လိုင်လီအသင်းဆိုတာက ပရိသတ်တွေ ရင်းနှီးပြီးသား နာမည်တစ်ခုဖြစ်ပေမယ့် သိပ်ပြီးတော့ အောင်မြင်ထင်ရှားတဲ့ အသင်းတစ်သင်း မဟုတ်ဘူး။ ပြင်သစ်လီဂူးဖလားကို ၂၀၁၀-၁၁ ရာသီတုန်းက နောက်ဆုံးရခဲ့ပြီး ဥရောပအောင်မြင်မှုဆိုလို့ ၂၀၀၄ ခုနှစ်မှာ UEFA Intertoto ဖလား ရခဲ့တာပဲရှိတယ်။ ဒါပေမဲ့ ဒီအသင်းက အလန်းစား ကစားသမားတွေကို ပိုင်ဆိုင်ခဲ့ဖူးသလို၊ ကမ္ဘာ့အဆင့်ကစားသမားတွေ ထွက်ပေါ်လာအောင် မွေးထုတ်ခဲ့ဖူးတယ်။ အခု ဘောလုံးလောကမှာ ထိတ်ထိတ်ကြဲ ကစားသမားတွေဖြစ်တဲ့ အူဘာမီယန်း Pierre-Emerick Aubameyang ၊ ဟာဇက် Eden Hazard အစရှိတဲ့ ကစားသမားတွေဟာ လိုင်လီအသင်းမှာ ကစားသမားဘ၀ဖြတ်သန်းခဲ့ဘူးတယ်ဆိုရင် ပရိသတ်တွေ အံ့အားသင့်သွားမလား။

အခု အာဆင်နယ်အသင်းမှာ ဂိုးသွင်းစက်ဖြစ်နေတဲ့ အူဘာမီယန်းဟာ ၂၀၀၉ ခုနှစ်တုန်းက အေစီမီလန်အသင်းကနေ လိုင်လီအသင်းဆီ အငှားနဲ့ လာကစားခဲ့ပါတယ်။ ဒါပေမဲ့ အူဘာမီယန်းအတွက် ကံမကောင်းခဲ့ဘူး။ (၁၄)ပွဲမှာ (၂)ဂိုးသာသွင်းခဲ့ပြီး အဲဒီထဲမှာ (၄)ပွဲပဲ ပွဲထွက်ကစားခွင့်ရခဲ့တာကြောင့် လိုင်လီအသင်းက အူဘာမီယန်းကို အပြီးသတ်ခေါ်ဖို့ လက်တွံ့ခဲ့တဲ့အတွက် သူ့ရဲ့ လိုင်လီကစားသမားဘ၀က တစ်ရာသီပဲ ခံခဲ့တယ်။ အခုအချိန်မှာတော့ အူဘာမီယန်း ဘယ်လိုအဆင့်မျိုးရောက်နေပြီလဲဆိုတာ အားလုံးအသိပါပဲ။

(Akhayar Sports မှ ဖော်ပြခဲ့တဲ့ ဘောလုံးသတင်းဆောင်းပါးတွေကို Dagon Beer မှ ကူညီပံ့ပိုးပေးထားပါသည်)

ရီးယဲလ်အသင်းရဲ့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပိုင်ရှင် ဟာဇက်ဆိုရင် လိုင်လီအကယ်ဒမီထွက် ကစားသမားဖြစ်ပါတယ်။ အသက်(၁၄)နှစ်အရွယ်မှာကတည်းက လိုင်လီအကယ်ဒမီကို ရောက်ရှိခဲ့တဲ့ ဟာဇက်ဟာ စီနီယာအသင်းအတွက် ၂၀၀၇ ကနေ ၂၀၁၂ ခုနှစ်အထိ ကစားခဲ့ပြီး သူ့ဘ၀တိုးတက်ဖို့အတွက် ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့တယ်။ ဒီဆုံးဖြတ်ချက်က ဟာဇက်အတွက် အကျိုးရှိစေခဲ့ပေမယ့် လိုင်လီအသင်းအတွက်တော့ ကမ္ဘာ့အဆင့်ကစားသမားတစ်ဦးကို ဆုံးရှုံးလိုက်ရလို့ နစ်နာခဲ့တယ်လို့ပဲ ပြောရမယ်။ ဟာဇက်လိုပဲ လိုင်လီအကယ်ဒမီထွက် ကစားသမားက ပြင်သစ်နာမည်ကျော် ကစားသမားဖြစ်တဲ့ ရီဘာရီ Franck Ribery ပါ။ ၁၉၉၆ ကနေ ၁၉၉၉ အထိ လိုင်လီအကယ်ဒမီမှာ လူငယ်ကစားသမားအဖြစ် ကစားခဲ့ပေမယ့် သူ့ကို လူကောင်သေးလို့ဆိုပြီး တာဝန်ရှိသူတွေက လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ကြီးမားတဲ့အမှားဆိုတာ ပြောဖို့ လိုမယ်မထင်ပါဘူး။

