ကမ္ဘာပေါ်မှာ ဆန္ဒပြပွဲတွေ၊ အရေးအခင်းတွေ အမျိုးမျိုးအဖုံဖုံ ဖြစ်ပွားခဲ့ကြသလို ဆန္ဒပြပုံ ပြနည်းတွေလည်း အများကြီး ရှိခဲ့ကြပါတယ်။ တချို့ က လူစုလူဝေးနဲ့ ဆန္ဒပြကြသလို တချို့ကျတော့လည်း လူနည်းနည်းနဲ့ တချို့ကျတော့လည်း တစ်ကိုယ်တော်ဆန္ဒပြကြတယ်ပေါ့။

လူအင်အားအနည်းအများအပြင် ဆန္ဒပြနည်းကလည်း စုံပါ့ဗျာ။ ဆိုင်းဘုတ်ထောင်ပြီး ဆန္ဒဖော်ထုတ်တာတို့၊ ကြွေးကြော်တာတို့၊ အစာငတ်ခံတာတို့၊ ဒီထက် ပိုကြမ်းရင် ကိုယ့်ဘာသာကိုယ် ဓာတ်ဆီလောင်း မီးရှို့ပြတာတို့၊ ခု နောက်ဆုံး အသံတိတ် ဆန္ဒပြတာမျိုးအထိပေါ့။ 😀

ဒီလို ဆန္ဒပြတာတွေထဲမှ ကမ္ဘာ့သမိုင်းတစ်လျှောက် အကြမ်းမဖက် ဆန္ဒပြခဲ့ကြတဲ့ ကမ္ဘာကျော်ခေါင်းဆောင်ကြီးတွေထဲကမှ တချို့ကတော့…

  • Mahatma Gandhi (မဟတ္တမဂန္ဓီ)

ဂန္ဓီဟာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ သူတွေထဲမှာတော့ အကျော်ကြားဆုံးလူတစ်ယောက်ပါ။ အိန္ဒိယလူမျိုးတွေရဲ့ ခေါင်းကိုင်ဖခင်ကြီးလို့လည်း ခေါ်ကြတဲ့ ဂန္ဓီဟာ တစ်ကိုယ်တော် အစာငတ်ခံ ဆန္ဒပြတာမျိုး အကြိမ်ကြိမ်ပြုလုပ်ဖူးသလို အင်္ဂလိပ်အစိုးရရဲ့ ဆားခွန်ဥပဒေနဲ့ ဆားမချက်ရ အမိန့်ကို လွန်ဆန်ခဲ့တဲ့ ဆန္ဒပြပွဲဟာတော့ အတော့်ကို နာမည်ကြီးခဲ့ပါတယ်။ ဒီဆန္ဒပြပွဲကတော့ ၁၉၃၀ မတ်လကနေ ဧပြီလအတွင်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန်အစိုးရရဲ့ ဆားဥပဒေဟာ အိန္ဒိယနိုင်ငံသားတွေကို ဆားချက်ခြင်းနဲ့ ဆားရောင်းခြင်းကို တားမြစ်လိုက်ပြီး သူတို့ဆီကပဲ ဆားကို ပြန်ဝယ်စားရမယ်ဆိုတဲ့ ဥပဒေနဲ့  ဈေးကွက်ကို လက်ဝါးကြီးအုပ်ဖို့ ကြိုးစားခဲ့တဲ့ အပြင် ကြီးလေးတဲ့ ဆားခွန်ကိုပါ ကောက်ခံခဲ့ပါတယ်။

ဒါကြောင့် ဂန္ဓီဟာ အစိုးရကို လူထုအမိန့်ဖီဆန်မှုကြီးနဲ့ ရင်ဆိုင်မယ်လို့ ကြေညာခဲ့ပြီး ၁၉၃၀ မတ်လ ၁၂ရက်နေ့မှာ သူ့ဝတ်ကျောင်းက ထွက်လာခဲ့ပြီး နောက်လိုက်နောက်ပါအနည်းငယ်နဲ့အတူ အာရေဗျပင်လယ်ကမ်းစပ်မြို့ Dandi ဆီကို မိုင်ပေါင်း ၂၄၀ ခရီး ခြေလျင်လမ်းလျှောက်ကြပါတော့တယ်။ Dandi ကိုတော့ ဧပြီလ၅ရက်နေ့မှာ ရောက်ရှိပြီး အဲဒီအချိန်မှာတော့ ဂန္ဓီရဲ့ နောက်မှာ လူပေါင်းသောင်းချီဖြစ်နေပါပြီ။ ဒီဆန္ဒပြပွဲရဲ့ ရလဒ်ကတော့ ဂန္ဓီအပါအဝင် လူပေါင်း ၆၀,၀၀၀ နီးပါး အဖမ်းခံခဲ့ရတာ ဖြစ်ပေမယ့် အကျိုးတော့ မယုတ်ခဲ့ပါဘူး။ ဒီလှုပ်ရှားမှုမှာ အိန္ဒိယနိုင်ငံကြီးတစ်ခုလုံး ပါဝင်လာခဲ့ပြီး ဂန္ဓီအဖမ်းခံရပြီးနောက်မှာလည်း ဒီလှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်ခဲ့ကြလို့ပါပဲ။

