လူတိုင်းဟာ အမှားမကင်းကြပါဘူး။ အထူးသဖြင့် ခွန်အားကို အသုံးပြုပြီး ကစားရတဲ့ ဘောလုံးကွင်းထဲမှာတော့ မရည်ရွယ်ဘဲနဲ့လည်း အမှားဆိုတာ ဖြစ်တတ်ပါတယ်။ ကစားသမားက အမှားမကျူးလွန်းပေမယ့် ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက် အမှားကြောင့်လည်း ထုတ်ပယ်ခံရတာမျိုး ရှိတတ်ပါတယ်။ အခုဖော်ပြမယ့် ဘောလုံးသမားတွေက ဘယ်တော့မှ အထုတ်ပယ်မခံရဘူးတဲ့ ဘောလုံးသမားတွေပဲဖြစ်ပါတယ်။

(၁) Raúl González

စပိန်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးဟောင်းကြီး Raúl González ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ရီးရဲလ်မက်ဒရစ် (Real Madrid) ၊ ရှော်ကေး (Schalke) ၊ အယ်ဆက် (Al Sadd SC) နဲ့ နယူးယောက်ကော့စ်မို့စ် (New York Cosmos) အသင်းတွေမှာ ဖြတ်သန်းရင်း (၂၁) နှစ်ကျော်ကြာ ဘောလုံးကစားခဲ့ပေမယ့် တစ်ခါမှ ထုတ်ပယ်မခံရပါဘူး။ စပိန်လက်ရွေးစင်အသင်းမှာလည်း ၁၉၉၆ခုနှစ်မှ ၂ဝဝ၆ခုနှစ်အထိ ဆယ်နှစ်ကြာကစားခဲ့ပေမယ့် အနီကတ်မထိခဲ့ပါဘူး။

Raul Gonzalez

Raul Gonzalez

(၂) Andrés Iniesta

ဘာစီလိုနာကစားသမားဟောင်းကြီး Andrés Iniesta ကလည်း အခုချိန်ထိ အနီကတ်မထိသေးတဲ့သူပါ။ လူငယ်ကစားသမားဘဝမှစပြီး ဘာစီလိုနာအသင်းကြီးနဲ့ (၂၂) နှစ်ကျော်ကြာအောင် ကစားနေပေမယ့် တစ်ခါမှ အထုတ်မခံရဖူးပါဘူး။ လက်ရှိအချိန်မှာ ဂျပန်ကလပ် ဗစ်ဆဲလ်ကိုဘီ (Vissel Kobe) နဲ့ စာချုပ်ချုပ်ဆိုထားပြီး အနားမယူသေးတဲ့အတွက် အနီကတ်ထိသွားခဲ့ရင် ဒီစာရင်းမှာ ပါမှာမဟုတ်ပါဘူး။

Iniesta

Iniesta

(၃) Karim Benzema

တိုက်စစ်မှူး Karim Benzema ဟာ ပြင်သစ်လက်ရွေးစင်အသင်းမှာရော လက်ရှိ ရီးရဲလ်မက်ဒရစ်အသင်းမှာပါ အနီကတ် မထိဖူးသေးပါဘူး။ ဒါကြောင့် ဒီစာရင်းထဲမှာ ပါနေတာဖြစ်ပါတယ်။ ကစားသမားဘဝမှ အနားမယူသေးတဲ့အတွက် အနီကတ်ထိ၊ မထိဆိုတာ မသေချာသေးပါဘူး။

Karim Benzema

Karim Benzema

(၄) Damien Duff

အိုင်းရစ်နည်းပြ Damien Duff ဟာ ဘလက်ဘန်း၊ ချဲလ်ဆီး၊ နယူးကာဆယ်၊ ဖူဟမ်စတဲ့ ကလပ်အသင်းတွေနဲ့ အိုင်ယာလန်လက်ရွေးစင်မှာ (၁၉) နှစ်တာ ကျင်လည်ခဲ့ပေမယ့် အနီကတ်တစ်ခါမှ မထိဖူးပါဘူး။ ပြိုင်ဘက်တွေကို သန့်သန့်ရှင်းရှင်း ကစားတတ်ဖို့ ချီးကျူးစရာ ကောင်းတဲ့သူပါ။

Damien Duff

Damien Duff

(၅) Michel Platini

၁၉၈၃ ၊ ၁၉၈၄နဲ့ ၁၉၈၅ ခုနှစ်တွေမှာ Ballon d’Or ဆုကို သုံးနှစ်ဆက်တိုက် ရရှိဖူးတဲ့ ပြင်သစ်ကွင်းလယ်သမားဟောင်း Michel Platini ဟာ တစ်ခါမှ အနီကတ်မထိဖူးပါဘူး။ ပြင်သစ်လက်ရွေးစင်အသင်းအပြင် နန်စီ (Nancy) ၊ စိန့်အီတင်း (AS Saint-Étienne) နဲ့ ဂျူဗင်တပ်အသင်းတွေမှာ (၁၅) နှစ်တာ ကစားခဲ့ပေမယ့် တစ်ခါမှ ထုတ်ပယ်မခံဖူးပါဘူး။

