ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ် (၁)အဖြစ်ကစားခဲ့တဲ့ ချယ်လ်ဆီးကို (၄-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ မန်ယူကစားသမားသစ် ဒန်နီယဲလ်ဂျိမ်းစ် Daniel James ဟာ အသင်းအတွက် ပရီးမီးယားလိဂ်ပွဲဦးထွက်မှာပဲ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ မန်ယူအသင်း သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ ဂိုးသွင်းနိုင်ခဲ့သူတွေ အများကြီးရှိပြီး တချို့ကတော့ နောက်ပိုင်းမှာ မထင်မရှားဘ၀နဲ့ အဆုံးသတ်ခဲ့ရသူတွေလည်း ရှိပါတယ်။ အဲဒါကြောင့် ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ မန်ယူအသင်းအတွက် ဂိုးသွင်းခဲ့ကြတဲ့ ကစားသမားတွေကို ပရိသတ်တွေ ဗဟုသုတအဖြစ် သိရှိနိုင်အောင်လို့ အပိုင်း(၂)အဖြစ် ဖော်ပြပေးလိုက်ပါတယ် . . .

Federico Macheda

မာချီဒါ Federico Macheda ဆိုတဲ့နာမည်ကို မန်ယူပရိသတ်တွေ မေ့တောင်မေ့နေလောက်ပါပြီ။ မန်ယူအသင်း တိုက်စစ်မှာ အားထားရမယ့်ကစားသမားအဖြစ် မျှော်လင့်ခဲ့ကြပေမယ့် မာချီဒါရဲ့ ခြေစွမ်းက ဆိုးဆိုးရွားရွားကို ကျဆင်းသွားပြီး အခုဆိုရင် ဂရိကလပ် ပင်နာသီနိုင်ကော့စ်အသင်းမှာ ကစားသမားဘ၀ ဖြတ်သန်းနေသူပါ။ မာချီဒါဟာ ၂၀၀၈-၀၉ ရာသီတုန်းက ဗီလာနဲ့ပွဲမှာ လူစားဝင်ကစားပြီး အနိုင်ဂိုးကို လှလှပပသွင်းယူခဲ့သလို အဲဒီအချိန်မှာ သူ့အသက်က (၁၈)နှစ်သာရှိသေးလို့ ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

James Wilson

မာချီဒါလိုပဲ ဟုတ်မလိုလိုနဲ့ တိမ်မြုပ်သွားခဲ့သူက ဂျိမ်းစ်ဝီလ်ဆင် James Wilson ပါ။ ၂၀၁၃-၁၄ ရာသီ ဟားလ်စီးတီးနဲ့ပွဲမှာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး (၂)ဂိုးသွင်းယူခဲ့တဲ့ ၀ီလ်ဆင်ဟာ မန်ယူအသင်းမှာ နေရာမရခဲ့ဘဲ ဘရိုက်တန်၊ ဒါဘီ၊ ရှက်ဖီးယူနိုက်တက်၊ အဘာဒင်းစတဲ့အသင်းတွေမှာ အငှားနဲ့ သွားကစားခဲ့ရသလို အခုနှစ်အစပိုင်းမှာ အဘာဒင်းနဲ့ အပြီးသတ်စာချုပ်ချပ်ဆိုခဲ့ပါတယ်။

Danny Welbeck

ဝဲလ်ဘတ် Danny Welbeck ရဲ့ ကစားသမားဘ၀ အနိမ့်အမြင့်အတက်အကျက ကြမ်းလွန်းပါတယ်။ မန်ယူအသင်းရဲ့ လူငယ်ကြယ်ပွင့်အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် ဒဏ်ရာတွေက သူ့ကို ကြီးကြီးမားမား ထိုးနှက်ခဲ့ပြီး အာဆင်နယ်အသင်းမှာလည်း ဒဏ်ရာကြောင့်ပဲ ရုန်းကန်ခဲ့ရတယ်။ ၀ဲလ်ဘတ်ဟာ ၂၀၀၈ နိုဝင်ဘာလတုန်းက ဟားလ်စီးတီးကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပရီးမီးယားလိဂ်ပွဲဦးထွက်အဖြစ် ပါဝင်ကစားခွင့်ရခဲ့ပြီး ဂိုးလည်းသွင်းယူနိုင်ခဲ့ပါတယ်။

