လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပွဲစဉ်(၁)မှာတော့ ပရိသတ်တွေရို အနေနဲ့ ရင်ခုန်စရာအနေအထားတွေကို ခံစားခဲ့ရပါတယ်။ ထွက်ပေါ်ခဲ့တဲ့ ရလဒ်တွေကိုကြည့်ရင်လည်း ပုံမှန်ရလဒ်တွေသာ ဖြစ်ပေမယ့် ဒီအထဲမှာမထင်မှတ်တဲ့ ရလဒ်တစ်ခုပါဝင်ခဲ့ပြီး မန်ယူ ( ၄ – ၀ )ချယ်လ်ဆီး ရလဒ်ပဲဖြစ်ပါတယ်။ ဒီပွဲစဉ်မှာတော့ မန်ယူအသင်းနိုင်မယ်လို့ ခန့်မှန်းမှုတွေရှိခဲ့ပေမယ့် အခုလောက် ဂိုးပြတ်သွားမယ်လို့တော့ မထင်ခဲ့ကြတာ အမှန်ပါပဲ။ ဒီ အနေအထားနဲ့ ဆက်စပ်ပြီး အခု ဒီ Article မှာတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဖွင့်ပွဲမှာ ထွက်ပေါ်ခဲ့တဲ့ မထင်မှတ်တဲ့ ရလဒ်တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ARSENAL 1-3 ASTON VILLA (2013/14)

အာဆင်နယ်အသင်းဟာ အိမ်ကွင်းခြေစွမ်းကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်ပေမယ့် ၂၀၁၃ – ၂၀၁၄ ဘောလုံးရာသီ အဖွင့်ပွဲမှာတော့ ဗီလာ ကို အိမ်ကွင်းမှာ ( ၁ – ၃ )နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲမှာတော့ အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး ဂျရူး Giroud ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ခံစစ်ပိုင်းရဲ့ အမှားတွေကြောင့် အခုလို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းကို အဲဒီပွဲမှာ အဓိက ဒုက္ခပေးသွားတာက ဗီလာတိုက်စစ်ကစားသမား အဘွန်လဟော် Agbonlahor ဖြစ်ပြီး သူ့ရဲ့တစ်ကိုယ်တော် စွမ်းရည်ကောင်းတွေက အာဆင်နယ်ခံစစ်ကို ပြိုလဲစေခဲ့ပါတယ်။ အဘွန်လဟော် ကြောင့် အာဆင်နယ်အသင်းဟာ ပယ်နယ်တီ(၂)ကြိမ်ထိပေးခဲ့ရပြီး (၂)ကြိမ်လုံးကို ဘန်တီကီ Benteke က ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဗီလာအသင်းအတွက် တတိယအနိုင်ဂိုးကို လူနာ Luna က သွင်းယူပေးခဲ့တာဖြစ်ပြီး အာဆင်နယ်နောက်ခံလူ ကိုစီယဲလ်နီ Koscielny လည်း အနီကတ်ထိခဲ့ပါတယ်။

ARSENAL 1-3 ASTON VILLA ပွဲကြည့်ရန်လင်ခ့်

MANCHESTER UNITED 1-2 SWANSEA (2014/15)

ပရီးမီးယားလိဂ် အဖွင့်ပွဲတွေမှာ ရလဒ်ကောင်းအမြဲရယူပြီး အိမ်ကွင်းခြေစွမ်းလည်း ကောင်းမွန်တဲ့ မန်ယူအသင်းဟာ ၂၀၁၄ – ၂၀၁၅ ဘောလုံးရာသီ အဖွင့်ပွဲမှာတော့ အိမ်ကွင်းမှာ ဆွမ်ဆီးကို ( ၁-၂ )နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ မထင်မှတ်တဲ့ အဖွင့်ပွဲရလဒ်ဟာ နည်းပြသစ် ဗန်ဟားလ် Van Gaal အတွက် မျက်နှာပျက်စရာဖြစ်ခဲ့ပြီး မန်ယူအသင်းနဲ့ အံမ၀င်တဲ့ သူ့ရဲ့ ၃-၅-၂ ကစားကွက်က ဒီရှုံးပွဲရဲ့ အဓိက တရားခံဖြစ်ခဲ့ပါတယ်။ အဲဒီပွဲမှာ မန်ယူအသင်းရဲ့ ကစားပုံဟာ ပျင်းရိစရာဖြစ်ခဲ့ပြီး ပြိုင်ဘက်ကို အသာစီးရယူနိုင်ခြင်းမရှိခဲ့ဘူး။ ဆွမ်ဆီးအသင်းအတွက် ဂိုးတွေကိုတော့ ကီဆန်ယောင် Ki Sung-Yeung နဲ့ ဆီဂတ်ဆန် Sigurðsson တို့က သွင်းယူခဲ့တာဖြစ်ပြီး မန်ယူအသင်းအတွက် ချေပဂိုးကိုတော့ ရွန်နီ Rooney က သွင်းယူခဲ့တာပါ။

MANCHESTER UNITED 1-2 SWANSEA ပွဲကြည့်ရန်လင်ခ့်

ARSENAL 0-2 WEST HAM (2015/16)

၂၀၁၅ – ၂၀၀၆ ဘောလုံးရာသီရဲ့ပရီးမီးယားလိဂ် အဖွင့်ပွဲမှာလည်း အာဆင်နယ်အသင်းဟာ ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရပြီး အိမ်ကွင်းမှာပဲ ၀က်စ်ဟမ်းအသင်းကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာတော့ အာဆင်နယ်အသင်းဟာ ပြိုင်ဘက်ကို အသားစီးရယူနိုင်ခဲ့သလို ဂိုးပေါက်ခြိမ်းခြောက်မှုတွေလည်း ပြုလုပ်နိုင်ခဲ့ပေမယ့် ကံဆိုးခဲ့တယ်လို့ ပြောရမှာပါ။ ၀က်စ်ဟမ်းအသင်းရဲ့ ကစားပုံကတော့ ပုံမှန်လောက်ပဲရှိခဲ့ပေမယ့် ကံတရားက သူတို့ဘက်မှာရှိနေတာကြောင့် နိုင်ပွဲတစ်ပွဲကိုရယူနိုင်ခဲ့ပါတယ်။ ၀က်စ်ဟမ်းအသင်းအတွက် ဂိုးတွေကိုတော့ ကူယာတေး Kouyaté နဲ့ ဇရာတီ Zárate တို့ကသွင်းယူခဲ့တာဖြစ်ပြီး ဒီဂိုး(၂)ဂိုးလုံးမှာ အာဆင်နယ်ဂိုးသမား ပီတာချက် Čech ရဲ့ အားနည်းမှုတွေကို မြင်တွေ့ခဲ့ရပါတယ်။

ARSENAL 0-2 WEST HAM ပွဲကြည့်ရန်လင်ခ့်

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဖွင့်ပွဲမှာ ထွက်ပေါ်ခဲ့တဲ့ မထင်မှတ်တဲ့ ရလဒ်များ (၁) ဖတ်ရန်လင်ခ့်

Ref:Four Four Two
Photo:  Four Four Two , Premier League , USA Today , Who Ate all the Pies
Ko Kyue(Akhayar)
www.akhayar.comc