တစ်နေ့ တစ်နေ့ မီးဖိုချောင်မှာ ချက်ကြ၊ု ပြုတ်ကြ၊ စားကြ၊ သောက်ကြနေပေမယ့် နည်းမမှန်လမ်းမမှန်တာမျိုးတွေနဲ့ ကြုံရတတ်ပါတယ်။ ချက်သာချက်နေတာ နည်းစနစ်တွေ လွဲလို့လွဲမှန်းမသိဘဲ ဟင်းတစ်ခွက်ဖြစ်လာခဲ့တယ်ဆိုရင်တောင် ကျန်းမာရေးမညီညွတ်တာတွေ၊ လူနေမှုဘဝမှာ ထိခိုက်လာတာမျိုးတွေပါ ဖြစ်လာနိုင်လို့ ဒီအလွဲလေးတွေကို တက်နိုင်သလောက်ရှောင်လို့ရအောင် ပြောပြပေးခဲ့တယ်နော်။

အစားအစာတွေကို တမင်တူးအောင်မချက်ချင်ပါနဲ့

တူးနေမှစားလို့ကောင်းတာ၊ နည်းနည်းလေးပိုကျက်အောင်ကင်ပေးဦး၊ မီးသွေးနံ့လေးသင်းနေမှ အဲ့ဒီအသံတွေကို ဘယ်အချိန်မှာ ကြားတာအများဆုံးလဲ? ဟုတ်ပါတယ်။ ပေါင်မုန့်ကင်တဲ့အခါမျိုး၊ အသားကင်တဲ့အချိန်မျိုးတွေမှာ ကြားရတဲ့အသံတွေပါ။ အဲ့ဒီလိုမျိုး တူးတူးခါးခါးကိုမှ အာသီသရှိတတ်တဲ့ သူတွေအတွက်တော့ ဝမ်းနည်းစရာပါပဲ။

ဘာလို့လဲဆိုရင် အဲ့ဒီလောက်တူးခါးနေတာမျိုးက စားလို့လုံးဝမသင့်တော်ပါဘူး။ အစားအစာတွေကို မီးနဲ့ မည်းတူးသွားအောင်ကင်လိုက်တာနဲ့ ကာဗွန်တွေ ထွက်လာပြီ (အပေါ်ကတူးခြစ်သွားတဲ့ အမည်းတွေ)။ အဲ့အမည်းတွေက ကာစီနိုဂျင်ဖြစ်စေပြီးတော့ ကင်ဆာရောဂါတိုင်းကို ဖြစ်စေဖို့ ကျိန်းသေပါတယ်။ အရသာကလည်း တူးတူးခါးခါးကြီးမို့ No No နော်။

ဓားမှန်မှန် မသွေးဖြစ်ကြဘူးမလား

“ဓားဆိုတဲ့အမျိုးက တစ်ခါသွေးပြီး တစ်သတ်လုံးထက်နေမယ့်အမျိုး” အဲ့ဒီလိုတွေးထားရင်တော့မှားမယ်နော်။ ကျွန်တော်တို့တွေ ဟင်းတွေသာချက်ပြုတ် စားနေကြတာ ဓားတွေကိုတော့ သွေးဖို့မေ့နေခဲ့ကြတယ် ဟုတ်။ လေး၊ ငါးနှစ်လောက်နေလို့ လုံးဝလှီးဖြတ်မရတော့မှ သွေးဖို့သတိရတာမျိုးတွေဟာ အမှန်တော့ မလုပ်သင့်ပါဘူး။ မီးဖိုချောင်ထဲမှာ ဓားဆိုတာအသက် နာမည်ကြီး စားဖိုမှူးတော်တော်များများမှာ ကိုယ်ပိုင်တသသသိမ်းထားတတ်တဲ့ ဓားတွေရှိကြတယ်။