  • Henry David Thoreau (ဟင်နရီဒေးဗစ်သာရို)

ဟင်နရီဒေးဗစ်သာရိုကတော့ အမေရိကန်လူမျိုး အတွေးအခေါ်ပညာရှင်၊ကဗျာဆရာနဲ့ စာရေးဆရာပါ။ ၁၈၄၉ မှာ Civil Disobedience ဆိုတဲ့ စာတမ်းကို ရေးသားခဲ့ပြီး အစိုးရရဲ့ ဥပဒေတွေဟာ ခွဲခြားခွဲခြားနဲ့ မတရားဘူးဆိုရင် ပြည်သူတွေအနေနဲ့ကလည်း ဒီဥပဒေတွေကို လိုက်နာစရာအကြောင်းမရှိဘူးဆိုတဲ့ အဆိုကို တင်သွင်းခဲ့ပါတယ်။ သူဟာ အကြမ်းမဖက် အမိန့်ဖီဆန်မှုဆိုတာကို ရေးသားပြောဆို အသိပညာပေးခဲ့ရုံသာမက သူကိုယ်တိုင်လည်း သူ မတရားဘူးထင်တဲ့ အခွန်အခတွေကို မပေးဆောင်ပဲ ကိုယ်တိုင်ပါဝင်ဆင်နွှဲခဲ့ပါတယ်။ အဲဒီလို အခွန်မဆောင်ဘဲ ဖီဆန်ခဲ့မှုအတွက်လည်း ထောင်ကျခံခဲ့ရပါတယ်။

  • Bob Marley (ဘော့ဘ်မာလေ)

ဘော့ဘ်မာလေဆိုတာနဲ့ Reggae ဂီတနဲ့ တွဲပြီး မြင်ကြမှာပါ။ ဒါပေမယ့် သူဟာ ဒီလို ခမ်းနားကြီးကျယ်တဲ့ သီချင်းရေးဆရာ၊ အဆိုတော်တစ်ယောက်တင် မဟုတ်ပါဘူး၊ အကြမ်းမဖက်ခြင်းနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းကို ယုံကြည်သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ အသားအရောင်လူမျိုးခွဲခြားခြင်းကို ဆန့်ကျင်သူဖြစ်ပြီး လူတိုင်းတန်းတူအခွင့်အရေးရသင့်တယ်ဆိုတာကို ထောက်ခံသူတစ်ယောကလည်း ဖြစ်ပါတယ်။

  • John Lenon (ဂျွန်လင်နွန်)

Beatles အဖွဲ့ဝင် ဂျွန်လင်နွန်ဟာလည်း ငြိမ်းချမ်းရေး၊လွတ်လပ်မှုနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းကို အထူးယုံကြည်တဲ့ နောက်ထပ် ကြီးကျယ်တဲ့ ဂီတပညာရှင်တစ်ဦးပါဗျာ။ ဘယ်လောက်တောင် ယုံကြည်သလဲဆို သူ့ရဲ့ အမျိုးသမီး Yoko Ono နဲ့ ယူတဲ့ အခါ၊ တခြားလူတွေလို Honeymoon ခရီးသွားတာမျိုးမလုပ်ဘဲ အမ်စတာဒမ်မှာရှိတဲ့ Hilton Hotel အခန်းမှာပဲ Bed –In ဆိုတဲ့ ဆန္ဒပြခြင်းကို အမေရိကန်တွေ ဗီယက်နမ်တွေအပေါ်ကျူးကျော်တဲ့ စစ်ကို ရည်ရွယ်ပြီး ပြုလုပ်ခဲ့ပါတယ်။

