၉၁ ကြိမ်မြောက် အကယ်ဒမီ (အော်စကာ) ဆုပေးပွဲကြီးကတော့ အရင်နှစ်တွေတိုင်း ရင်ခုန်စိတ်လှုပ်ရှားရမှုတွေနဲ့ အတူ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ အော်စကာဆုပေးပွဲကြီးမှာ ရမယ်လို့ ထင်တဲ့သူတွေ ရသွားတာများပြီး တခြား မထင်မှတ်ထားတဲ့ ဆုရှင်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဆုရှင်တွေ၊ ရုပ်ရှင်သုံးသပ်ချက်တွေ ရေးသားပြီးဖြစ်တဲ့အတွက် ဒီတစ်ခါတော့ အော်စကာဆုပေးပွဲရဲ့ အမှတ်ရစရာ အချိန်ကာလလေးတွေကိုပဲ ဖော်ပြပေးလိုက်ပါတယ်။

အော်စကာရုပ်တုအရောင်ဝတ်စားလာတဲ့ Glenn Close

ငယ်ငယ်က 101 Dalmatians ကြည့်ဖူးတယ်ဆိုရင် Glenn Close ကို သေချာပေါက် မှတ်မိကြမှာပါ။ ဒီတစ်ခေါက်တော့ ဘွားဘွား Glenn Close ဟာ အော်စကာရုပ်တုလိုမျိုး ရွှေရောင်ဂါဝန်နဲ့ တက်ရောက်လာခဲ့ပြီး အရမ်းကို ကျက်သရေရှိနေခဲ့ပါတယ်။

Lady Gaga နဲ့ Bradley Cooper အတွဲ

ရုပ်ရှင်ထဲမှာ အရမ်းကို အတွဲညီကြတဲ့ Lady Gaga နဲ့ Bradley Cooper တို့အတွဲကို ပရိသတ်တွေက အပြင်မှာလည်း စုံတွဲအဖြစ်မြင်ချင်နေကြပါတယ်။ Cooper နဲ့ ပက်သက်ပြီးလည်း Lady Gaga ရဲ့ ကျေးဇူးတင်စကားဟာ ဖန်တရာတေ အက်ကြောင်းထပ်လွန်းလို့ Meme အဖြစ်တောင် ပျံ့နှံ့ခဲ့တဲ့ အထိပါပဲ။ ဒါပေမယ့် ပေးစားတဲ့အထိတော့ မလုပ်ကြပါနဲ့ဦး။ Lady Gaga က သူနဲ့ စေ့စပ်ထားတဲ့ ခင်ပွန်းလောင်း Christian Carino နဲ့ ပြတ်စဲခဲ့ပေမယ့် Cooper မှာတော့ တွဲလာတာ ၄ နှစ်လောက်ရှိတဲ့ မော်ဒယ်လ် Irina Shayk ရှိပြီး သူတို့ နှစ်ယောက်မှာ သမီးလေး တစ်ယောက်တောင် ရှိနေပါတယ်။

အော်စကာရပြီးသားသူတွေ ဆန်ကာတင်ပြန်ဝင်တဲ့နှစ်

ဒီနှစ်အတွက် သရုပ်ဆောင်ပိုင်းနဲ့ ပက်သက်တဲ့ ဆု ၂၀ မှာ ၅ ဆုဟာ အရင်နှစ်တွေက အော်စကာရပြီးသားသူတွေပဲ ဆန်ကာတင်ပြန်ဝင်ကြတာ ဖြစ်ပါတယ်။ Mahershala Ali ၊ Christian Bale ၊ Sam Rockwell ၊ Emma Stone နဲ့ Rachel Weisz တို့ဟာ အရင်နှစ်တွေက အော်စကာဆုရခဲ့ကြပြီး ဒီနှစ်ထဲမှာ ဆန်ကာတင်စာရင်း ပြန်ပါခဲ့ကြပါတယ်။

