နေကလည်း တဖြည်းဖြည်း ပူလိုက်တာ။ အမြဲတမ်း ဂျင်းဘောင်းဘီကြီးတကားကားနဲ့ ယောက်ျားလေးတွေကို ကြည့်ရတာလည်း စိတ်တောင်အိုက်တယ်။ တစ်ခါတလေဆို သြော် မိန်းကလေးတွေကမှ အတိုအရှည်ဝတ်စရာမျိုးစုံရှိသေးတယ်။ သူတို့ခမျာ ဆောင်းရာသီလည်း ဒါ၊ နွေရာသီလည်း ဒါ၊ မိုးရာသီလည်း သွားမကြည့်နဲ့ ဒါချည်းပဲ ၀တ်နေကြရတာ သနားစရာတောင် ကောင်းပါတယ်။ ဒါကြောင့် အခရာရဲ့ယောက်ျားလေးပရိသတ်တွေလည်း ဒီနှစ်နွေရာသီမှာ အပြောင်းအလဲလေးလည်းဖြစ်အောင်၊ ဖက်ရှင်လည်းကျအောင် နောက်ပြီး ပေါ့ပါးလွတ်လပ်ရုံမက အေးမြမှုလည်းရှိအောင် ဘယ်လိုဝတ်စားရမလဲဆိုတာကို အကြံပေးချင်ပါတယ်။ အောက်မှာ ဆက်ကြည့်ပေးဦးနော်။

ဟာဝိုင်ရီရှပ်အင်္ကျီလေးတွေ ၀တ်ကြမယ်

ကောင်လေးတို့ရေ …. နွေရာသီရောက်ပြီဆိုတော့ လန်းလန်းဆန်းဆန်းနဲ့ ပေါ့ပါးပြီး အေးမြနေအောင် တခြားအင်္ကျီတွေထက် ဟာဝိုင်ရီရှပ်အင်္ကျီလေးတွေကို ရွေးချယ်ကြပါလား။ နွေနေပူပူမှာ အရောင်လွင်လွင်လေးတွေနဲ့ ဆွဲဆောင်မှုလည်းရှိတယ်။ ပြီးတော့ အေးမြပေါ့ပါးတယ်လေ။

ဘောင်းဘီတိုလေးတွေ ၀တ်ကြမယ်

တချို့ယောက်ျားလေးတွေက ဘောင်းဘီတို မ၀တ်ရဲကြဘူး။ ဘာဖြစ်လို့လဲတော့ မသိဘူး။ ဒါပေမယ့် ဘောင်းဘီတိုဝတ်တာ ရိုင်းသလိုလို၊ မလုံခြုံသလိုလို ခံစားကြတဲ့ ယောက်ျားလေးတွေ ရှိပါတယ်။ ဒါပေမယ့်လည်း အဲဒီလို ဘာမှမဟုတ်တဲ့ စည်းမျဉ်းကြီးတွေကို ခေါင်းထဲထည့်မနေဘဲ အထာကျကျရှာဝတ်ကြည့်ရင်တော့ ခေတ်မီပြီး ပေါ့ပါးတဲ့အသွင်ရနိုင်ပါတယ်။

အဖြူရောင်တီရှပ်လေးတွေ ၀တ်ကြမယ်

တီရှပ် ရိုးရိုးရှင်းရှင်း ဗြောင်ကိုမှ အဖြူရောင်တီရှပ်တစ်ထည်တော့ ဒီနှစ်နွေရာသီအတွက် မရှိမဖြစ် ဆောင်ထားသင့်ပါတယ်။ အဖြူရောင်ဟာ နဂိုကတည်းက အေးချမ်းပြီး ဖြူစင်သန့်ရှင်းတဲ့ဂုဏ်သတ္တိရှိလို့ နွေရာသီမှာ စိတ်အေးချမ်းမှုကို သူ့ထက် ပေးစွမ်းနိုင်တဲ့သူ ရှိတော့မှာမဟုတ်ပါဘူး။

ချည်သားဘောင်းဘီလေးတွေ ၀တ်ကြမယ်

ဂျင်းဘောင်းဘီတွေချည်းပဲ တစ်ချိန်လုံးဝတ်နေတာဟာ ယူတို့ကို စမတ်လည်းမကျစေသလို သက်သောင့်သက်သာလည်း မရှိစေပါဘူး။ နွေရာသီမှာတော့ ဂျင်းဘောင်းဘီလေးတွေ ခဏချွတ်ပြီး ပေါ့ပါးအေးမြတဲ့ ချည်သားဘောင်းဘီလေးတွေ အစားထိုးဝတ်ကြည့်သင့်ပါတယ်။

ဒီတော့ ဟုတ်ပြီနော်။ ဒီနှစ်နွေရာသီမှာ အရင်နှစ်ကလို အဂွမ်းကြီး မဟုတ်တော့ဘဲ ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျတဲ့ ဖက်ရှင်လေးတွေနဲ့ လန်းကြမယ်လေ ကောင်လေးတို့။

Moethaesay (Akhayar)

www.akhayar.com