သင်္ကြန်မှာ နေထိလိုက် ရေထိလိုက်နဲ့ အရေပြားတွေကနီရဲ ၊ နေရတာစပ်ဖျင်းဖျင်းနဲ့နေမထိထိုင်မသာ ခံစားလာရပြီ ၊ ကိုယ့်အသားလေးနေလောင်သွားပြီဆိုရင် ဒီအတိုင်းပစ်မထားလေနဲ့။ အိမ်မှာနားတဲ့အချိန်မှာ ပြန်ပြီး ပြုစုထိန်းသိမ်းပေးလို့ရပါတယ်။ ဒီလို နေလောင်ခြင်းအတွက် ဘာတွေကအကောင်းဆုံးလဲဆိုတော့…

သနပ်ခါး

ဟုတ်ပါတယ်။ အိမ်မှာ အဆင်သင့်ရှိနေတဲ့ သနပ်ခါးက အကောင်းဆုံးပါပဲနော်။ နေလောင်တဲ့နေရာပေါ် သနပ်ခါးခပ်ထူလူလိမ်းထားပေးရုံပါပဲ။

ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်အနှစ်လေးကလည်း အကောင်းဆုံးဆေးပါပဲ။ သင်္ကြန်မတိုင်ခင်တည်းက ရှားစောင်းလက်ပပ်လေးတွေ ကြိုရှာထားပေါ့နော။ ရှားစောင်းလက်ပပ်အစစ်မရှိရင်လည်း ဈေးကွက်ထဲက Aloe Vera Cream ဘူးတွေကို လိမ်းနိုင်ပါတယ်။

နို့အေး

နွားနို့အေး ၊ ပဲနို့အေးလေးတွေက နေလောင်ခြင်းအတွက် ဆေးစွမ်းကောင်းပါ။ နွားနို့ကို အအေးခံ ချည်စလေး ဂွမ်းစလေးနဲ့တို့ယူပြီး နေလောင်ဒဏ်ရာပေါ် အုပ်ထားပေးပါ။ ချက်ချင်းသက်သာတာတွေ့ရမှာပါ။ မကြာမကြာ ပြုလုပ်ပေးနိုင်ပါတယ်။

ရေခဲ

ရေခဲကလည်း မရှိမဖြစ်ပါပဲ။ အိမ်မှာ လိမ်းစရာဘာမှအဆင်သင့်ရှိမနေဘူးဆိုရင် ရေခဲအိတ်လေးနဲ့ ဒဏ်ရာပေါ်ကပ်ပေးပါ။ ဒါမှမဟုတ် ပဝါပါးလေးထဲကို ရေခဲတုံးထည့်ပြီး နေလောင်ဒဏ်ရာပေါ်လှိမ့်ပေးနိုင်ပါတယ်။

ဒိန်ချဉ်

သကြားမပါတဲ့ ဒိန်ချဉ်သန့်သန့်လေးတွေရှိရင် အဆင်ပြေပါတယ်။ ဒိန်ချဉ်အေးအေးလေးကို နေလောင်တဲ့ နေရာပေါ်သုတ်လိမ်းပေးထားရုံပါပဲ။

လက်ဖက်ရည်အိတ်

သောက်ပြီးသား လက်ဖက်ရည်အိတ်တွေကို ရေခဲသေတ္တာထဲသိမ်းထားပါ။ သူကမျက်လုံးကျန်းမာလှပဖို့ ကပ်ပေးထားနိုင်သလို နေလောင်ဒဏ်ရာအတွက်ပါ အသုံးချနိုင်ပါတယ်။ နေလောင်တဲ့နေရာပေါ် လက်ဖက်ရည်အိတ်အေးအေးလေးကို တိုက်ရိုက်တင်ထားပေးရုံပါပဲ။

ရေပိုသောက်ပေး

နေလောင်တာတွေမြန်မြန် သက်သာဖို့ ခန္ဓာကိုယ်ကလည်းရေဓာတ်ပြည့်ဝနေဖို့လိုပါတယ်။ ဒါကြောင့် ရေ ၊ အချိုရည် နဲ့ Energy Drink တွေသောက်ပေးနိုင်ပါတယ်။ ချိုအေးပြီး အရည်ရွှမ်းတဲ့ အသီးအနှံလေးတွေလည်း များများစားနိုင်ပါတယ်။

Mask ကပ်တဲ့အခါသတိထားပါ

မျက်နှာကို အရမ်းအရမ်း ဂရုစိုက်တော့မယ်ဆိုပြီး ပေါင်းတင်တာတွေ တန်းမလုပ်ပါနဲ့ဦး။ တစ်ခါသုံး Mask တွေသုံးမယ်ဆိုရင်လည်း ရွှံ့စေး Mask တွေရှောင်ပါ။ အကောင်းဆုံးက သင်္ဘောသီး ၊ သခွားသီးလိုမျိုး သဘာဝ Mask တွေ သုံးပေးဖို့ပါပဲ။

အနားယူပေးပါ

နေလောင်သွားပြီဆိုရင် သက်သာသည်အထိ အိမ်ထဲမှာပဲအေးအေးဆေးဆေး နားနေဖို့လိုအပ်ပါတယ်။ ဆက်တိုက်အပြင်ထွက်တာမျိုးဆိုရင် ဆိုးဆိုးရွားရွားပျက်စီးသွားစေနိုင်ပါတယ်။ နေလာင်ဒဏ်ရာ အတွက် ဆေးလိမ်းဖို့ဆိုရင်တော့ Hydrocortisone Cream ကိုဆေးဆိုင်မှာ မေးပြီး ဝယ်ထားနိုင်ပါတယ်။ ဒီလိုအချိန်မှာ ဆပ်ပြာနဲ့ပွတ်တိုက်ရေချိုးတာတွေ ၊ Scrub တွေ ၊ အချဉ်ဓာတ်ပါတဲ့အရာတွေနဲ့ ထိတွေ့တာမျိုး ရှောင်ရပါမယ်။ လိမ်းနေကျ Moisturizer ဘူးကိုရေခဲသေတ္တာထဲထားပြီး လိမ်းပေးတာကလည်း နေလောင်ခြင်းအတွက်ကောင်းပါတယ်။

ဂျူဂျူး(အခရာ)

www.akhayar.com