Billy Porter ရဲ့ အလန်းစား ဝတ်စုံ

ပေါ့ပ်အဆိုတော်နဲ့ သရုပ်ဆောင် Billy Porter ကတော့ အော်စကာပွဲအတွက် ဘယ်လို အကောင်းဆုံး ဝတ်စားထားရမယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ Porter ဟာ ထူးထူးခြားခြား Tuxedo Gown နဲ့ ပွဲတက်လာပြီး အမျိုးသမီးတွေကိုလည်း ဘောင်းဘီနဲ့ နေ့တိုင်းတွေ့နေရတာပဲ၊ ယောက်ျားလေးတစ်ယောက်ကို ဂါဝန်နဲ့တွေ့တဲ့အခါကျတော့ ပြောတော့တာပဲဆိုတဲ့အကြောင်း၊ သူဟာ အမျိုးသမီးဝတ်စုံဝတ်ချင်ခဲ့တာ ကြာပြီ ဖြစ်ကြောင်းနဲ့ ကျွန်တော်ဟာ Drag Queen မဟုတ်ဘူး၊ အမျိုးသမီးဝတ်စုံဝတ်တဲ့ အမျိုးသားတစ်ယောက်ပါပဲလို့ သူ့ခံယူချက်ကို ဖွင့်ဟခဲ့ပါတယ်။

Queen နဲ့ Adam Lambert တို့ ဖျော်ဖြေခဲ့တဲ့ Oscar အဖွင့်

ဒီနှစ်ထဲ ‘Bohemian Rhapsody’ အရမ်းတွေ နာမည်ကြီးခဲ့သလိုပဲ Queen ဟာလည်း အော်စကာမှာ ဖျော်ဖြေခဲ့ရပါတယ်။ ရှေ့ထွက်အဆိုတော်အနေနဲ့ Adam Lambert ရဲ့ ဖျော်ဖြေမှုနဲ့ Queen ရဲ့ Hit Song တွေ ဖြစ်တဲ့ “We Will Rock You” နဲ့ “We Are The Champions” တို့ကို အကောင်းဆုံးဖျော်ဖြေသွားတဲ့အတွက် Freddie Mercury ကိုတောင် လွမ်းသွားစေပါတယ်။

အကောင်းဆုံးဇာတ်ပို့အော်စကာဆုရခဲ့တဲ့ Regina King

 

Regina King ဟာ သူပါဝင်သရုပ်ဆောင်ထားတဲ့ “If Beale Street Could Talk” ဇာတ်ကားအတွက် အကောင်းဆုံး ဇာတ်ပို့ မင်းသမီးဆုရရှိခဲ့ပါတယ်။ သူဟာ အော်စကာဆုရော၊ Golden Globe ဆုကိုပါ အဲဒီဇာတ်ကားနဲ့ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

Gentleman of the Night Award တောင် ပေးရလောက်တဲ့ Chris Evans ရဲ့ လူကြီးလူကောင်းဆန်မှု

Chris Evans လေးဟာ ရုပ်လည်းဖြောင့်သလို လူကြီးလူကောင်းလည်းဆန်တာကို တွေ့ခဲ့ရပါတယ်ဗျ။ Regina King ဆုရတဲ့အခါမှာ Chris Evans က စတိတ်ပေါ်တက်ဖို့ တွဲကူပေးခဲ့ပါတယ်။

Roma

Netflix ရဲ့ “Roma” ရဲ့ Best Foreign Language Film ဆုရရှိခဲ့ပါတယ်။ မက္ကဆီကိုနိုင်ငံအနေနဲ့ ဒီဇာတ်ကားဟာ ၉ ကားမြောက်အော်စကာဆန်ကာတင်စာရင်း ဝင်ခဲ့တဲ့ ကားဖြစ်ပြီး “Roma” နဲ့ ကျမှ ဆုဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။

ဒုတိယမြောက်အော်စကာဆုကို အိမ်ပြန်သယ်သွားနိုင်ခဲ့တဲ့ Mahershala Ali

Mahershala ဟာ “Green Book” ဇာတ်ကားက သူ့ရဲ့ သရုပ်ဆောင်မှုတွေအတွက် အကောင်းဆုံးအမျိုးသားဇာတ်ပို့အကယ်ဒမီဆုရရှိခဲ့ပါတယ်။ Ali ဟာ ဒီလို အော်စကာဆုတွေ အကြိမ်ကြိမ်ရရှိခဲ့တဲ့ ဒုတိယမြောက် အာဖရိကန်-အမေရိကန်သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ပထမတစ်ယောက်ကတော့ Denzel Washington ပဲ ဖြစ်ပါတယ်။ Ali ဟာ Golden Globe ရော၊ ဝေဖန်သူစိတ်ကြိုက်ဆုပါ ရရှိခဲ့တာ ဖြစ်ပါတယ်။ Ali ရဲ့ ပထမဆုံးအော်စကာဆုကတော့ ၂၀၁၆ ခုနှစ်မှာ “Moonlight” ဇာတ်ကားအတွက် Juan အနေနဲ့ သရုပ်ဆောင်မှုနဲ့ ရရှိခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီးတွေရဲ့ ရာသီပန်းပွင့်မှုအကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဟာ အော်စကာဆု ဆွတ်ခူးခဲ့ပါတယ်

