လူ လူချင်းပဲဗျာ (Stop Body Shaming)

“ဟေ့ စောင်ဂျပု….လာဦး”။

“ဝက်မ ဆိုတဲ့ နာမည်နဲ့ နင် လိုက်လဲလိုက်ပါပေတယ်…အားအားရှိ စားနေတာကိုး”

“ယောင်္ကျားဖြစ်ပြီး ဆေးလိပ်မသောက်၊အရက်မသောက် နဲ့ စောက်ခြောက်”

“ငါ့နားမလာနဲ့..အသားမဲတာ အကူးမခံနိုင်ဘူး…ကုလားမဲ”

“မီးယပ်ပိန် မီးယပ်ခြောက်မ…ဘယ်လောက်စားစား ဝလာတာလဲမဟုတ်ပဲနဲ့ စားမနေနဲ့”

“တော်စမ်းပါ သခေါရာ..သွားသွား ပြောင်ကြီးနားမှာ သွားထိုင်ချည်”

“စွေစောင်းမရယ်…ငါ့ကို တည့်တည့် ကြည့်ပြီးမှပြောဟာ..မျက်စိ တစ်လုံးက ဆိတ်ကျောင်း ပြီး နောက်တစ်လုံးက စွန်လွှတ်မနေနဲ့”

ဘယ်စာကြောင်းက ဖတ်ရတာ အဆင်ပြေနေတယ်လို့ ထင်ပါသလဲ။ ဟုတ်ကဲ့။ ဘယ်စာကြောင်းမှ ဖတ်လို့မကောင်းသလို မြင်ရ ကြားရတာ လည်းအဆင်မပြေလှပါဘူး။ ဒါတွေဟာ ကျွန်တော်တို့ တကယ့်အပြင်လောကမှာ လက်တွေ့ပြောဖြစ်နေတဲ့ စကားတွေဖြစ်နေတာ အံ့ဩစရာပါပဲ။ မိသားစုဝင်တွေ ၊ သူငယ်ချင်းတွေ ၊ လုပ်ဖော်ကိုင်ဘက်တွေကို ကျွန်တော်တို့ အစအနောက် သဘောမျိုး နဲ့ ဖြစ်စေ၊ တမင်တကာ ရည်ရွယ်ချက်ရှိရှိ နဲ့ဖြစ်စေ ခေါ်ဖြစ်နေတဲ့ နာမည်တွေနဲ့ ပြောဖြစ်နေတဲ့ စကားတွေပါ။ သေချာပြန်စဉ်းစားကြည့်မယ်ဆိုရင် ဝမ်းနည်းစရာပါ။ တကယ်ဆို လောကကြီးမှာ လူ ၂ မျိုးပဲ ရှိပါတယ်။ အဲဒါကတော့ လူဆိုး နဲ့ လူကောင်းပါပဲ။

 

ရုပ်ဆိုးတယ်ဆိုတာ….

ဟုတ်ကဲ့….ရုပ်ဆိုးတယ်ဆိုတာ ဘာပါလဲ။ ရုပ်ဆိုး၏ ၊ မဆိုး၏ ကို ဘယ်စံနှုန်း၊ဘယ်ပေတံတွေနဲ့ တိုင်းတာပြီး ဆုံးဖြတ်လို့ရပါသလဲ။ ဆုံးဖြတ်လို့ရတယ်ဆိုဦးတော့ ကျွန်တော်တို့မှာ အဲဒီလို ဆုံးဖြတ်ခွင့် ၊ Judge လုပ်ခွင့်ရှိပါသလား။ ရုပ်ဆိုးတယ်ဆိုတာ အရပ်ပုပြီး ကွနေတာပါလား?..အသားမဲတာပါလား?…လိင်စိတ်ချို့ယွင်းမှုပါလား?…မျက်စိ စွေနေတာပါလား?..ဝတာ ပိန်တာကို ခေါ်တာပါလား? မွေးရာပါ ကိုယ်လက် အင်္ဂါ ချို့တဲ့ တာပါလား?.. သွားခေါတာပါလား? အဲဒီ ရုပ်ပိုင်းဆိုင်ရာကိစ္စတွေ က အားနည်းချက်တွေလို့ ထင်နေပါသလား? အဲဒါဆိုရင်တော့ ပြန်စဉ်းစားဖို့လိုသွားပါပြီ။ တကယ် ရုပ်ဆိုးတာကတော့ လူသားအချင်းချင်းကို အဲဒီလို စနောက် နှိမ်ပြုပြောဆိုလိုက်ရတာကို သာယာနေတဲ့ စိတ်ဓာတ်ပါပဲ။

 

