သူကြီးသမီး မြို့တက်လာပြီဗျို့။ အံ့သြသွားလား ကိုယ်ပြောတဲ့ သူကြီးသမီးဆိုတာ သာယာရွှေပြည်အေးလမ်းထဲက ဖွင့်တာရက်ပိုင်းလေးပဲရှိသေးတဲ့ သူကြီးသမီးဆိုတဲ့ ကျေးလက်စတိုင်စားသောက်ဆိုင်လေးကိုပြောတာနော်။

ဆိုင်လေးက ဖွင့်တာ ရက်ပိုင်းပဲ ရှိသေးတယ်။ ဆိုင်သစ်ဆိုတာနဲ့ နှစ်ခါမခေါ်ရတဲ့ ကျွန်တော် သူကြီးသမီးဆိုင်လေးကို ရောက်ခဲ့တယ်။ အရမ်းကြီး ကျယ်ဝန်းတာမျိုး မဟုတ်ပေမယ့် အေးအေးဆေးဆေး စားသောက်စကားပြောလို့ ကောင်းမယ့် ဆိုင်မျိုးလေးပါ။ ထူးခြားတာက သူကြီးသမီးဆိုတဲ့ ဆိုင်နာမည်နဲ့လိုက်အောင် ကျေးလက်ရွာကအိမ်အပြင်အဆင်ပုံစံမျိုးလေး Decorate လုပ်ထားတာပါ။ ဒီဆိုင်လေးမှာ အင်တုံလေးနဲ့ လက်ဆေးစင်လေးလုပ်ပေး ထားတာလေး အရမ်းမိုက်။

စားစရာတွေဆိုလည်း အညာ ကျေးလက်ဒေသမှာနာမည်ကြီးပေ့ဆိုတဲ့ စားစရာလေး တွေရတာတွေ့ရတယ်။ အဲ့အထဲက ပဲထမင်း ဆီဆမ်းကို ကြက်ကြော်လေးနဲ့ရယ်၊ နန်းကြီးသုတ် ကောင်းကောင်းလေးတစ်ပွဲ၊ သူကြီးသမီးလက်ဖက်သုပ်နဲ့ ဂျုံကျိုလို့ ခေါ်တဲ့ အချိုပွဲလေးတွေ ကိုယ်မှာစားကြည့်ခဲ့တယ်။

ဒီဆိုင်မှာအကြိုက်ဆုံးက နန်းကြီးသုပ်ပဲ။ ချဉ်ငံစပ်လေးနဲ့ ကိုယ့်ပါးစပ်နဲ့ကို အံကိုက်ဖြစ်စေတာ။ တော်ရုံတန်ရုံဆိုင်ရွေးတဲ့ ကိုယ်နဲ့ ကွက်တိပဲ။ အရသာတော်တော် ကောင်းတယ်။ ငါးဖယ်၊ ဘဲဥ၊ ကြက်သား စတာတွေထည့်ပြီး သုပ်ထားလို့ စေးစေးလေးနဲ့ တကယ်ကို အရသာရှိတယ်။

နောက်တစ်ခုက ပဲထမင်းဆီဆမ်းနဲ့ ကြက်သားကြော်၊ ကြက်ကြော်ကို ပဲဆီလေးနဲ့ ကြော်ထားတာလေး စားရတာ အရသာ ရှိတယ်။ ထမင်းကိုလည်း ဆုံဆီလေးနဲ့ နယ်ထားပေးတယ်။ ဆီတွေအိုင်ရွှဲနေတာမျိုး၊ ဆီများများနဲ့နယ် ထားတာမျိုး မဟုတ်ဘဲ ခြောက်ခြောက်လေးနယ်ထားတာလေးမို့ မအီပဲ စားလို့တော်တော်ကောင်းတယ်။

သူကြီးသမီးလက်ဖက်သုပ်ကလည်း ပုစွန်ခြောက်ကောင်းကောင်း လေးတွေနဲ့ လုပ်ပေးထားတာ တွေ့ရတယ်။ ပဲခြမ်းကြော်လေးတွေစိမ်းစိမ်းလေးတွေနဲ့ စားလို့ကောင်းတယ်။ တစ်ခုရှိတာက တစ်ပွဲကို ၃,၀၀၀ ဆိုတော့ နည်းနည်းဈေးများတယ်ထင်တယ်။ ဆုံဆီလေးနဲ့နှပ်ထားတဲ့ လက်ဖက်လေးလည်း အရသာကောင်းတယ်။

မလိုင်လက်ဖက်ရည်တော့သိပ်မကြိုက်ဘူး။ မိုးအေးလို့ပဲလားတော့မသိ ကိုယ့်ဆီရောက်လာတဲ့အချိန်တော့ အေးနေပြီ။ မလိုင်ဖတ်တွေလည်းသိပ်မပါတော့ အရသာက နှပ်ထားတဲ့ လက်ဖက်ရည်လောက်ပဲရတယ်။ ဒါလေးကတော့ တစ်ခွက်ကို ၁,၈၀၀ ပါတဲ့။ ဂျုံကျိုလေး ကတော့ အရမ်းကြိုက်တယ်။ အရသာလေးက ချိုချိုဆိမ့်ဆိမ့်လေး၊ ရန်ကုန်မှာဆို မုန့်ကြာစိ အရသာမျိုးပေမယ့် မုန့်ကြာစိလောက်အချိုမများဘူး။ ဘာလီစေ့လေးတွေက တထုတ်ထုတ်နဲ့ အရမ်းစားကောင်းတယ်။

ဒီဆိုင်မှာသဘောအကျမိဆုံးတစ်ချက်က Plastic Campaign ပုံစံလေးကို တစ်ပိုင်တစ်နိုင် လုပ်ပေးထားတဲ့ နေရာလေး။ Plastic နဲ့ပတ်သက်တာကို အတတ်နိုင်ဆုံးလျှော့ချထားလို့ Take Away ယူချင်တဲ့သူတွေ ကိုယ့်ချိုင့်၊ ဗူး စတဲ့ ထည့်စရာလေးတွေ သယ်လာပေးရင် Total Charges ကို 5% လျှော့ပေးတယ်တဲ့။ မဟုတ်ရင်တော့ ဒီဆိုင်လေးမှာက ကွမ်းဖက်ဗူး၊ ထန်းခေါက်ဗူးတွေနဲ့ပဲ Take Away ယူလို့ရတာမို့။ သူ့ဈေးနဲ့သူတော့ပေးရမယ်နော်။

ဆိုင်လေးကတော့ သဘောကျတာလေးရော နည်းနည်းလိုအပ်လေးတာလေးတွေရော ရှိနေပေမယ့် ဆိုင်အပြင်အဆင်နဲ့ ပေးတဲ့ Service က ကောင်းမွန်ပါတယ်။ ရေနွေးကြမ်းလေးကတော့ Free Flow လေးဆိုတော့ တော်သေးတာပေါ့။ ဆိုင်လေးရဲ့လိပ်စာကတော့ အမှတ် (၅၇ – ဘီ)၊ သာယာရွှေပြည်အေးလမ်း၊ ရန်ကင်းမှာပဲဖြစ်ပါတယ်နော်။

Lwin Moe Htyke ( Akhayar )