Michel Platini

Michel Platini

(၆) Gary Lineker

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်းကြီး Gary Lineker လည်း အနီကတ်မထိဖူးသေးပါဘူး။ လက်ရွေးစင်အသင်းအပြင် လက်စတာ၊ အဲဗာတန်၊ ဘာစီလိုနာနဲ့ စပါးအသင်းတွေမှာ (၁၆) နှစ်တာ ကစားခဲ့ပေမယ့် တစ်ခါမှ ထုတ်ပယ်မခံရဖူးတဲ့သူပါ။

Gary Lineker

Gary Lineker

(၇) Philipp Lahm

ဂျာမဏီအသင်းရဲ့ ဂန္ထဝင်နောက်ခံလူကြီး Philipp Lahm ဟာ အနီကတ်မထိဖူးတဲ့သူပါ။ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စတုဂတ်အသင်းတွေမှာ (၁၆) နှစ်ကျော်ကြာအောင် ကစားခဲ့ပေမယ့် တစ်ကြိမ်မှ အထုတ်ပယ်မခံရဖူးပါဘူး။ အသန့်ရှင်းဆုံး ကစားသမားအနေနဲ့ အသင်းအတွက် ဆုဖလားမြောက်များစွာ ဆွတ်ခူးရင်း ၂ဝ၁၇ခုနှစ် မတ်လ (၂ဝ) ရက်နေ့မှာ အနားယူခဲ့ပါတယ်။

Philipp Lahm

Philipp Lahm

အခုဖော်ပြခဲ့တဲ့ ကစားသမားတွေက အနီကတ်မထိဖူးသေးတဲ့ နာမည်ကျော်ကစားသမားတွေပါပဲ။ ပေါ်တူဂီနဲ့ မိုနာကို ကွင်းလယ်သမား မော်တင်ဟို Moutinho ၊ အီတလီနဲ့ ဂျူဗင်တပ် ဂန္ထဝင်နောက်ခံလူ Gaetano Scirea ၊ ဂျာမဏီနဲ့ ဝါဒါဘရီမင် နောက်ခံလူဟောင်း Marco Bode နဲ့ ပြင်သစ်နောက်ခံလူဟောင်း Maxime Bossis တို့လည်း တစ်ခါမှ အနီကတ်မထိဖူးပါဘူး။

Moutinho

Moutinho

ကိုလံဘီယာ Gerardo Bedoya ဟာ အနီကတ် (၄၆) ကတ် ၊ ပြင်သစ်ကွင်းလယ်လူဟောင်း Cyril Rool ဟာ  အနီကတ် (၂၇) ကတ် နဲ့ နာမည်ကျော် နောက်ခံလူ Sergio Ramos ကတော့ အနီကတ် (၂၅) ကတ်နဲ့ အကြမ်းတမ်းဆုံးကစားသမားတွေအဖြစ် မှတ်တမ်းတင်ထားပါတယ်။

Sergio Ramos

Sergio Ramos

ဝေးလ်အသင်းရဲ့ ဂန္တဝင်ကွင်းလယ်ကစားသမားကြီး Ryan Giggs ဟာ မန်ယူအသင်းမှာ (၂၄) နှစ်ကြာ ကစားခဲ့ပြီး တစ်ခါမှ အနီကတ် မထိဖူးပေမယ့် ၂ဝဝ၁ခုနှစ်တုန်းက နိုင်ငံလက်ရွေးစင်အသင်းအတွက် နော်ဝေးအသင်းနဲ့ ရင်ဆိုင်တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံရဖူးပါတယ်။

Ryan Giggs

Ryan Giggs

Ballon d’Or ဆုကို (၅) ကြိမ်အထိ ရရှိထားတဲ့ အာဂျင်တီးနားနိုင်ငံသား Lionel Messi ဟာ ဘာစီလိုနာအသင်းမှာ တစ်ခါမှ အနီကတ်မထိဖူးပါဘူး။ အနိုင်ရလိုစိတ် ပြင်းထန်ပေမယ့် ပြိုင်ဘက်တွေအပေါ် သန့်သန့်ရှင်းရှင်း ကစားတတ်တာဖြစ်ပါတယ်။ ဒါပေမယ့် ကလပ်အသင်းမှာ အောင်မြင်မှုမြင့်မားသလောက် မက်ဆီဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ ကံမကောင်းတတ်ပါဘူး။

Lionel Messi

Lionel Messi

ဘာဖြစ်လို့လဲဆိုတော့ ၂ဝဝ၅ခုနှစ် သြဂုတ်လ (၁၇) ရက်တုန်းက ဟန်ဂေရီအသင်းကို ရင်ဆိုင်ကစားခဲ့တဲ့ သူ့ရဲ့နိုင်ငံတကာပွဲဦးထွက်ပွဲမှာ လူစားဝင်ပြီး စက္ကန့် (၄ဝ) လောက်မှာပဲ တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံလိုက်ရပါတယ်။

Reference and Photo Credit – Sportskeeda

ကျော်စိုးအောင် (အခရာ)

www.akhayar.com