သန်းကြွယ်သူဌေးတိုင်းဟာ သူတို့ရဲ့ကိုယ်ပိုင်နည်းလမ်းတွေ၊ အမူအကျင့်တွေကို ကျင့်သုံးပြီး ပိုက်ဆံတွေရှာကြကာ အောင်မြင်မှုတွေ ရရှိအောင် ပြုလုပ်ကြပါတယ်။ သူဌေးဖြစ်အောင် ကျင့်သုံးတဲ့ နည်းလမ်းတွေကို တစ်ချို့တွေက ခက်ခဲတယ်လို့ ထင်တတ်ကြပါတယ်။ အမှန်မှာတော့ သူဌေးတွေကျင့်သုံးတဲ့ အမူအကျင့်တွေက ဘယ်သူမဆို အလွယ်တကူလိုက်လုပ်လို့ အဆင်ပြေနိုင်တဲ့ ရိုးရှင်းလွယ်ကူတဲ့ အမူအကျင့်လေးတွေပဲ ဖြစ်ပါတယ်။ ဘယ်လိုအမူအကျင့်တွေကြောင့် သူဌေးဖြစ်နေလဲဆိုတာ ကြည့်လိုက်ကြရအောင်။

(၁) အားကစားလိုက်စားခြင်း

ကြွယ်ဝချမ်းသာတဲ့ သူဌေးတော်တော်များများဟာ အားကစားလိုက်စားကြတာကို တွေ့ရှိရပါတယ်။ သူတို့ဟာ ဘယ်လောက်အလုပ်များများ အားကစားလုပ်ဖို့ မိနစ် ၃၀ အချိန် ဖယ်ထားတတ်ကြပါတယ်။ သူတို့ အများအားဖြင့် လုပ်လေ့ရှိတဲ့ အားကစားအမျိုးအစားတွေကတော့ ပြေးခြင်း၊ လမ်းလျှောက်ခြင်းနဲ့ စက်ဘီးစီးခြင်းတို့ပဲ ဖြစ်ပါတယ်။ သူတို့ လက်ခံထားတာက ဒီလိုလေ့ကျင်ခန်းအမျိုးအစားတွေပြုလုပ်ခြင်းက ခန္ဓာကိုယ်နဲ့ စိတ်ကို ကျန်းမာကြံ့ခိုင်စေပါတယ်။ ဒါ့အပြင် အာရုံကြောကလာပ်စည်းတွေကိုလည်း ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုကို ရရှိစေပြီး ဦးနှောက်ကိုလောင်စာဖြည့်ပေးတဲ့ ဂလူးကို့စ်ထွက်ရှိမှုနှုန်းကိုလည်း လှုံဆော်ပေးပါတယ်။ ကျန်းမာကြံ့ခိုင်မှ အလုပ်ကောင်းကောင်းလုပ်နိုင်တယ်ဆိုတဲ့အချက်ကို သန်းကြွယ်သူဌေးတိုင်းက ကောင်းကောင်းသိပြီး အသုံးချနိုင်သူတွေ ဖြစ်ပါတယ်။ တစ်ချို့ချမ်းသာတဲ့ သန်းကြွယ်သူဌေးတွေဟာ ငယ်စဉ်ကတည်းက အားကစားကို လိုက်စားကြသူတွေ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ဆို Bill Gates ဟာ ငယ်စဉ်ကတည်းကနေ အခုချိန်ထိ တင်းနစ်ကစားလာသူ ဖြစ်ပါတယ်။

Bill Gates Playing Tennis

Bill Gates Playing Tennis

(၂) စာဖတ်ခြင်း

သန်းကြွယ်သူဌေးတွေဟာ အလုပ်အရမ်းများတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒါပေမယ့် သူတို့ဟာ အားလပ်ချိန်ရပြီဆိုတာနဲ့ စာဖတ်ခြင်းဖြင့် အားလပ်ချိန်ကို ကုန်ဆုံးလေ့ရှိကြပါတယ်။ သူတို့ စာဖတ်ရတဲ့ ရည်ရွယ်ချက်ကလည်း ဗဟုသုတတိုးစေဖို့အတွက်ပဲ ဖြစ်ပါတယ်။ ချမ်းသာတဲ့လူတွေဖတ်လေ့ရှိတဲ့ စာပေအမျိုးအစားတွေကတော့ ကျော်ကြားသူတွေရဲ့ အတ္ထုပ္ပတ္တိတွေ၊ သမိုင်းကြောင်းတွေနဲ့ စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ စာပေတွေ ဖြစ်ပါတယ်။