လူတိုင်းမှာ နာမည်ရှိတယ်…

ဟုတ်ကဲ့….လူတိုင်းမှာ နာမည်ရှိပါတယ်။ အတတ်နိုင်ဆုံး ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် နာမည်တွေပဲခေါ်ကြရင် ပိုမကောင်းပေဘူးလားဗျာ။ ဘယ်သူကမှတော့ ဂျပုတို့၊မီးယပ်ခြောက်မတို့၊ကုလားမဲ တို့ အခေါ်ခံချင်မှာ မဟုတ်ပါဘူး။ တကယ်တော့ ပုတာ၊ဝတာ၊ပိန်တာ၊မဲတာ ဟာ အားနည်းချက်မဟုတ်သလို နှိမ်စရာလဲမဟုတ်ပါဘူး။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့ ဆီမှာတင် မကပဲ နိုင်ငံတကာမှာပါ ( Body shaming ) ဒီလို လူသားချင်း နှိမ်ချပြောဆိုဆက်ဆံမှုတွေ ရှိပေမယ့် ကျွန်တော့်တစ်ဦးထဲအမြင်အရ ကျွန်တော်တို့ နိုင်ငံက အတော်ဆိုးဆိုးထဲမှာပါတယ်လို့ ထင်မြင်ယူဆမိပါတယ်။ အနီးဆုံး ဥပမာပေးရရင် ကျွန်တော်တို့ လူမှန်းသိတတ်စ အရွယ်ထဲက ဒီနေ့ထက်ထိ ကြည့်ခဲ့ဖူးတဲ့ မြန်မာရုပ်ရှင်တွေ ရဲ့ ၉၅ % မှာ လူလူချင်း နှိမ်တာ၊ ဟာသ တစ်ခုလိုဆက်ဆံတာတွေကိုသာကြည့်ပါ။ နဖူးပြောင်တာဟာ ရယ်စရာပါ ၊ နှာခေါင်းကြီးတာဟာ ရယ်စရာပါ ၊ပုလင်းဖင် မျက်မှန်နဲ့လူတွေဟာ ရယ်စရာပါ ၊ မိန်းမလျှာတွေဟာ ရယ်စရာပါ ၊ အသားမဲတာ ရယ်စရာပါ ဆိုတဲ့ ပြကွက်တွေ ဒင်းကြမ်းပြည့်နှက်နေ တော့တာပါပဲ။ ကျွန်တော်တို့တွေ ရယ်စရာမဟုတ်တာကို ရယ်မိနေတယ် ဆိုတာတော့ အသေအချာပါပဲ။ ကျွန်တော်တို့ရဲ့ ခေါင်းတွေထဲမှာ ဒါတွေဟာ ရယ်စရာပါ လို့ တွေးထင်နေတာကို ရိုက်ထုတ်သင့်ပါပြီ။ ကျွန်တော်တို့ မျိုးဆက်မှာမှ အတွေးအခေါ်တွေ မပြောင်းသေးဘူး ဆိုရင် နောင်မျိုးဆက်လည်း ကျွန်တော်တို့လို ဖြစ်နေဦးမှာပါပဲ။ ဆိုတော့…ကျွန်တော်တို့ အနေနဲ့ ပထမဆုံး ပြုပြင်သင့်တာက တစ်ယောက်နဲ့ တစ်ယောက် ပေါက်ကရ နာမည်တွေ ဆက်မခေါ်ပဲ နာမည်ရင်းတွေပြန်ခေါ်ပြီး လေးစားချစ်ခင်မှုကို တည်ဆောက်ဖို့ပါပဲ။

 

ကိုယ်ချင်းဆိုတာ စာဖို့….

ကိုယ်ကတော့ လျှာဖျားလေးနဲ့ တစ်ယောက်ယောက်ကို ချစ်လို့ခင်လို့၊ ဒါမှမဟုတ် လှောင်ပြောင်ချင်လို့ အလွယ်တကူ ခေါ်လိုက်တာ ဖြစ်ပေမယ့် အခေါ်ခံရတဲ့သူတွေက အဲဒီလို အခေါ်ခံရတာကို ကြည်နူးနေမယ် ၊ သာယာနေမယ် ထင်ပါသလားခဗျာ။ လူတိုင်းမှာ ခံစားချက်ကိုယ်စီရှိတယ်ဆိုတာ မေ့မထားသင့်ပါဘူး။ အများနဲ့ လူနည်းစုဖြစ်နေလို့သာ သူတို့ ပြုံးပြီး ဘာမှမတုံ့ပြန်ကြတာပါ။ တချို့သောသူတွေကတော့ ဒါတွေဟာ အားနည်းချက်မဟုတ်မှန်းသိလို့ ဘယ်လိုခေါ်ခေါ် ဘယ်လိုမှမနေပဲ နေနိုင်ကြပေမယ့် အချို့သော စိတ်အားငယ်တတ်သူတွေအတွက်ကတော့  ဒီလိုခေါ်ဝေါ်ဆက်ဆံမှုဟာ issue တစ်ခုပါ။ ကိစ္စရှိတယ် ဆိုပါတော့။ စိတ်အားငယ်တတ်သူတွေအတွက် ဒီလိုပြုမူဆက်ဆံခံရတာ များလာတဲ့အခါ လူတောမတိုးချင်တော့တာတွေ ၊ လူတွေနဲ့ ဝေးလာတာတွေ ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုတွေ ကျဆင်းလာတာတွေ၊ စိတ်ကျရောဂါဝင်လာတာတွေအထိ ဖြစ်သွားတတ်ပါတယ်။ လူ့ဘဝကြီးဟာ နေချင်စရာမကောင်းပါလားဆိုတဲ့ မိုက်ရူးရဲ အတွေးအခေါ်မျိုးတွေ ဝင်လာပြီး တစ်ချို့တွေဆို တကယ်ကို မနေတော့ပဲ ရရာနည်းနဲ့ ထွက်သွားကြတဲ့အထိပါပဲ။ ဒါတွေအားလုံးရဲ့ ကနဦး တရားခံတွေဟာ ဘယ်သူတွေလို့ ထင်ပါသလဲ? သူတို့နေရာမှာ ငါသာဆိုရင်ရော ဆိုတဲ့ အတွေးမျိုး တွေးကြည့်ဖူးပါသလား။

