ဘောလုံးအသင်းတစ်သင်း အောင်မြင်ဖို့ဆိုရင် အသင်းကို ဦးဆောင်တဲ့ အသင်းခေါင်းဆောင်ဟာ ခေါင်းဆောင်မှုစိတ်ဓာတ်ကောင်းမွန်တဲ့သူဖြစ်ဖို့လိုအပ်ပါတယ်။ ဘောလုံးလောကမှာ အသင်းခေါင်းဆောင်ကောင်းတစ်ဦးကို ပိုင်ဆိုင်ထားတဲ့ အသင်းဟာ တခြားအသင်းတွေထက် အောင်မြင်မှုပိုရယူနိုင်တာကိုလည်း ပရိသတ်တွေမြင်တွေ့ကြရမှာပါ။ ဒီလိုပါပဲ ပရီးမီးယားလိဂ်မှာလည်း အကောင်းဆုံးသော အသင်းခေါင်းဆောင်တွေရှိခဲ့ဖူးပါတယ်။ အခု ဒီ Article မှာတော့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးအသင်းခေါင်းဆောင်များ အပိုင်း(၁)ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

VIDIC

ဗီဒစ် Vidic မန်ယူအသင်းကို စရောက်ခါစက အခုလောက်ထိ အောင်မြင်မယ်လို့ ဘယ်သူမှ ထင်ခဲ့မှာမဟုတ်တာ သေချာပါတယ်။ မန်ယူကစားသမားဘ၀ စစချင်းအသင်းမှာ ဗီဒစ် ဟာ အရန်အဖြစ်သာရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ခံစစ်ပိုင်းမှာ ပုံမှန်တစ်နေရာကို အပိုင်သိမ်းနိုင်ခဲ့ပါတယ်။ မန်ယူအသင်းခေါင်းဆောင်ဖြစ်လာတဲ့ အချိန်မှာတော့ ဗီဒစ် ဟာ အသင်းကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့ပြီး ပြိုင်ဘက်ရဲ့ တိုက်စစ်ဆင်မှုကို အနာခံတားဆီးမှုတွေပြုလုပ်ခဲ့သလို လူငယ်ကစားသမားတွေကိုလည်း လက်တွဲခေါ်နိုင်ခဲ့ပါတယ်။

MORGAN

လက်စတာအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၁၅ – ၂၀၁၆ ဘောလုံးရာသီမှာ မော်ဂန် Morgan ရဲ့ အသင်းအပေါ် ဦးဆောင်လွှမ်းမိုးနိုင်စွမ်းက အရေးပါတဲ့နေရာမှာရှိခဲ့ပါတယ်။ မော်ဂန် ဟာ ခံစစ်ပိုင်းမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ပြီး လိုအပ်လာရင် ဂိုးပါသွင်းယူပေးနိုင်ခဲ့သလို အသင်းဖော်တွေရဲ့ ယုံကြည်မှုကိုလည်း အရယူနိုင်ခဲ့ပါတယ်။

GERRARD

ဒီစာရင်းမှာ ဂျရတ် Gerrard ပါဝင်နေတာ သိပ်ပြီးတော့ ထူးဆန်းတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကစားသမားဘ၀မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ဝေးကွာခဲ့ရတာကတော့ သူ့အတွက် စိတ်မကောင်းစရာပဲဖြစ်ပါတယ်။ ဂျရတ် ဟာ သူ့ရဲ့ကစားသမားဘ၀ အကောင်းဆုံးအချိန်မှာ နာမည်ကျော်အသင်းတွေရဲ့ ကမ်းလှမ်းမှုကိုရခဲ့ပေမယ့် လီဗာပူးလ်အသင်းမှာ သစ္စာရှိရှိနဲ့ နေခဲ့ပြီး အသင်းကို အကောင်းဆုံးဦးဆောင်ခဲ့သူဖြစ်ပါတယ်။ ဂျရတ် ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရပေမယ့် ချန်ပီယံလိဂ်နဲ့ FA ဖလားတွေကို ရယူနိုင်ခဲ့ပါတယ်။

VIEIRA

အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်ကောင်းတွေထဲက တစ်ဦးဖြစ်တဲ့ ဗီအဲရာ Vieira ဟာလည်း ဒီစာရင်းမှာ အပါအ၀င်ပါပဲ။ ဗီအဲရာ ဟာ အသင်းကို အကောင်းဆုံးဦးဆောင်နိုင်စွမ်းရှိသလို အသင်းဖော်တွေကို စိတ်ဓာတ်ပိုင်း တက်ကြွလာအောင် လုပ်နိုင်စွမ်းရှိသူဖြစ်ပါတယ်။ ဗီအဲရာ လက်ထက်မှာတော့ အာဆင်နယ်အသင်းဟာ အကောင်းဆုံးအချိန်တွေကို ပိုင်ဆိုင်နိုင်ခဲ့သလို ရှုံးပွဲမရှိအနေအထားနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အရယူနိုင်ခဲ့ပါတယ်။

အခု ပရိသတ်တွေကို ဖော်ပြပေးခဲ့တာကတော့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးအသင်းခေါင်းဆောင်များ အပိုင်း(၁)ဖြစ်ပါတယ်။ အပိုင်း(၂)ကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး …

Ref: FourFourTwo
Photo: News Post Daily , Premier League Heroes , Goal.com , The Independent , The Week UK
Ko Kyue(Akhayar)
www.akhayar.com