Reading

Reading

(၃) အဝတ်စားဝတ်တဲ့အခါမှာကိုယ်ပိုင်စတိုင်လ်ရှိခြင်း

ချမ်းသာတဲ့ သူဌေးတွေဟာ အဝတ်စားဝတ်ဆင်တဲ့အခါမှာ ကိုယ်ပိုင်စတိုင်လ်တွေရှိကြပြီး အဲဒီစတိုင်လ်အတိုင်း နှစ်ပေါင်းအတော်ကြာအောင် ဝတ်ဆင်တတ်ကြပါတယ်။ Facebook ရဲ့ တည်ထောင်သူ Mark Zuckerberg ဟာဆိုရင် သူ့ဘဝကြီးမှာ မလိုအပ်တဲ့ အပိုအရာတွေ ဖယ်ရှားပစ်ခြင်းတဲ့ စိတ်ကူးရှိတဲ့အတွက် ဒီဇိုင်းတစ်မျိုးတည်းကိုပဲ နှစ်ရှည်လများ ဝတ်ဆင်လေ့ရှိပါတယ်။ မလိုအပ်တဲ့အရာတွေအတွက် ငွေကုန်ကြေးကျမခံဘဲ ငွေကြေးလိုအပ်နေတဲ့ လူမှုအဖွဲ့အစည်းတွေမှာသာ ငွေတွေထည့်ဝင်လှူဒါန်းလိုစိတ်ရှိသူ ဖြစ်ပါတယ်။

Own Style of clothing

Own Style of clothing

(၄)ငွေစုခြင်း

ချမ်းသာတဲ့သူဟာ ငွေဘယ်လိုစုရမလဲဆိုတာ ကောင်းကောင်းသိကြပါတယ်။ ဒါအပြင် သူတို့ဆီမှာ ငွေဘယ်လောက်ရှိလဲဆိုတာကို ဘယ်အချိန်ပဲဖြစ်ဖြစ် ကောင်းကောင်းသိသူ ဖြစ်ပါတယ်။ သူတို့ရှာလို့ရတဲ့ငွေနဲ့ သူတို့ဘယ်လောက်သုံးလဲဆိုတာကို ကောင်းကောင်းစီမံခန့်ခွဲနိုင်သူ ဖြစ်ပါတယ်။ ငွေကြေး ဘယ်လောက်များများ သူတို့ရှာဖွေနိုင်ပါစေ မလိုအပ်တဲ့နေရာမှာ ငွေတွေမဖြုန်းဘဲ သေချာစုဆောင်းထားကာ လူမှုရေးအဖွဲ့အစည်းတွေမှာသာ လှူဒါန်းလေ့ရှိသူ ဖြစ်ပါတယ်။

Saving Money

Saving Money

(၅) ပြည်သူလူထုလမ်းပန်းဆက်သွယ်ရေးများအသုံးပြုခြင်း

ငွေကြေးချမ်းသာတဲ့ သူဌေးတွေဟာ ကြွားလုံးထုတ်ရတာ ဝါသနာထုံလေ့မရှိပါဘူး။ သူတို့ရဲ့ နေ့စဉ်လူနေမှုဘဝ ဖြတ်သန်းပုံမှာလည်း အတတ်နိုင်ဆုံး ရိုးရိုးရှင်းရှင်း ဖြတ်သန်းပြီး သွားလာရေးမှာလည်း အမိုက်စားကားကြီးတွေနဲ့ သွားလာလေ့မရှိဘဲ ပြည်သူလူထုတွေသွားတဲ့ လမ်းပန်းဆက်သွယ်ရေးတွေနဲ့ သွားခြင်း၊ အရမ်းမဝေးတဲ့နေရာတွေဆို လမ်းလျှောက်ပြီးသွားခြင်း၊ စက်ဘီးစီးပြီးသွားခြင်းတို့နဲ့ သွားလာတတ်ကြပါတယ်။နယူးယောက်မြို့တော်ဝန် Bill De Blasio က ပြည်သူလူထုလမ်းပန်းဆက်သွယ်ရေးကို အသုံးပြုပြီး သွားလာတတ်တဲ့ မြို့တော်ဝန်တစ်ယောက်ဖြစ်ပါတယ်။

