မွန်ဂိုလီးယား ၁ – ၀ မြန်မာ

ဒီပွဲမှာတော့ မြန်မာအသင်းဟာ ၄-၄-၁-၁ ပုံစံနဲ့ ပွဲထွက်လာခဲ့ပြီး မွန်ဂိုလီးယားအသင်းကို ရင်ဆိုင်ခဲ့ပါတယ်။ ပွဲအစပိုင်းမှာတော့ မွန်ဂိုလီးယားအသင်းဟာ အတင်းဝင် အတင်းထွက်ပုံစံမျိုးနဲ့ ကစားခဲ့တာကြောင့် မြန်မာအသင်း ကစားကွက်တည်ရခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ မြန်မာအသင်းက ပွဲကို စီးကစားလာနိုင်ခဲ့ပေမယ့် ဂိုးတစ်ဂိုးရဖို့ အတွက်တော့ တော်တော်လေးကို ခက်ခဲခဲ့ပါတယ်။ မောင်မောင်လွင် Maung Maung Lwin နဲ့ စည်သူအောင် Si Thu Aung တို့ရဲ့ တောင်ပံတွေကသာ ဂိုးရဖို့အတွက် အားပြုကစားခဲ့ပြီး ကွင်းလယ်က တိုက်စစ်ကို ပံပိုးမှုအားတော်တော်လေး နည်းတာကြောင့် ကျော်ကိုကို Kyaw Ko Ko လည်း တိုက်စစ်ပိုင်းမှာ ရုန်းကန်နေရပါတယ်။ ပထမပိုင်းမှာ အောင်သူ Aung Thu ဂိုးရနိုင်မယ့် အပိုင်အခွင့်အရေး တစ်ကြိမ်ရရှိခဲ့ပေမယ့် ကန်ချက်လွဲချော်ခဲ့တာကြောင့် မြန်မာအသင်းအတွက် နစ်နာခဲ့ရပါတယ်။ ဒီအချိန်မှာပဲ မွန်ဂိုလီးယားအသင်းရဲ့ တိုက်စစ်ဆင်မှုကနေ မြန်မာအသင်း ဂိုးပေးရခဲ့ပြီး တောင်ပံကနေ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို Dulguun က ပွဲချိန်(၁၇)မိနစ်မှာ ပိတ်သွင်းယူခဲ့တာပါ။ ဒီဂိုးကတော့ မြန်မာအသင်း ခံစစ်ပိုင်းရဲ့ အားနည်းချက်ကြောင့် ပေးလိုက်ရတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ မြန်မာအသင်း ချေပဂိုးရဖို့ကြိုးစားခဲ့ပေမယ့် ကစားပုံက လိုအပ်ချက်တွေများနေပြီး မွန်ဂိုလီးယားခံစစ်ကိုလည်း ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့တာကြောင့် ပထမပိုင်းမှာ (၁-၀)နဲ့ ရှုံးနိမ့်နေခဲ့ပါတယ်။

မြန်မာအသင်းဟာ ဒုတိယပိုင်းမှာတော့ တိုက်စစ်ပိုင်းကို အပြောင်းအလဲ လုပ်ခဲ့ပြီး ကျော်ကိုကို အစား သန်းပိုင် Than Paing ကိုထည့်သွင်းကစားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မြန်မာအသင်းဟာ တိုက်စစ်ကိုပိုမြင့်တင် ကစားလာခဲ့ပြီး မွန်ဂိုလီးယားဘက်ကို ဖိအားပေးလာနိုင်ခဲ့သလို အောင်သူ ကလည်း ပထမပိုင်းကထက် တိုက်စစ်ကို ပိုပံပိုးပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မွန်ဂိုလီးယားခံစစ်က စုစုစည်းစည်းနဲ့ ကာကွယ်နေတာကြောင့် မြန်မာအသင်းချေပဂိုးနဲ့ ဝေးနေရပါတယ်။ ပွဲချိန်(၆၅)မိနစ်မှာတော့ ပွဲရဲ့ အပြောင်းအလဲတစ်ခုကို မြင်ခဲ့ရပြီး ဒါကတော့ မောင်မောင်လွင် (၂)၀ါ (၁)နီနဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။ ပွဲချိန်(၆၃)နဲ့ (၆၅)မိနစ်တွေမှာ မောင်မောင်လွင် အ၀ါကတ်(၂)ကြိမ်ဆက်တိုက်ပြသခံခဲ့ရတာဖြစ်ပြီး မြန်မာအသင်းက မွန်ဂိုလီးယားအသင်းကို (၁၀)ယောက်တည်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။(၁၀)ယောက်တည်းနဲ့ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့သလို မွန်ဂိုလီးယားအသင်းရဲ့ တစ်ချက်တစ်ချက် တိုက်စစ်ဆင်မှုတွေကလည်း မြန်မာအသင်းကို ဖိအားများစေခဲ့ပါတယ်။ ပွဲပြီးခါနီးမှာတော့ အောင်သူရဲ့ ပြစ်ဒဏ်ဘော ဖြတ်တင်မှုကနေ ဇော်မင်းထွန်း အပိုင်ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ဂိုးအဖြစ်တော့ မပြောင်းလဲနိုင်ခဲ့ပါဘူး။ မြန်မာအသင်း ဟာ မွန်ဂိုလီးယားမြေမှာ ရလဒ်ဆိုးလေ့ရှိတယ်ဆိုတဲ့ အစဉ်အလာဆိုးကို ဒီပွဲမှာလည်း ဆက်လက်ထိန်းသိမ်းသွားခဲ့ပြီး သမိုင်းတစ်လျှောက်(၂)ပွဲကစား(၂)ပွဲလုံး ရှုံးနိမ့်ခဲ့ရပါတယ်။

Photo: Foxsportsasia
Ko Kyue(Akhayar)
www.akhayar.com