Giuseppe Rossi

ခြေစွမ်းကောင်းပေမယ့် ဒဏ်ရာကြောင့် ဘ၀ပျက်ခဲ့တဲ့သူတွေထဲမှာ ရော့စီ Giuseppe Rossi လည်း အပါအ၀င်ပါပဲ။ ၂၀၀၄ ခုနှစ်မှာ မန်ယူအကယ်ဒမီကို ရောက်ခဲ့တဲ့ ရော့စီဟာ မန်ယူကစားသမားဘ၀ (၃)နှစ်တာကာလအတွင်း ပရီးမီးယားလိဂ်(၅)ပွဲသာ ကစားခဲ့ရသလို (၁)ဂိုးပဲသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဂိုးက ပရီးမီးယားလိဂ်ပွဲဦးထွက်ဖြစ်တဲ့ ဆန်းဒါးလန်းနဲ့ကစားခဲ့တဲ့ပွဲမှာ သွင်းယူခဲ့တာကြောင့် ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ မန်ယူကစားသမား ဂုဏ်ပုဒ်ကိုတော့ ပိုင်ဆိုင်ခဲ့တယ်။

Ruud van Nistelrooy

မန်ယူအသင်းရဲ့ ဂန္ထ၀င်တိုက်စစ်မှူး နစ္စတယ်ရွိုင်း Ruud van Nistelrooy ဟာ ပရီးမီးယားလိဂ်ကို ရောက်ရောက်ချင်းမှာပဲ ပရိသတ်အကြိုက်ခြေစွမ်းပြသခဲ့သူပါ။ ၂၀၀၁-၀၂ ရာသီ ဖူလ်ဟမ်အသင်းနဲ့ ပွဲဦးထွက်မှာ (၂)ဂိုးသွင်းခဲ့တာက စပြီး ရပ်တန့်လို့ မရတဲ့ခြေစွမ်းမျိုး ပြခဲ့တဲ့ နစ္စတယ်ရွိုင်းဟာ မန်ယူကစားသမားဘ၀တစ်လျှောက် စုစုပေါင်း (၁၅၀)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

Louis Saha

ဖူလ်ဟမ်အသင်းမှာ ခြေစွမ်းပြပြီး ထင်ရှားလာတဲ့ ဆာဟာ Louis Saha ကလည်း ဒဏ်ရာတွေကြောင့် မျှော်လင့်သလောက် ဖြစ်မလာခဲ့တဲ့ ကစားသမားဖြစ်ခဲ့တယ်။ မန်ယူနဲ့တွေ့တိုင်း အကြိမ်ကြိမ် ဒုက္ခပေးလေ့ရှိသူ ဆာဟာကို ၂၀၀၄ မှာ မန်ယူအသင်းက ခေါ်ယူခဲ့ပြီး ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ်ပွဲဦးမှာပဲ (၂)ဂိုးသွင်းယူပြခဲ့တယ်။ နောက်ပိုင်းနှစ်တွေမှာ ဒဏ်ရာကြောင့် ပါတစ်လှည့်၊ မပါတစ်လှည့်ဖြစ်ခဲ့ပေမယ့် ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ လိဂ်ဖလားတွေ ရယူခဲ့တာကြောင့် ဆာဟာရဲ့ မန်ယူကစားသမားဘ၀က အောင်မြင်တယ်လို့ သတ်မှတ်ရမှာပါ။

ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ ဂိုးသွင်းယူခဲ့ကြတဲ့ မန်ယူကစားသမားများ (၁)ကို ဖတ်ရန်လင့်ခ်

REF:dailystar
Photo:The Sun,Daily Star,Twitter,Manchester United
Naing Linn(Akhayar)
www.akhayar.com