Public Transport

Public Transport

(၆) အိပ်ရာစောစောထခြင်း

ကြွယ်ဝချမ်းသာတဲ့ သူဌေးတွေဟာ စောစောထတတ်တဲ့ Early Bird တွေပဲ ဖြစ်ပါတယ်။ အလုပ်စမလုပ်ခင် သုံးနာရီလောက်ကတည်းက သူတို့ဟာ စောစောကြိုထတတ်ကြပါတယ်။ အိပ်ရာစောစောထပြီး သူတို့ရဲ့ အိမ်မှုဝေယျာဝစ္စတွေနဲ့ မိသားစုကို အချိန်ပေးတာတို့ ပြုလုပ်တတ်ကြပါတယ်။  Starbucks ရဲ့ CEO Howard Schultz ဆိုရင် မနက် (၆) နာရီမှာ အိပ်ရာထလေ့ရှိတယ်။ Jack Dorsey ဆိုရင် မနက် (၅) နာရီမှာ အိပ်ရာထလေ့ရှိသလို Richard Branson ဆိုရင်လည်း (၅) နာရီ (၄၅) မိနစ်မှာ အိပ်ရာထလေ့ရှိပါတယ်။ Family App Developer တစ်ဦးဖြစ်တဲ့ Garrett Gee က ဒီနည်းလမ်းကို ကျင့်သုံးသူတစ်ဦး ဖြစ်ပါတယ်။

Wake up early

Wake up early

(၇) တရားထိုင်ခြင်း

တရားထိုင်ခြင်းက စိတ်ဖိအားတွေ၊ တွန်းအားတွေကို သက်သာရာရစေပါတယ်။ အဲဒီလို သက်သာရာရစေတဲ့အတွက်ကြောင့် စိတ်တည်ငြိမ်အေးချမ်းမှုတွေ ရရှိလာပြီး အိုင်ဒီယာအသစ်အဆန်းတွေ ပိုမိုကွန့်မြူးလာနိုင်ပါတယ်။Oprah Winfrey ၊ Salesforce ရဲ့ CEO Marc Benioff နဲ့ ရင်းနှီးမြှပ်နှံသမားကြီး Ray Dalio တို့လို ဘီလျံနာတွေဟာ တရားထိုင်လေ့ရှိသူပါ။ Jack Dorsey ဆိုရင် Twitter နဲ့ Square လိုနည်းပညာကုမ္ပဏီကြီးနှစ်ခုမှာ CEO တစ်ပြိုင်တည်းလုပ်နေရပေမယ့် မနက် (၅) နာရီမှာ အိပ်ရာထပြီး မနက်ပိုင်းမှာ မိနစ် (၃ဝ) တရားထိုင်သူပါ။

Mediation

Mediation

(၈) ကိုယ်ဟန်အမူအရာ

သန်းကြွယ်သူဌေးတွေဟာ လူတွေရဲ့ယုံကြည်မှုရရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကောင်းကောင်းသိသလို၊ လူတွေကို စည်းရုံးသိမ်းသွင်းပြီး အောင်မြင်မှုရရှိအောင် ပြုလုပ်နိုင်ကြသူတွေ ဖြစ်ပါတယ်။ အဲဒီလိုအောင်မြင်မှုရရှိအောင် ပြုလုပ်ကြတဲ့အခါမှာ ကိုယ်ဟန်အမူအရာတွေကို သုံးပြီး နားထောင်တဲ့သူတွေကို စိတ်ဝင်စားအောင်ပြုလုပ်ကြပြီး သူတို့ရဲ့ပုံရိပ်တွေကို ပုံဖော်ကြပါတယ်။ Elon Musk နဲ့ Steve Jobs က ဒီနည်းလမ်းကိုသုံးပြီး လူတွေဆီက ယုံကြည်မှုရရှိအောင် စွမ်းဆောင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

