အပေါ်ကြည့်ရုံနဲ့ လူတစ်ယောက်ကို ဆုံးဖြတ်လို့မရပါဘူး။ လူတိုင်းမှာ ခံစားချက်ကိုယ်စီရှိကြပါတယ်။ အပေါ်ယံရုပ်ရည်က ခက်ထန်မာကြောဟန်ပြပေမယ့်လည်း အတွင်းစိတ်က ခက်ထန်ချင်မှ ခက်ထန်မှာပါ။ ကိုယ်တွေကို စာသင်ပေးတဲ့ ဆရာ၊ ဆရာမတွေဆီမှာလည်း တပည့်တွေမသိနိုင်တဲ့ ခံစားချက်တွေရှိပါတယ်။ ဒီအချက်တွေအားလုံး ဆရာ၊ ဆရာမအကုန်လုံးမှာ ရှိမယ်လို့တော့ မဆိုလိုပါဘူး။ အနည်းဆုံးတစ်ချက်လောက်ကတော့ တိုက်ဆိုင်မှုရှိမှာပါ။

(၁) တပည့်တွေဆီက ပန်းလက်ခံရတာကို ကြိုက်တယ်

အခုလက်ရှိအချိန်မှာတော့ ကျောင်းသား၊ ကျောင်းသူတွေက ဆရာမတွေကို ပန်းပေးတာမျိုး ရှိသေးလား မပြောနိုင်ပေမယ့် ကိုယ်တွေကျောင်းတက်တုန်းကတော့ ဆရာမအတွက်ဆိုပြီး ပန်းဝယ်ပေးတဲ့သူတွေ ရှိတတ်ပါတယ်။ ကျေးဇူးတင်ကြောင်း ပြောပြီး သူငယ်ချင်းလုပ်သူ ဝယ်လာပေးတဲ့ ကံ့ကော်ပန်းလေးကို ဆရာမက သူ့ဆံထုံးမှာ ပန်ချိန်ဆိုရင် သူ့မျက်နှာမှာ ပီတိအပြုံးတွေ ဖြာလို့ပါ။

(၂) အိမ်စာတွေက မင်းတို့အတွက်ပါ

တကယ်တော့ အိမ်စာတွေလုပ်ရမှာ ပျင်းတယ်ဆိုတာ နားမလည်တာမဟုတ်ပါဘူး။ ဆရာ၊ ဆရာမတွေဆိုတာ တစ်ချိန်က ကျောင်းသားတွေဖြစ်ခဲ့တာပါ။ ဒီဘဝကလာသူမို့ အိမ်စာတွေဆို မလုပ်ချင်တဲ့ ခံစားချက်ကို နားလည်ပါတယ်။ သို့ပေမယ်လို့ ဒီအိမ်စာတွေက ပညာတတ်ကြီးတစ်ယောက်ဖြစ်အောင် လုပ်ပေးနိုင်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တာမို့ မလုပ်ချင်လည်း လုပ်ပေးကြပါ။

(၃) အိမ်မှာ စည်းမျဉ်းတွေချထားသင့်တယ်

တစ်ခုခုဆို စကားနားမထောင်၊ ပြန်ခံပြောနေတတ်တဲ့ ကျောင်းသားတွေတွေ့ရင် စိတ်တိုမိတာ ကျောင်းသားတွေရဲ့ ထိန်းကျောင်းသူကိုပါ။ အိမ်မှာ စည်းကမ်းရှိရှိနဲ့ နေလာခဲ့မယ်ဆိုရင် အိမ်ရဲ့ လွှမ်းမိုးမှုတွေက ကျောင်းအထိ ပါလာနိုင်မယ်မဟုတ်လား။

(၄) လူဆိုးမဟုတ်ပါ

စာမေးပွဲခန်းမှာ ဒီဆရာမနဲ့တော့ဖြင့် မကျချင်၊ ဟိုအချိန်ကိုတော့ဖြင့် အဲ့ဒီဘာသာရပ်ဆရာမကြောက်လို့ မသင်ချင်ဘူးဆိုတာ ကျောင်းသားတိုင်းလိုလိုမှာ ရှိပါတယ်။ ဒါကိုလည်း ဆရာ၊ ဆရာမတွေက ကြားသိပြီးသားပါ။ ပြီးတော့ စာမေးပွဲခန်းမှာ စာခိုးချလို့ စာမေးပွဲအောင်ရင် ဘာမှကောင်းကျိုးရှိမှာလည်း မဟုတ်ပါဘူး။ ဒါ့ကြောင့်မို့လို့ စာမေးပွဲခန်းမှာ ကြပ်ကြပ်မတ်မတ်စောင့်ကြည့်ရတာ ဖြစ်ပါတယ်။

(၅) လွတ်လွတ်လပ်လပ် ကျောင်းပြန်တက်ချင်တယ်

မိတ်ကပ်တွေ၊ ဇကာအုပ်ထားရတဲ့ ဆံထုံးတွေနဲ့ အိနြေ္ဒရရကျောင်းအသွားအပြန်လုပ်နေရတဲ့ ဆရာမဘဝကနေ တပည့်တွေလိုမျိုး ပေါ့ပေါ့ပါးပါးကျောင်းလာရင်း သူငယ်ချင်းတွေနဲ့ အတူပျော်ပျော်ပါးပါး ကျောင်းတက်ရတဲ့အချိန်ကို တစ်ခါတလေလည်း ပြန်ရောက်ချင်မိတာ မဆန်းပါဘူး။

(၆) ပိတ်ရက်ဆိုတာ ငါတို့မှာ မရှိပါဘူး

ဆရာမတွေဆိုတာ တစ်ဖက်မှာ မိဘတွေနဲ့ အတူနေရင်နေ၊ မနေရင် သားသမီးကိုယ်စီနဲ့ အလုပ်ရှုပ်နေရတဲ့ ရိုးရိုးသာမန်အိမ်ထောင်ရှင်မတစ်ယောက်ပါပဲ။ ကျောင်းပိတ်ရက်မို့လို့ နားရတယ်ဆိုလည်း မရှိပါဘူး။ သားသမီးအတွက်လုပ်ပေးရ၊ အိမ်အတွက်ကြည့်ရနဲ့ ပိတ်ရက်ဆိုတာ ဘာမှန်းမသိသူတွေပါ။

(၇) ကစားချိန်တွေက စာသင်ခန်းကအချိန်တွေထက် ပိုအရေးကြီးပါတယ်

အပြိုင်အဆိုင်များလွန်းတဲ့ ဒီခေတ်ကြီးမှာ ကျောင်းပိတ်ရက်ဆိုတာလည်း စာသင်ချိန်ဖြစ်နေတာပါ။ တကယ်တော့ ဆရာမတစ်ယောက်အနေနဲ့ စာတွေချည်းလိမ့်သင်ပေးနေတာထက်စာရင် ကလေးတွေကို ကလေးပီပီ ကစားကွင်းထဲမှာ ဆော့ပြီး အချိန်ကုန်ဆုံးစေချင်တဲ့ စိတ်ဆန္ဒလည်းရှိကြပါတယ်။

ပရိသတ်ကြီးရေ ဆရာ၊ ဆရာမတွေမှာ ဒီခံစားချက်အပြင် တခြားဘာတွေများရှိဦးမယ်ထင်လဲ။ ပြောခဲ့ပါဦး။

NSC (Akhayar)

www.akhayar.com