တေးပြုစာဆို နန်းတော်ရှေ့ဆရာတင်ကြီးရဲ့ “ရွှေဘိုသနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ယူ… ဘယ်လို အသားမည်းမည်း… ဝါဝါညက်ညက်ဖြူ” သီချင်းမှအစ “ပါးပြင်မှာ သနပ်ခါးလေးနဲ့ ချစ်စရာကောင်းလိုက်တာကွာ… ရင်အေးစေတဲ့ဒီအပြုံးလေးနဲ့ အရိပ်ဖွဲ့လာ အိပ်မက်မှာ…” ဆိုတဲ့ သနပ်ခါးသီချင်းအဆုံး မြန်မာ့သနပ်ခါးအပေါ် ဂုဏ်ပြုတဲ့ သီချင်းလေးတွေကြားပြန်တော့ ခေတ်ရဲ့သမီးပျိုလေးတွေလည်း သနပ်ခါးနဲ့လှတဲ့အလှကို ဂုဏ်ယူနေမိပြန်ရော။ ဒီနေ့ခေတ်မှာ သိန်းကျော်တန်အလှကုန်တွေ ဘယ်လိုပေါ်နေ ခေတ်စားနေလည်းပဲ သနပ်ခါးရဲ့ အရည်အချင်းကိုလည်း ပစ်ပယ်လို့မရပြန်ပါဘူး။ ဘယ်လောက်ပဲခေတ်မီတဲ့အလှကုန်တွေ သုံးနေသူဆိုပေမယ့်  မျက်နှာမှာ နေလောင်တာ ဝက်ခြံထွက်တာ အဖုအပိမ့်ထွက်တာ စသဖြင့် အဆင်မပြေတာများဖြစ်လာရင် သနပ်ခါးသွေးပြီး လိမ်းထားကြရတော့တာပါပဲ။ ဒီလို နေလောင်ဒဏ်ခံရတာ မိတ်ထွက်တာမျိုး ပြဿနာတွေကိုကြုံရတဲ့ ဒီလို နွေရာသီမှာ သနပ်ခါးက ပိုလို့တောင်လိုအပ်လာပါသေးတယ်။

ဒီတော့ မြန်မာတွေပီပီ မြန်မာ့သနပ်ခါးအကြောင်း ကောင်းကောင်းသိနိုင်ဖို့ သနပ်ခါးနဲ့ပတ်သက်ပြီး ပညာရှင်တွေရေးသားထားသမျှ ဆောင်းပါးတွေကိုဖတ်ရှုရှာဖွေရင်း မှတ်သားသင့်တာလေးတွေကို အခရာ ပရိသတ်အတွက် ထုတ်နုတ်ဖော်ပြပေးလိုက်ပါတယ်။ သနပ်ခါးအကြောင်း သေသေချာချာ ရေးသားထားတဲ့ ဆရာ မောင်ငွေကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။

သနပ်ခါးရဲ့ဖွဲ့စည်းပုံ

သနပ်ခါးတုံးကိုကိုင်ပြီး ထိပ်ကနေကြည့်ရင် အခေါက်ပိုင်းနဲ့အသားပိုင်းဆိုပြီး တွေ့ရပါမယ်။ အသားပိုင်းမှာတွေ့ရတဲ့ စက်ဝိုင်းရစ်လေးတွေက သနပ်ခါးထွက်တဲ့ဒေသနဲ့ ရာသီဥတုပေါ်ကိုမူတည်ပါတယ်တဲ့။ ဒီစက်ဝိုင်းရစ်လေးတွေက မိုးခေါင်ရင် စိပ်ပြီး မိုးများရင် ကျဲတတ်ပါတယ်။ တစ်နှစ်ကို တစ်ရစ်ထွက်တာကြောင့် ဒီအရစ်လေးတွေက သနပ်ခါးရဲ့သက်တမ်းကိုပြနေတာလည်းဖြစ်ပါတယ်။

ရနံ့နဲ့ အသွေးခံမခံ

သနပ်ခါးက အပွေးပါးရင် လွယ်လွယ်နဲ့ကုန်ပါတယ်။ ကုန်လွယ် မလွယ်ဆိုတာက သနပ်ခါးတုံးရဲ့သက်တမ်းအနုအရင့် အခေါက်အထူအပါး အပျော့အမာနဲ့ ဆိုင်ပါတယ်။ သက်တမ်းနုရင် အခေါက်ကပွနေပြီး လွယ်လွယ်နဲ့ဆိတ်ဖဲ့လို့ရနေတာမျိုးပါ။

သက်တမ်းရင့်ရင်အခေါက်ကမာပြီး  ကြာရှည်ခံပါတယ်။ ရနံ့လည်းပိုမွှေးပါတယ်။ အခေါက်အထူအပါးက သက်တမ်းအနုအရင့်အပြင် မျိုးဗီဇနဲ့လည်းဆိုင်ပါတယ်။ အခေါက်ပါးမျိုး အခေါက်ထူမျိုးရှိတာမို့ အခေါက်ပါးကို ထနောင်းပွေး တမာပွေး မန်ကျည်းပွေးအနေနဲ့ နှိုင်းယှဉ်ခေါ်ကြပါတယ်။ အခေါက်ထူရင် လှိုင်းအထပ်ထပ်ရှိတာမို့ သုံးထပ်ပွေး လေးထပ်ပွေးလို့ခေါ်သလို ရှားပင်အခေါက်နဲ့တူလို့ ရှားပွေးလို့လည်းခေါ်ကြပါတယ်။