“Period. End of sentence.,” ဇာတ်ကားဟာ ကမ္ဘာကြီးရဲ့ တချို့နေရာဒေသတွေက ဓမ္မတာလာတဲ့အခါ ကြုံဆုံရတာတွေကို ရည်ရွယ်ရိုက်ကူးထားတာဖြစ်ပြီး Best Documentary Short Subject ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးတဲ့ ဒါရိုက်တာ Rayka Zehtabchi ကတော့ ကျေးဇူးတင်စကားပြောကြားရာမှာ “ရာသီပန်းပွင့်တဲ့အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားက အော်စကာရသွားတာ ယုံတောင် မယုံနိုင်ဘူး” လို့ အံ့သြဝမ်းသာပြောကြားခဲ့ပါတယ်။

Shallow အတွက် ဆုရရှိခဲ့တဲ့ Lady Gaga

“A Star Is Born” မှာ မင်းသမီးဆုမရခဲ့ပေမယ့် သီချင်း “Shallow” အတွက် Best Original Song ဆုရရှိခဲ့ပါတယ်။ ဒီဆုအတွက် သီချင်းတူတူဖန်တီးခဲ့တဲ့ အသင်းကိုပါ စင်ပေါ်ခေါ်ခဲ့ပြီး ဆုလက်ခံရယူခဲ့ပါတယ်။

သတင်းကြီးနေတဲ့ Rami Malek က အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုရရှိခဲ့ပါတယ်

Freddie Mercury နေရာက သရုပ်ဆောင်တဲ့ Rami Malek ဟာ ဒီလို ဆုရရှိခဲ့တဲ့အတွက် Queen အဖွဲ့ကို ကျေးဇူးတင်စကားဆိုခဲ့ပြီး သူ့သမိုင်းရဲ့ တစ်စိတ်တစ်ပိုင်းကို ရေးထိုးနိုင်ခဲ့ကြောင်းနဲ့ သူ့ဘဝတစ်လျှောက်လုံး ဒီခံစားချက်ကို တန်ဖိုးထားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုရရှိသွားတဲ့ Olivia Colman

အကယ်ဒမီဆုအတွက် လျာထားတာတွေ များတဲ့ “The Favourite” နဲ့ပဲ Olivia Colman ဟာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုရရှိခဲ့ပါတယ်။ Historical Drama အမျိုးအစားဖြစ်တဲ့ “The Favourite” မှာ သူဟာ Queen Anne နေရာက သရုပ်ဆောင်ပြီး ဆုဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။

Green Book

ဆုကြီးတစ်ဆုဖြစ်တဲ့ Best Picture ကိုတော့ “Green Book” ဇာတ်ကားက ရရှိခဲ့သွားပါတယ်။ “Green Book” ဟာ Golden Globe လည်း ရရှိထားတဲ့ ဇာတ်ကားလည်း ဖြစ်ပြီး Best Original Screenplay ဆုလည်း ဆွတ်ခူးခဲ့ပါတယ်။

အကယ်ဒမီ ၄ ဆုရခဲ့ပေမယ့် ကျေးဇူးတင်မခံရတဲ့ ဒါရိုက်တာ

“Bohemian Rhapsody” ဟာ စုစုပေါင်း အကယ်ဒမီ ၄ ခု ဆွတ်ခူးခဲ့ပေမယ့် ဒါရိုက်တာဖြစ်တဲ့ Bryan Singer ဟာ ကျေးဇူးတင်စကားအဆိုမခံခဲ့ရပါဘူး။ ဘာကြောင့်လဲဆိုတော့ ရုပ်ရှင်ဇာတ်ကားအပြီးမသတ်ခင်လေးမှာ Singer ဟာ အထုတ်ပယ်ခံခဲ့ရလို့ပဲ ဖြစ်ပါတယ်။ Singer ဟာ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမှုတွေနဲ့ စွပ်စွဲခံထားရသူလည်း ဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com
Source : CNN.com