပေါ့။

ဟိုတလောက မြန်မာပေါကားတွေ ရပ်ဆိုပြီး အတော် ပွဲဆူခဲ့ပေမယ့် ခုတော့လည်း ဘာသံမှ မကြားရတော့ပြန်ဘူး။ မြန်မာရုပ်ရှင်လောကသားတွေဘက်ကလည်း သူတို့ဘက်က အခက်အခဲတွေ ဖြစ်တဲ့ မင်းသားမင်းသမီး ရိုက်ရက်မရတာတို့၊ နည်းပညာအထောက်အပံ့နဲ့ ရုပ်ရှင်စတူဒီယို မရှိတာတို့၊ စရိတ်စက ကြီးမြင့်တာ၊ ငွေမဖြုန်းနိုင်တာနဲ့ ခိုးကူးတွေကို တွန်းလှန်နေရတာတွေကို နိုင်ငံတကာနဲ့ နှိုင်းယှဉ်ပြီး ချပြပါတယ်။

ဒီလိုမျိုး လူတွေ ကိုယ်အမူအရာ၊နှုတ်အမူရာနဲ့ ဇာတ်ကောင်စရိုက်ကို ပေါ်လွင်အောင် သရုပ်ဆောင်ရာမှာ အချိန်၊အခက်အခဲ အကန့်အသတ်ကြောင့် မပီပြင်နိုင်တာ ဖြစ်နိုင်ပေမယ့် အထူးပြုလုပ်ချက် နည်းပညာ အများကြီး မလိုတဲ့ အသံချည်းပဲ သရုပ်ဆောင်ရတဲ့ နေရာမှာတော့ နိုင်ငံတကာနည်းတူ ပီပီပြင်ပြင် ဖြစ်သင့်တယ် ထင်ပါတယ်။

အခုလက်ရှိ TV လိုင်းမှာ ထိုင်းကားဇာတ်လမ်းတွဲတွေကို မြန်မာစကားပြောနဲ့ ပြောပြီး ပြန်လွှင့်နေပါတယ်။ ဘာဖြစ်နေသလဲဆို အမူအရာတွေနဲ့ အသံလမိုင်းမကပ်တာပါပဲ။ အဲဒီတော့ အရသာပျက်တာပေါ့။ တစ်ခါတလေ ဘာဖြစ်လို့ ဒီတိုင်း Subtitle ထိုးပြီး လွှင့်ရင် ရရဲ့သားနဲ့ မြန်မာအသံပြန်ထည့်သလဲဆိုတာ စဉ်းစားလို့တောင် မရဘူး။

မြန်မာကာတွန်းကားလေးတွေဆိုလည်း အဲဒီလိုပဲ.. အခုနောက်ပိုင်း အရမ်းကောင်းလာပါတယ်။ Animation အပိုင်းရော၊ Idea အပိုင်းရော အများကြီးတိုးတက်လာပါတယ်။ ဒါပေမယ့် နောက်ခံအသံနဲ့ ဇာတ်ရုပ်ကို ထောက်ပံ့ပေးတဲ့ အပိုင်းမှာတော့ အတော်လိုသေးတယ်ဆိုပြီး စေတနာနဲ့ အားမလို အားမရဖြစ်မိပါတယ်။

 

You May Also Like : “၂၀၁၇ မှာ ရုံတင်ပြသတော့မယ့် Despicable Me 3

 

နိုင်ငံခြားက သရုပ်ဆောင်တွေမှာတော့ သူတို့ ကိုယ်တိုင် ဝင်ရောက်သရုပ်ဆောင်တဲ့ ရုပ်ရှင်တွေမှာလည်း ထူးချွန်ကြသလို Animated Cartoon တွေမှာလည်း အသံပိုင်း ဝင်သရုပ်ဆောင်တဲ့ အခါမှာလည်း ဇာတ်ရုပ်နဲ့ ကွက်တိဖြစ်နေပြန်ရောဗျ။ အဲဒီထဲက နာမည်ကြီးပြီး ထင်ရှားတဲ့ ဇာတ်ကားတွေကတော့

Kung Fu Panda မှာဆိုရင် နာမည်ကြီးတွေ တပြုံကြီးပါတယ်ဗျာ။ Dustin Hoffman က Master Shifu နေရာ၊ Angelina Jolie က Master Tigress၊ Lucy Liu က Master Viper နေရာ၊ Jackie Chan က Master Monkey နေရာတွေမှာ အသီးသီး သရုပ်ဆောင်ထားကြပါတယ်။

Finding Dory မှာတော့ Ellen Show က Ellen DeGeneres က Dory အဖြစ်နဲ့ သရုပ်ဆောင်ထားပေးပြီးတော့ Toy Story မှာတော့ Tom Hanks ကြီးက Sheriff Woody  နေရာက အသံနဲ့ သရုပ်ဆောင်ထားတာ ကွက်တိပဲဗျာ။

Madagascar မှာတော့ Ben Stiller က ခြင်္သေ့ Alex အနေနဲ့၊ David Schwimmer ကတော့ Melman အဖြစ် အသံနဲ့ သရုပ်ဆောင်ထားပါတယ်။ Corpse Bride မှာတော့ Johnny Depp က Victor Van Dort နေရာက သရုပ်ဆောင်ထားပါသေးတယ်။

ဒါတွေက နာမည်ကျော်တွေမို့ ကောင်းတယ်ဆိုပေမယ့် သူတို့ဟာ အမူအရာနဲ့ သရုပ်ဆောင်ကောင်းရုံတင်မက အသံနဲ့ သရုပ်ဆောင်ရာမှာလည်း ပီပြင်ကောင်းမွန်တယ်ဆိုတာ ငြင်းမရပါဘူး။ ကိုယ့်နိုင်ငံက ကာတွန်းကားတွေနဲ့ အသံထွက် TV Series တွေမှာ ဒီထက်ပိုကောင်းစေလိုသော စေတနာနဲ့ ဘယ်ကားတွေမှာ ဘယ်သူတွေ ပါဝင်ပြီး ဘယ်လို ကောင်းမွန်တယ်ဆိုတာ ယှဉ်ပြပေးလိုက်ရခြင်းသာ ဖြစ်ပါတယ်။

 

ရိုးလူ (အခရာ)

www.akhayar.com