ဓားထက်ထက်တစ်ချောင်းရှိရုံနဲ့ မီးဖိုချောင်တစ်ခုလုံးကို ခြယ်လှယ်လို့ရနေပြီတဲ့။ စားဖိုမှူးကြီးတွေလောက်မဟုတ်ဘဲ သာမန်တစ်ပတ်ကို နှစ်နပ်၊ သုံးနပ်လောက်ပဲ ဟင်းချက်စားတဲ့သူတွေဆိုရင်တောင် တစ်နှစ်ကို အနည်းဆုံး နှစ်ကြိမ်ကနေ လေးကြိမ်လောက်အထိ ဓားကိုသွေးသင့်ပါတယ်နော်။ ဓားအသစ်တွေ ပိုက်ဆံကုန်ခံနေမယ့်အစား ကိုယ်သုံးနေကျဓားကိုပဲ သေချာလေးသွေးပြီး သုံးသင့်တယ်။

အသီးအရွက်မလှီးခင် အသားအရင်လှီးတာမျိုးတွေ ရှောင်

အမြဲတမ်းတွေ့တွေ့နေရတာက လူတိုင်းက အသားတွေကို အရင်လှီးပြီးမှ အသီးအရွက် တွေကိုလှီးကြတယ်။ ဘာလို့လဲ စဉ်းတီတုံးတွေ နှစ်ခု၊ သုံးခု ခွဲပြီးမလှီး နိုင်ရင်တောင် အသီးအရွက်တွေ လှီးပြီးမှ အသားကိုအရင်လှီးသင့်တယ် ထင်ပါတယ်။ ဒီနည်းနဲ့ စဉ်းတီတုံး ခဏခဏဆေးရတာတွေ၊ ဓားတွေ ခဏခဏဆေးရတာ တွေ လုပ်စရာမလိုတဲ့အပြင် ရောဂါပိုးမွှားပေါက်ဖွားတဲ့နှုန်းကိုလည်း လျှော့ချပေးနိုင်လို့ လူသက်သာတာပေါ့။

အသားတွေလှီးဖို့၊ အသီးအနှံတွေ လှီးဖို့၊ အရွက်တွေလှီးဖို့ဆိုပြီးတော့ စဥ့်နီတုံးတွေ အများကြီးဝယ်ထားတာမျိုးလည်း မလိုပါဘူး။ ဒါပေမယ့် စဉ်းတီတုံးေ တစ်တုံးထဲကိုပဲ အကုန်လှီးမယ်ဆိုရင် အသီးအရွက်တွေအရင်လှီးပြီးမှ အသားလှီးဖို့ကိုလုပ်ပါ။ ဒီလိုမျိုး စနစ်တကျလှီးတာဟာ တကယ်လို့ ကြက်ကုန်းဘောင် လိုမျိုး အသီးအရွက်တွေနဲ့ အသားငါးတွေရောချက်မယ်ဆိုရင်တောင် အန္တရာယ်ကင်းကင်းနဲ့ စားလို့ရပြီလေ။

အသားငါးတွေကို ရေခဲသေတ္တာအပေါ်ဆုံးအကန့်မှာ ထည့်ထားရင် ထုတ်လိုက်ပါတော့

ဘာလို့လဲဆိုရင် အသားငါးတွေကို အပေါ်ဆုံးအကန့်ထဲမှာ ထားမိရင် အသားငါးက ကျတဲ့ အရည်တွေဟာ ရေခဲသေတ္တာတစ်ခုလုံးကို ဘတ်တီးရီးယားတွေ ပေါက်စေနိုင်ပါတယ်။ အဲ့ဒါကြောင့် အပေါ်ဆုံးအထပ်မှာ မထားဘဲ အောက်ဆုံးထပ်ကို ပြောင်းထားလိုက်ကြတော့နော်။

အပေါ်ဆုံးထပ်မှာ အသီးတွေ အရွက်တွေ ထည့်၊ နို့ထွက်ပစ္စည်းနဲ့ မုန့်တွေကို အလယ်မှာထည့်၊ အသားစိမ်း၊ ငါးစိမ်းကိုတော့ အောက်ဆုံးမှာထား။ အဲ့ဒါက ရေခဲသေတ္တာကို နည်းလမ်းမှန်မှန်နဲ့သုံးတဲ့နည်းပါ။ ဒါနည်းလမ်းနဲ့ပဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်းကောင်းကောင်းတွေ ချက်ပြုတ်စားနိုင်တော့မှာပေါ့။