Bed-In ဆိုတာတော့ သူတို့ဟာ တစ်ပတ်တိတိ ခုတင်ပေါ်ကနေ ဘယ်မှ မရွေ့မသွားဘဲ ခုတင်ပေါ်မှာပဲ ငြိမ်းချမ်းရေးစကားတွေ ပြောဆိုဆွေးနွေးကြတာပါ။ သူတို့ရဲ့ ဒီလို ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို ကမ္ဘာ့မီဒီယာတွေကို သတင်းယူခွင့်ပေးခဲ့ပါတယ်။ Mark David Chapman ဆိုတဲ့ သူက သူ့ကို ၁၉၈၀ ဒီဇင်ဘာလ ၈ရက်နေ့မှာ လုပ်ကြံသတ်ဖြတ်သွားခဲ့ပြီး လင်နွန်ဟာ သူမသေခင်အထိ စစ်ပွဲတွေအပေါ် တစိုက်မက်မက် ဆန့်ကျင်သွားခဲ့ပါတယ်။

You May Also Like : “ အောင်မြင်သူရဲ့ အကျင့်စရိုက်များ

  • Cesar Chavez ( ဆီဇာချာဗက်)

ဆီဇာချာဗက်ကတော့ မက္ကဆီကန်နွယ်ဖွား အမေရိကန်လူမျိုးတစ်ဦးဖြစ်ပြီးတော့  အမေရိကားမှာရှိတဲ့ လယ်ယာအလုပ်သမားတွေအတွက် ပိုကောင်းတဲ့ အခွင့်အရေးတွေ ရရှိအောင် ဆန္ဒပြခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ နိုင်ငံတော်လယ်ယာအလုပ်သမားများအစည်းအရုံးကို တည်ထောင်ခဲ့သူဖြစ်ပြီးတော့ နောက်ပိုင်းမှာတော့ ဒီအစည်းအရုံးဟာ လယ်ယာအလုပ်သမားများ သမဂ္ဂ (UFW)အဖြစ် ပြောင်းလဲခေါ်ဆိုခဲ့ပါတယ်။ ၁၉၇၀ မှာတော့ အမေရိကန်လယ်ယာမြေပိုင်ရှင်တွေဟာ UFW ကို တရားဝင်အသိအမှတ်ပြုခဲ့ရပါတယ်။

  • Betty Williams (ဘက်တီဝီလျံ)

ဘက်တီကတော့ အိုင်းရစ်လူမျိုး ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်ပြီးတော့ ကလေး၃ယောက်ကို ကားနဲ့ တိုက်ပြီး ပုန်းရှောင်နေခဲ့တဲ့ Denny Lenon ဆိုတဲ့ Irish Republican Army ရဲ့ အဖွဲ့ဝင်တစ်ယောက်အမှုမှာ ကလေးတွေဘက်က သက်သေအဖြစ်ပါဝင်ခဲ့ခြင်းကနေ လူထုမြင်ကွင်းရှေ့ကို ရောက်ရှိလာခဲ့ပါတယ်။ သူဟာ နှစ်ရက်အတွင်း လက်မှတ်ထိုးစည်းရုံးလှုပ်ရှားမှုအတွက် လက်မှတ်ပေါင်း ၆၀၀၀ လောက်ရရှိခဲ့တဲ့ အပြင် သေဆုံးသွားတဲ့ ကလေးတွေရဲ့ အဒေါ်နဲ့အတူ ကလေးတွေရဲ့ အုတ်ဂူကို စုရုံးလမ်းလျှောက်ဖို့ လူ ၁၀,၀၀၀ လောက်စုစည်းနိုင်ခဲ့ပါတယ်။ IRA က တိုက်ခိုက်တာကို ခံခဲ့ရပေမယ့် ဒီအမျိုးသမီး ၂ဦးဟာ နောက်တစ်ကြိမ် စုရုံးဖို့ပါ လုပ်ဆောင်နိုင်ခဲ့ပြီး ဒီတစ်ခါမှာတော့ လူပေါင်း ၃၅,၀၀၀ လောက်ကို ပါဝင်လာခဲ့ပါတယ်။ ၁၉၇၆မှာတော့ သူတို့ ၂ယောက်လုံး ငြိမ်းချမ်းရေး နိုဗယ်ဆုကို ပူးတွဲ ရရှိခဲ့ပါတယ်။

