ပရီးမီးယားလိဂ်ပြိုင်ပွဲဆိုတာ ကမ္ဘာ့အကောင်းဆုံးလိဂ်ပြိုင်ပွဲတွေထဲက တစ်ခုဖြစ်သလို ကစားသမားတွေအတွက် အမြဲလိုလိုပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကို ရင်ဆိုင်နေရတဲ့ လိဂ်ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ ပြောရရင်တော့ တခြားလိဂ်ပြိုင်ပွဲတွေမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ရောက်မှ ရုန်းကန်နေရသူတွေကလည်း အများအပြားပါပဲ။ ဒီနှစ်ဘောလုံးရာသီမှာတော့ ဒီအနေအထားမျိုးကို ပိုမြင်တွေ့နေရပြီး အခု Akhayar Sports ပရိသတ်တွေအတွက် ဒီရာသီ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ကစားသမားများ အပိုင်း (၁) ကိုဖော်ပြပေးလိုက်ပါတယ်။

SESSEGNON (FULHAM)

ဖူလ်ဟမ်အသင်းရဲ့ လူငယ်တောင်ပံကစားသမား ဆက်ဆီနွန် Sessegnon ဟာ အလားအလာကောင်းတွေ အများကြီးပိုင်ဆိုင်ထားတဲ့ ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရပေမယ့် ပရီးမီးယားလိဂ်ကို ရောက်ရှိခဲ့ချိန်မှာတော့ ရုန်းကန်မှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။ လက်ရှိမှာတော့ ဆက်ဆီနွန် ရဲ့ ဖူလ်ဟမ်အသင်းဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရပြီဖြစ်သလို ဆက်ဆီနွန်ကလည်း အသင်းအတွက် ပရီးမီးယားလိဂ်ပွဲ(၃၀)မှာ (၂)ဂိုးသာသွင်းယူပေးနိုင်ခဲ့ပါတယ်။

GHEZZAL (LEICESTER)

မာရက်ဇ် Mahrez ရဲ့ နေရာအစားထိုးဖို့ ရည်ရွယ်ချက်နဲ့ လက်စတာအသင်းဟာ ဂီဇယ်လ် Ghezzal ကို မိုနာကိုအသင်းကနေ ခေါ်ယူခဲ့ပေမယ့် လက်တွေ့မှာတော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်ခဲ့ရပါတယ်။ ဂီဇယ်လ် ဟာ လက်ရှိ လက်စတာအသင်းမှာ ပုံမှန်ကစားခွင့်ရဖို့ ခက်ခဲနေပြီး အရန်ကစားသမားအဖြစ်နဲ့သာ ဖြတ်သန်းနေရပါတယ်။ ဒီ့ထက် ပိုဆိုးတာကတော့ ဂီဇယ်လ် ဟာ လက်စတာအသင်းအတွက် ခုချိန်ထိ သွင်းဂိုးတစ်ဂိုးမှ သွင်းယူထားနိုင်ခြင်းမရှိသေးတာပါပဲ။

FRED (MANCHESTER UNITED)

ရှက်တာဒိုးနက်အသင်းမှာ ခြေစွမ်းကောင်းတွေပြနေတဲ့ ဖရက်ဒ် Fred ကို မန်ယူအသင်းဟာ မန်စီးတီးနဲ့ အပြိုင်ခေါ်ယူခဲ့ပြီး အသာရရှိခဲ့ပေမယ့် ဖရက်ဒ် ကတော့ မန်ယူအသင်းမှာ အထိုင်ကျဖို့ ခက်ခဲခဲ့ပါတယ်။ လတ်တလော မန်ယူအသင်းရဲ့ ပွဲစဉ်တွေမှာတော့ ဖရက်ဒ် ရဲ့ခြေစွမ်းဟာ တိုးတက်မှုတွေရှိလာခဲ့ပေမယ့် အခုထက်ပိုကောင်းလာဖို့တော့ လိုအပ်နေပါတယ်။ ဖရက်ဒ် ဟာ လက်ရှိအချိန်ထိ မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်(၁၅)ပွဲကစား (၁)ဂိုးသွင်းယူပေးထားပါတယ်။

အခု ပရိသတ်တွေကို ဖော်ပြပေးခဲ့တာကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ကစားသမားများ အပိုင်း(၁)ဖြစ်ပါတယ်။ အပိုင်း(၂)ကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး …

Ref: Four Four Two
Photo: Manchester United , Sporting News , Yahoo! Sports , The Independent
Ko Kyue(Akhayar)
www.akhayar.com