ရေခဲသေတ္တာကို သန့်ရှင်းရေးရောလုပ်ကြရဲ့လား

သင်ဘယ်တုန်းက နောက်ဆုံးရေခဲသေတ္တာကို သန့်ရှင်းရေး သေချာလုပ်တာ ဘယ်တုန်းကလဲ? ဟုတ်ပါတယ်။ ရေခဲသေတ္တာကို သန့်ရှင်းရေး သေချာမလုပ်ဖြစ် တာကများပါတယ်။ လူတော်တော်များများက သူတို့ရဲ့ရေခဲသေတ္တာထဲကို ထည့်လိုက်ရင် သန့်ရှင်းသွားမယ်လို့ ထင်နေကြပါတယ်။ ဟင်းတွေဖိတ်ကျတဲ့အခါတွေ အနံ့တွေစွဲနေတဲ့ အခါမျိုးမှ ရေခဲသေတ္တာကို သန့်ရှင်းရေးလုပ်ဖို့ သတိရတတ်ကြပါတယ်။

အမှန်တော့ ရေခဲသေတ္တာကို တစ်ပတ်ကို တစ်ကြိမ် လောက် သန့်ရှင်းရေးလုပ်သင့်ပါတယ်။ အလုပ်ရှုပ်လို့ အဲ့ဒီလောက်ထိ အချိန်မပေးနိုင်ရင် တောင် အနည်းဆုံးတော့ တစ်လကို တစ်ကြိမ်လောက်တော့ သန့်ရှင်းအောင် လုပ်ဖြစ်အောင် လုပ်ပေးပါ။ တကယ်လို အရည်တွေ ဖိတ်ကျသွားတာမျိုး ညစ်ပတ်သွားတာမျိုးဆို ချက်ချင်းပြောင် အောင် သုတ်ပေးလိုက်ပါ။ ဒီလိုနည်းနဲ့ပဲ ဘတ်တီးရီးယား ပေါက်ဖွားမှုနှုန်းကို လျှော့ချနိုင်ပါတယ်။

ပန်းကန်ဆေးတဲ့ ဖော့တွေရော သန့်ရှင်းဖြစ်ရဲ့လား

ပန်းကန်ဆေးတဲ့ ဖော့တွေဆိုတာဟာ တကယ်ကို အညစ်တကာ့ အညစ်ပတ်ဆုံးအရာပါပဲ။ ဒီဖော့လေးသေးသေးလေးဟာ မီးဖိုချောင်တစ်ခုလုံးကထွက်သမျှတိုင်းကို တိုက်ချွတ်ဆေးကြောနေရတာပါ။ ဘာကြောင့်လဲဆို သန့်ရှင်းရေးအတွက်ဆိုပြီး လူတွေအသုံးပြုတာ ဒီတစ်မျိုးတည်းမို့လို့လေ။

သင်ဟာတစ်နေကုန်လုံး ဆေးကြောတိုက်ချွတ်နေမယ်ဆိုရင် တစ်လတစ်ခါလောက်တော့ အသစ်လဲပေးသင့်ပါတယ်။ ဘတ်တီးရီးယားတွေဟာ ဒီလက်ဆေးဖက်ပေါ်မှာ လျင်လျင်မြန်မြန်ပေါက်ဖွားနိုင်ကြပါတယ်။ သေချာမဆေးဘဲထားရင်လည်း ဒီဖော့တွေက ထိသမျှနေရာတိုင်း၊ အရာတိုင်းမှာ ဘတ်တီးရီးယားတွေကို ပျံနှံ့စေပါတယ်။

အခုပြောပြခဲ့တဲ့အချက်တွေက မီးဖိုချောင်ထဲမှာလုပ်နေကျ မသိလိုက်မိတဲ့အလွဲတွေပဲဖြစ်ပါတယ်။ ဒီထဲက တိုက်ဆိုင်နေတဲ့ အချက်မျိုးရှိရင် မြန်မြန်ပြင်လို့ရအောင် အခရာကနေ ပရိသတ်ကြီးအတွက် တင်ပေးလိုက်ပါတယ်နော်။ နောက်ထပ်အချက်တွေလည်း ဖော်ပြပေးမှာမို့ အပိုင်း(၂) ကို ဆက်စောင့်ကြည့်ပေးနော်။

ချစ်တဲ့ Lwin Moe Htike ( Akhayar )

Reference – Reader’s Digest

Photo Credit – Reader’s Digest