  • Dalai Lama (ဒလိုင်းလားမား)

Dalai Lama ဟာ တိဘက်လူမျိုး ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ ဘာသာရေးခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး တရုတ်ပြည်မကြီးရဲ့ တိဘက်အပေါ် သိမ်းပိုက်ထားမှုကို သူ့ဘဝတစ်သက်လုံး ဆန့်ကျင်လာခဲ့တာပါ။ တရုတ်ဟာ တိဘက်ကို ကျူးကျော်ဝင်ရောက်တဲ့အခါ သူဟာ တိဘက်ကနေ ထွက်ပြေးခဲ့ရပြီး အိန္ဒိယမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံခဲ့ရပါတယ်။ သူဟာ တိဘက်အကြောင်းလူတွေ သိစေဖို့ ကမ္ဘာတဝှမ်းကို လှည့်လည်သွားလာဟောပြောခဲ့ပြီး ငြိမ်းချမ်းရေး၊ ပျော်ရွှင်မှု၊ မေတ္တာတရားနဲ့ အကြမ်းမဖက်ခြင်းအကြောင်းတွေကို ကမ္ဘာကို မျှဝေခဲ့ပါတယ်။

  • Nelson Mendela (နယ်ဆင်မင်ဒဲလား)

Nelson Mendela ကတော့ တကယ့်ကို ကြီးမြတ်တဲ့ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ပြီး တောင်အာဖရိကရဲ့ လူမျိုးရေးနဲ့ အသားအရောင်ခွဲခြားမှုတွေကို ငြိမ်းချမ်းပြီး အကြမ်းမဖက်တဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်သူတစ်ယောက်အဖြစ်နဲ့ သတိထားမိစေခဲ့သူပါ။ သူ့ဘဝသက်တမ်းအတော်များများကို ထောင်ထဲမှာပဲ ကုန်ဆုံးခဲ့ရသူဖြစ်ပြီး လူဖြူတွေရဲ့ လူမည်းတွေအပေါ် ဖိနှိပ်မှုကို အရှုံးမပေးဘဲ ဆက်လက်တွန်းလှန်ခဲ့သူဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ တောင်အာဖရိကရဲ့ ပထမဆုံးလူမည်းသမ္မတအဖြစ် ၁၉၉၄ ကနေ ၁၉၉၉ ထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ Mandela ရဲ့ ငြိမ်းချမ်းရေး နည်းဗျူဟာတွေဟာ နိုင်ငံမှာရှိတဲ့ လူမျိုး နှစ်ခုကို သွေးစည်းညီညွတ်မှုကိုပါ ဖြစ်ပေါ်စေခဲ့ပါတယ်။

  • Martin Luther King Jr. (မာတင်လူသာကင်းဂျူနီယာ)

မာတင်လူသာကင်း ဂျူနီယာကတော့ မင်ဒဲလား၊ ဂန္ဓီတို့နဲ့အတူ အကြမ်းမဖက်နည်းလမ်းကျင့်သုံးတဲ့ ခေါင်းဆောင်တွေထဲမှာတော့ အထင်ရှားဆုံးပါပဲ။ သူဟာ အကြမ်းမဖက်လူထုအာဏာဖီဆန်ရေးနည်းလမ်းကို အသုံးပြုခဲ့ပြီး အမေရိကားရဲ့ လူမည်းတွေအပေါ် ခွဲခြားဆက်ဆံတဲ့ မူဝါဒအပေါ် ဆန့်ကျင်တိုက်ခိုက်ခဲ့ပါတယ်။ သူဟာ လူမျိုးစုံ တန်းတူညီမျှမှု ရရှိရေးကို အဆိုတင်သွင်းခဲ့ပြီး ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခြင်းနဲ့ ပြောင်မြောက်လှတဲ့ မိန့်ခွန်းတွေကို သုံးပြီး လူထုကို အသိပညာပေးခဲ့သလို အစိုးရကိုလည်း ဖိအားပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ “I have a dream” မိန့်ခွန်းဟာ ပြယုဂ်တစ်ခုဖြစ်လာခဲ့ပြီး ကမ္ဘာတဝှမ်းက လူမျိုးမရွေး၊အသားရောင်မရွေး လူသားသန်းပေါင်းများစွာကို စိတ်ဓာတ်တက်ကြွ လှုပ်ရှားစေခဲ့ပါတယ်။

www.akhayar.com

Ref :toyaps.com