Body Language

Body Language

(၉) TV သိပ်မကြည့်ကြခြင်း

ငွေကြေးမချမ်းသာတဲ့သူတွေ TV အရမ်းကြည့်ကြသလိုမျိုး ချမ်းသာတဲ့သူတွေက TV သိပ်မကြည့်ကြပါဘူး။ ချမ်းသာတဲ့လူတွေဟာ သူတို့ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို အလုပ်တွေနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့အတွက် အများဆုံးအသုံးပြုကြပါတယ်။ အားလပ်ချိန်ရပြီဆိုရင်လည်း စာဖတ်ခြင်း၊ လမ်းလျှောက်ခြင်း၊ လေ့ကျင်ခန်းလုပ်ခြင်းနဲ့ သူတို့အတွက် အကျိုးဖြစ်ထွန်းစေမယ့် စိတ်ဝင်စားဖွယ်ကောင်းတဲ့ လူတွေနဲ့ စကားစမြည် ပြောဆိုခြင်းတွေ ပြုလုပ်ရတာကို ပိုနှစ်သက်ကြပါတယ်။ ငယ်ရွယ်တဲ့ သန်းကြွယ်သူဌေး Garret Gee က ဒီဝါသနာသုံးခုကို ရှာဖွေသင့်ကြောင်း ခုလိုမျှဝေပေးခဲ့ပါတယ်။ သူမျှဝေခဲ့တဲ့ ဝါသနာတွေကတော့ ပိုက်ဆံရှာဖွေဖို့ ဝါသနာပါအောင်ပြုလုပ်ခြင်း၊ တီထွင်ဖန်တီးမှုဥာဏ် ကွန့်မြူးအောင်ပြုလုပ်ခြင်းနဲ့ ကျန်းမာအောင်နေထိုင်ဖို့ ပြုလုပ်ခြင်းတို့ပဲ ဖြစ်ပါတယ်။

(၁၀) ကြိုတင်အစီအစဉ်ချခြင်း

ချမ်းသာတဲ့သူတွေ ပြောလေ့ရှိတာကတော့ ဘဝမှာ ငွေဘယ်လောက်ဆုံးရှုံးသွားတယ်ဆိုတာ အရေးမကြီးပါဘူး ဘယ်လောက်ပြန်ရှာနိုင်မလဲဆိုတာကပဲ အရေးကြီးပါတယ်။ ဒါပေမယ့် အချိန်ဆုံးရှုံးသွားရင်တော့ ဘယ်လိုပဲ ပြန်ရှာ ပြန်ရှာ ရမှာမဟုတ်တဲ့အတွက် နောင်တမရစေဖို့ ဘယ်ကိစ္စမဆို ကြိုတင်အစီအစဉ်ချပြီး ပြုလုပ်သင့်ပါတယ်။ ကိုယ်မှာ ရှင်းလင်းတိကျတဲ့ အစီအစဉ်မရှိခဲ့ဘူးဆိုရင် အောင်မြင်မှုရရှိမှာ မဟုတ်ပါဘူး။ ချမ်းသာကြွယ်ဝတဲ့ အောင်မြင်သူတွေကျင့်သုံးလေ့ရှိတဲ့ ရွှေရောင်စည်းမျဉ်းလေးတစ်ခု ရှိပါတယ်။ အဲဒီစည်းမျဉ်းလေးကတော့ ဘယ်လောက်ပဲဆိုးရွားတဲ့ အလုပ်အကိုင်ဖြစ်နေပါစေ မှန်ကန်တိကျတဲ့ အစီအစဉ်သာရှိခဲ့ရင် အောင်မြင်မှုရနိုင်တယ်ဆိုတဲ့ စည်းမျဉ်းပဲ ဖြစ်ပါတယ်။ Steve Jobs အောင်မြင်နေရတာလည်း ဒီစည်းမျဉ်းကို သုံးပြီး စိတ်ရှည်သည်းခံခဲ့လို့ပဲ ဖြစ်ပါတယ်။

Making plans

Making plans

ကိုယ်လည်းကြွယ်ဝချမ်းသာတဲ့အောင်မြင်သူတစ်ယောက်ဖြစ်ချင်ရင် အောင်မြင်သူတွေ ကျင့်သုံးလေ့ရှိတဲ့ အမူအကျင့်ကောင်းတွေကို အတုခိုးပြီး ကျင့်ကြံနေထိုင်ခြင်းအားဖြင့် အောင်မြင်မှုကို ဆွတ်ခူးနိုင်အောင် ကြိုးစားသင့်ပါတယ်လို့ တိုက်တွန်းချင်ပါတယ်။

H.H(Akhayar)

www.akhayar.com