သနပ်ခါးဝယ်မယ်ဆိုရင်

အပွေးမြင် အပင်သိဆိုသလိုပါပဲ သနပ်ခါးဝယ်မယ်ဆိုရင် အပွေးကောင်းကိုဘယ်လိုရွေးချယ်ရမလဲဆိုတာကိုကြည့်ရပါမယ်။

-လက်နဲ့ ကိုင်ကြည့်ဆကြည့်လို့ ပေါ့နေရင် မဝယ်သင့်ပါဘူး။ ဒါက အသားကျစ်မှုနည်းတာ၊ ခုတ်ဖြတ်ထားတဲ့ကာလ ကြာနေပြီး အတွင်းမှရေဓာတ်ခန်းသွားတဲ့အတွက် ပေါ့သွားတာဖြစ်နိုင်ပါတယ်။ အပင်သက်တမ်းနုတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

လက်သည်းနဲ့ အပွေးကို အသာဖိဆိတ်ကြည့်ပြီး နစ်ဝင်မသွားဘူးဆိုရင် အခေါက်သားရင့်တာကိုအလွယ်တကူသိနိုင်ပါတယ်။

-နောက်တစ်နည်းကတော့ အနံ့ခံရမှာဖြစ်ပါတယ်။ သနပ်ခါးတုံးက ဖြတ်ထားကာစဆိုရင် အတွင်းသားက စွဲမက်စရာ ချိုသင်းတဲ့အနံ့ကလေးရနေမှာဖြစ်ပါတယ်။ အဲလိုမဟုတ်ဘဲ ချဉ်စူးစူးအနံ့ရနေရင် မှိုစွဲနေတာ ဖြစ်ပါတယ်။ သနပ်ခါးတုံးရဲ့ထိပ်ဝမှာရှိတဲ့ အခေါက်နှင့်အတုံးသားအကြားမှာ ပြာမှိုင်းမှိုင်းအရောင် ၀င်နေပြီဆိုရင်လည်း မှိုတက်နေတာဖြစ်ပါတယ်။ အလယ်ကအသားနေရာပါ ပြာနေပြီဆိုရင်တော့ ဒါက သေနေတဲ့ သနပ်ခါးပင်ခြောက်ကို ခုတ်လာခဲ့ခြင်းမို့ ကိုင်ကြည့်လိုက်ရုံနဲ့ ပေါ့ရွှတ်နေမှာပါ။

ဒီလိုအတုံးမျိုးကို ဘယ်လောက်ပဲဈေးချိုချို မဝယ်သင့်ပါဘူး။ သွေးရင်လည်း မမွှေးနိုင်ပါဘူး။

-သနပ်ခါးတွေထဲမှာ ရေစကြိုက ရှင်မတောင်သနပ်ခါးက ဒေသမှာရှိတဲ့ရေမြေသဘာဝ ကပေးထားတဲ့ ထူးခြားချက်တွေကြောင့်  အခြားနယ်ထွက် သနပ်ခါးတွေထက် ပိုကောင်းပိုမွှေးတယ်လို့သိရပါတယ်။

သနပ်ခါးရဲ့ အကျိုးအာနိသင်

-သနပ်ခါးထဲကို ဆားထည့်လိမ်းတာက မိတ် အင်ပျဉ် တွေကိုသက်သာစေပါတယ်။

-သနပ်ခါးထဲကို သံပရာရည်ထည့်လိမ်းပေးရင် ဝက်ခြံတွေ သက်သာစေပါတယ်။

-နေလောင်ဒဏ်၊ မီးလောင်ဒဏ်ရာ၊ ရေနွေးပူလောင်ဒဏ်ရာ၊ ဝက်ခြံအမာရွတ်တွေကိုလည်း သနပ်ခါးစစ်စစ်ကိုထူထူလိမ်းပေးသွားရင် သက်သာပျောက်ကင်းစေပါတယ်။

-သနပ်ခါးမှာ Antioxidant ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်သလို အသားအရေ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ဓာတ်တွေ၊ Bacteria တွေကို သေစေတဲ့ဓာတ်တွေလည်း ပါဝင်တယ်လို့ သုတေသနပြုချက်တွေအရ သိရပါတယ်။ သနပ်ခါးကနေလောင်ခြင်းကို ဖြစ်စေတဲ့ အဆင့်မြင့် ခရမ်းလွန် ရောင်ခြည်ကိုပါ ကာကွယ်ထားနိုင်တယ်လို့ အရေပြားအထူးကုဆရာဝန်ကြီး တွေကလည်းမှတ်ချက်ပေးကြပါတယ်။

ဂျူဂျူး (အခရာ)

www.akhayar.com