မန်ယူ – မန်ယူနည်းပြဆိုးလ်ရှား Solskjaer က နောက်ခံလူစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ မက်ဂွိုင်းယား Maguire ဟာ သူ့ရဲ့အမြဲတမ်းနံပါတ်(၁)ပစ်မှတ်ကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီနေ့ ချယ်လ်ဆီးအသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲမှာတော့ မက်ဂွိုင်းယား ပွဲထွက်ပါဝင်နိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

စပါး – စပါးအသင်း ညာနောက်ခံလူ အော်ရီယာ Aurier ဟာ အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အော်ရီယာ ကိုခေါ်ယူဖို့ အသင်းဟောင်း PSG နဲ့ အေစီမီလန်အသင်းတွေက စိတ်ဝင်စားနေကြပါတယ်။

လီဗာပူးလ် – လီဗာပူးလ်အသင်းက နောဝှစ်အသင်းကို ( ၄ – ၁ )နဲ့ အနိုင်ရရှိခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဂိုးသမား အယ်လစ်ဆန် Alisson ဟာ ခြေသလုံးဒဏ်ရာရရှိခဲ့တာကြောင့် (၄)ပတ်ကနေ (၈)ပတ်ခန့် အနားယူရဖို့ရှိတယ်လို့ သိရပါတယ်။ အယ်လစ်ဆန် ဟာ လီဗာပူးလ်အသင်းအတွက် အရေးပါတဲ့ကစားသမားဖြစ်တာကြောင့် သူ့ရဲ့ဒဏ်ရာပြဿနာက အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုပဲဖြစ်ပါတယ်။

မန်ယူ – မန်ယူကွင်းလယ်လူ ပေါ့ဘာ Pogba ကိုခေါ်ယူနိုင်ဖို့အတွက် အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းက မျှော်လင့်နေတုန်းပဲလို့ သိရပါတယ်။ လက်ရှိမန်ယူကွင်းလယ်ရဲ့ အနေအထားကြောင့် ပေါ့ဘာ ကိုလက်လွှတ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ အနေအထားမှာရှိနေပါတယ်။

ဘိုင်ယန်မြူးနစ် – ဘိုင်ယန်မြူးနစ်အသင်းဟာ အင်တာမီလန်တောင်ပံကစားသမား ပါရီဆစ် Perisic ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ပါရီဆစ် ကို အငှားနဲ့အရင်ခေါ်ယူမှာဖြစ်ပြီး ပေါင်(၂၃.၅)သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်မှာလည်းဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်းဟာ နေမာ Neymar အတွက် ပေါင်(၈၅)သန်းနဲ့ ဘေးလ် Bale အလိုက်ပေးကမ်းလှမ်းခဲ့ပေမယ့် PSG အသင်းက ပယ်ချခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ နေမာ ဟာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်နေပါတယ်။

အဲဗာတန် – အဲဗာတန်တောင်ပံကစားသမား ဘိုလာဆီ Bolasie ကိုခေါ်ယူဖို့အတွက် ဆဲလ်တစ် ၊ ဘက်ဆစ်တက် နဲ့ ရန်းစ်အသင်းတွေက အပြိုင်ဖြစ်နေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီကတော့ ဘိုလာဆီ ဟာ ဗီလာအသင်းမှာ အငှားနဲ့ သွားကစားခဲ့သူဖြစ်ပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးနည်းပြလမ်းပတ် Lampard ဟာ အပြောင်းအရွှေ့ပိတ်ပင်ခံရတဲ့ ပြစ်ဒဏ်ပြီးဆုံးသွားရင် လက်စတာဘယ်နောက်ခံလူ ချီဝဲလ် Chilwell ကို ပေါင်သန်း(၇၀)နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း ချီဝဲလ် ကိုခေါ်ယူဖို့ မန်စီးတီးအသင်းက စိတ်ဝင်စားခဲ့ပါသေးတယ်။

ဘိုင်ယန်မြူးနစ် – ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းရဲ့တိုက်စစ်မှူးဟောင်း မန်ဇူကစ် Mandzukic ကိုပြန်လည်ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ မန်ဇူကစ် ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ (၂)နှစ်ကြာကစားခဲ့ပြီး သွင်းဂိုး(၄၈)ဂိုးသွင်းယူခဲ့ပါတယ်။

ဇာရာဂိုဇာ – ဒေါ့မွန်ကွင်းလယ်တိုက်စစ်ကစားသမား ကာဂါဝါ Kagawa ဟာ ဆီဂန်ဒါကလပ် ဇာရာဂိုဇာအသင်းကို (၂)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီကတော့ ကာဂါဝါ ဟာ ဘက်ဆစ်တက်အသင်းမှာ အငှားနဲ့ သွားကစားခဲ့သူဖြစ်ပါတယ်။

Ref: BBC Sports , Mirror , Telegraph
Photo: Manchester United Twitter
Ko Kyue(Akhayar)
www.akhayar.com