လိုင်ယွန်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ဂန္ထ၀င်အဖြစ် သတ်မှတ်ရမယ့် ပြင်သစ်နောက်ခံလူဟောင်း အဘီဒယလ် Eric Abidal ဟာ လိုင်လီအသင်း ရင်ခွင်မှာ ခိုလှုံခဲ့ဖူးတယ်။ ၂၀၀၂ ခုနှစ်မှာ မိုနာကိုကနေ လိုင်လီအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ အဘီဒယ်လ်ဟာ ၂၀၀၂ ကနေ ၂၀၀၄ ခုနှစ်အထိကစားခဲ့ပြီး အဓိက ကစားသမားဖြစ်ပေမယ့် မထင်မှတ်ဘဲ လိုင်ယွန်အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ လိုင်လီအကယ်ဒမီထွက် နာမည်ကျော်ကစားသမား နောက်တစ်ဦးက အခုမှ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ခဲ့သူ ပါဗာ Benjamin Pavard ပါပဲ။ ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလားချန်ပီယံဖြစ်တဲ့အထိ အောင်မြင်ခဲ့တဲ့ ပါဗာဟာ အသက်(၉)နှစ်အရွယ်ကတည်းက လိုင်လီအကယ်ဒမီကို ရောက်ရှိခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ စတုဂတ်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ အကယ်ဒမီထွက် မဟုတ်ပေမယ့် ထိပ်တန်းအဆင့် ကစားသမားတစ်ဦးဖြစ်တဲ့ ပါယက် Dimitri Payet ကိုလည်း လိုင်လီအသင်း တစ်ချိန်က ပိုင်ဆိုင်ခဲ့ဖူးတယ်။ လိုင်လီအသင်းမှာ ၂၀၁၁ ကနေ ၂၀၁၃ အထိ ကစားခဲ့ပြီး ဟာဇက်နဲ့အကောင်းဆုံးတွဲဖက်ကစားခဲ့သူလည်းဖြစ်ပါတယ်။

လိုင်လီအသင်း ဆုံးရှုံးခဲ့ရတဲ့ တခြားနာမည်ကျော်ကစားသမားတွေက ကာဘာယီ Yohan Cabaye ၊ ဒစ်ဂ်နေး Lucas Digne ၊ အန်ယီမာ Vincent Enyeama ၊ ဒန်တေ Dante ၊ ဒီဘူချီ Mathieu Debuchy တို့ပဲဖြစ်ပါတယ်။ အခုနောက်ဆုံး လက်လွှတ်ခဲ့ရတာကတော့ အာဆင်နယ်အသင်းဆီ ပေါင်(၇၂)သန်းနဲ့ လက်လွှတ်ခဲ့ရတဲ့ ပီပီ Nicolas Pepe ပဲဖြစ်ပါတယ်။ တကယ်လို့ လိုင်လီအသင်းသာ ဒီကစားသမားတွေကို ထိန်းနိုင်ခဲ့မယ်ဆိုရင် သူတို့အသင်းရဲ့ အဆင့်အတန်းက အခုအချိန်မှာ ဘယ်လောက်များ ရောက်နေမလဲဆိုတာကတော့ . .

REF:Wikipedia
Photo:This Is Anfield,ESPN,Arsenal Facebook,The Sun,Bleacher Report,
Naing Linn(Akhayar)
www.akhayar.com