လူ လူချင်းပဲဗျာ….

သေချာပြန်စဉ်းစားကြည့်ပါ။ ခင်များတို့၊ကျွန်တော်တို့တွေ အဲဒီ ဝတုတ်တွေ ဆီက ပိုက်ဆံမချေးဖူးဘူးလား။ ပုလင်းဖင်တွေဆီက စာမကူးဖူးဘူးလား။ မိန်းမခိုးပြေးတော့ အသားမဲ ရဲ့အကူအညီ တောင်းခဲ့ရတာလေးရော? အဖော်မရှိရင် နောက်ဆုံး ဂျပုတွေ၊လောရှေတွေ ကပဲ ခင်ဗျားနဲ့ လိုက်ပေးတာတွေ… သေချာပြန်စဉ်းစားကြည့်ပါ။ ကျွန်တော်ပြောချင်တာက အကုန်လုံးက လူတွေချည်းပါပဲ။ ပုံပန်းသွင်ပြင် ဆိုတာ တူကြမှာမဟုတ်သလို ရွေးချယ်လို့ ရခဲ့တဲ့ အရာမျိုးလည်း မဟုတ်ပါဘူး။ ပုံပန်းသွင်ပြင် ဆိုတာ အားနည်းချက် မဟုတ်သလို လှောင်ပြောင် ကဲ့ရဲ့ စရာလည်း မဟုတ်ပါဘူး။ ကျွန်တော် ပြောခဲ့တဲ့ အတိုင်းပါပဲ။ လောက မှာ လူကောင်း နဲ့ လူဆိုး နှစ်မျိုးပဲရှိပါတယ်။ လူမျိုးမှာလည်း အပြစ်မရှိသလို ၊ ဘာသာမှာလည်း အပြစ်မရှိပါဘူး။ ကောင်းတဲ့လူက ကောင်းပြီး ၊ ဆိုးတဲ့လူက ဆိုးမှာပါပဲ။ ကျွန်တော် မျှော်လင့်မိတာကတော့ ဒီဆောင်းပါးလေးဖတ်ပြီး ကိုယ်ပြုမူဆက်ဆံမိတာလေးတွေကို ပြန်တွေးကြည့်ကြဖို့ပါ။ အရင်တုန်းက ကျွန်တော်ကိုယ်တိုင်လည်း ဝလွန်းအားကြီးလို့ ဆယ်စုနှစ် တစ်ခုစာလောက် အနှိမ်ခံခဲ့ရသလို သူများကိုလည်း နှိမ်ခဲ့ဖူးတာကို ဝန်ခံပါတယ်။ နောက်ပိုင်းမှာတော့ အတတ်နိုင်ဆုံး Body shaming မလုပ်မိအောင် နေဖြစ်တယ်ခင်ဗျ။ ကိုယ်ချင်းလဲ စာမိသလို ပိုမိုချစ်ဖို့ကောင်းပြီး လေးစားမှုအပြည့်နဲ့ လူ့ဘောင်အသိုင်းအဝိုင်းလေး ဖြစ်လာမယ်လို့ ယုံကြည်မိလို့ပါ။ လူ လူချင်းပဲဗျာ…. လောက မှာ လူကောင်း နဲ့ လူဆိုး နှစ်မျိုးပဲရှိပါတယ်။ တကယ် ရုပ်ဆိုးတာကတော့ လူသားအချင်းချင်းကို အဲဒီလို စနောက် နှိမ်ပြုပြောဆိုလိုက်ရတာကို သာယာနေတဲ့ စိတ်ဓာတ်ပါပဲ။ ကျနော့ ဆောင်းပါးလေးဖတ်ပြီး ကျနော့လိုပဲ တွေးမိတယ်ဆိုရင် Share ပေး၊ ဆွေးနွေးပေးစေချင်ပါတယ်။ ဖတ်ပေးလို့ ကျေးဇူးပါလို့ပြောကြားရင်း ကျနော်တို့ တွေ သူများတွေကို body shaming လုပ်တာလေးတွေ လျှော့ပြီး လေးစားချစ်ခင်စွာ နေလိုက်ကြရအောင်လား။

 

သကောင့်သား( အခရာ )