တနင်္ဂနွေနေ့ ပွဲတွေမှာတော့ ပရီးမီးယားလိဂ်ပွဲ(၃၃)အဖြစ် အဲဗာတန်နဲ့ အာဆင်နယ်၊ FA ဖလား ဆီမီးဖိုင်နယ်ပွဲဖြစ်တဲ့ ၀က်ဖို့ဒ်-၀ုလ်ဗ်အသင်းတို့ရဲ့ ပွဲတွေ ကစားကြမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်နေတဲ့ အာဆင်နယ်၊ ဒီရာသီ ဆုဖလားမျှော်လင့်ချက်အတွက် တိုက်ပွဲဝင်ရမယ့် ၀က်ဖို့ဒ်နဲ့ ၀ုလ်ဗ်တို့ရဲ့ပွဲတွေ အကြိတ်အနယ်ရှိနေမှာ အမှန်ပါပဲ . . .

အဲဗာတန် – အာဆင်နယ် (တနင်္ဂနွေ ည ၇း၃၅)

တောက်လျှောက် ခြေမှန်နေတဲ့ အာဆင်နယ်အသင်း အခုဆိုရင် အဆင့်(၃)နေရာက စပါးအသင်းကိုတောင် ကျော်ဖြတ်နိုင်ဖို့အထိ မျှော်လင့်လို့ရနေပါပြီ။ မန်စီးတီးကို ရှုံးနိမ့်ပြီးကတည်းက (၆)ပွဲဆက် ရှုံးပွဲမရှိတော့ဘဲ အဲဒီထဲမှာ (၅)ပွဲအထိ အနိုင်ရခဲ့တယ်။ အဓိကအချက်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အားထုတ်ကစားရမယ့်အချိန်မှာ အဓိက ကစားသမားတွေ ဒဏ်ရာပြဿနာမရှိတာပဲဖြစ်ပါတယ်။ အဲဗာတန်အသင်းကတော့ ဘာမျှော်လင့်ချက်မှ မရှိတော့ပါဘူး။ ဥရောပ၀င်ခွင့် မျှော်လင့်ဖို့လည်း မရှိတော့တာကြောင့် လက်ကျန်ပွဲတွေက သိပ်အရေးမကြီးတော့သလိုဖြစ်သွားပါပြီ။ ဒါပေမဲ့ အိမ်ကွင်းမှာ ထိပ်သီးအသင်းတွေကို ဒုက္ခပေးဖို့တော့ ကြိုးစားဦးမှာပါ။ အိမ်ကွင်းနောက်ဆုံး (၂)ပွဲမှာလည်း လီဗာပူးလ်ကို သရေ၊ ချယ်လ်ဆီးကို (၂)ဂိုးပြတ်နဲ့ အနိုင်ကစားခဲ့တယ်။ ဒါကြောင့် အခုပွဲမှာလည်း အာဆင်နယ်ကို အကောင်းဆုံးတုံ့ပြန်ကစားဦးမယ့် အနေအထားပါပဲ။ မထင်မှတ်ဘဲ သရေကျသွားဖို့ရှိပြီး (၁-၁)ဒါမှမဟုတ် အာဆင်နယ်နိုင်ရင်တောင် (၂-၁)ဂိုးလောက်နဲ့ပဲ နိုင်မယ်လို့ထင်ပါတယ်။

ဝက်ဖို့ဒ် – ၀ုလ်ဗ် (တနင်္ဂနွေ ည ၉း၃၀)

မနေ့က ကစားခဲ့တဲ့ မန်စီးတီး-ဘရိုက်တန် FA ဖလားဆီမီးပွဲမှာတော့ မန်စီးတီးအသင်းက အနိုင်ယူပြီး ဗိုလ်လုပွဲကနေ စောင့်နေပါပြီ။ ၀က်ဖို့ဒ်နဲ့ ၀ုလ်ဗ်တို့က ကစားသမားစုဖွဲ့မှု၊ ခြေစွမ်းပိုင်း နှိုင်းယှဉ်ရင် ဘာမှ ကွာခြားမှုမရှိဘဲ ပရီးမီးယားလိဂ်မှာလည်း အထက်အောက် ရပ်တည်နေတဲ့အသင်းတွေပါ။ ဒီရာသီ ပရီးမီးယားလိဂ် ၀ုလ်ဗ်ကွင်းမှာ ဆုံတွေ့ခဲ့တုန်းက ၀က်ဖို့ဒ်အသင်းဟာ (၂-၀)ဂိုးနဲ့ အနိုင်ယူခဲ့တယ်။ ခြေညီနေတဲ့ နှစ်သင်းဖြစ်လို့ အနိုင်၊ အရှုံး ခန့်မှန်းရခက်တဲ့အနေအထားပါပဲ။ မိနစ်(၉၀)အတွင်း (၁-၁)ဂိုးနဲ့ သရေကျမယ်လို့ထင်ပြီး ဗိုလ်လုပွဲတက်မယ့်အသင်းကို ရွေးပါဆိုရင်တော့ ၀ုလ်ဗ်ကို အရဲစွန့်ရွေးချယ်ပါတယ်။

Photo:ESPN
Naing Linn(Akhayar)
www.akhayar.com