လူတစ်ယောက်ရဲ့ ဘ၀မှာ အရေးကြီးဆုံးက ဘာလဲလို့မေးရင် ဘာကိုဖြေကြမလဲ။ အများစုကတော့ ငွေလို့ပဲ ပြောကြမလား။ မှန်သင့်သလောက်တော့ မှန်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ တစ်ဦးတည်းအမြင်အရဖြေရမယ်ဆိုရင်တော့ မေတ္တာတရားက အဓိကအရေးပါဆုံးလို့ပဲ ထင်မိတယ်။ အထူးသဖြင့် မိဘတွေရဲ့ မေတ္တာပေါ့။ နိုင်ငံခြားသားပဲဖြစ်ဖြစ်၊ မြန်မာပဲဖြစ်ဖြစ် ဘယ်သူမဆို ငယ်စဉ်အချိန်မှာ မိဘတွေရဲ့နွေးထွေးတဲ့ မေတ္တာကို ခံစားခဲ့ကြမှာပါပဲ။ ဒါပေမဲ့ တချို့တချို့သော ကံဆိုးသူတွေကတော့ မိဘမေတ္တာဆိုတာ ရေပြင်မှာ အရုပ်ရေးသလိုဖြစ်ခဲ့ပြီး မေတ္တာငတ်တဲ့သူတွေအဖြစ် ဘ၀ကို ရှင်သန်ခဲ့ရတယ်။ အဲဒီကံဆိုးသူတွေထဲမှာ မန်စီးတီး နာမည်ကျော်ကစားသမား စတာလင် Raheem Sterling လည်း အပါအ၀င်ပါ။ ဂျမေကာနိုင်ငံ၊ Kingston မြို့မှာ မွေးဖွားခဲ့သူ စတာလင်ဟာ အသက်(၂)နှစ်အရွယ်မှာ အဖေဖြစ်သူ သေနတ်နဲ့ပစ်သတ်ခံပြီး သေခဲ့ရတာကြောင့် လူမမယ်အရွယ်ကတည်းက ဖခင်မေတ္တာကို ငတ်ခဲ့ရတယ်၊ အမေဖြစ်သူက စတာလင်တို့ မောင်နှမ(၂)ဦးရဲ့ ရှေ့ရေးကောင်းစားဖို့အတွက် သူမရဲ့သားသမီးတွေကို အဖွားနဲ့အတူထားခဲ့ရပြီး အင်္ဂလန်ကို ထွက်သွားခဲ့တာကြောင့် စတာလင်ဟာ မိဘမေတ္တာကို လုံလုံလောက်လောက်မရဘဲ အဖွားရဲ့ လက်ထဲမှာ အရွယ်ရောက်ခဲ့ရတာပါ။

အခုအချိန်မှာ ကလေး(၂)ဦးဖခင်ဖြစ်နေတဲ့ စတာလင်ဟာ သူ့တုန်းက မရခဲ့တဲ့ ဖခင်မေတ္တာကို အပြည့်အ၀ပေးဖို့ ဆုံးဖြတ်ချက်ချထားသူဖြစ်ပါတယ်။ ငယ်ငယ်ကအကြောင်းတွေနဲ့ ပတ်သက်လို့ စတာလင်က “တစ်ခါတစ်လေကျရင်တော့ ကျွန်တော့်ဘ၀က ဆိုးရွားလွန်းတယ်လို့ ထင်မိတယ်။ ဒါပေမဲ့ အကျိုးရှိလို့ အကြောင်းဖြစ်လာတာလို့ပဲ လက်ခံထားပါတယ်။ အခု ကျွန်တော်မှာလည်း ကလေးတွေရှိနေပြီ။ ကျွန်တော် ငယ်ငယ်တုန်းက မရခဲ့တဲ့ ဖခင်မေတ္တာကို ရာနှုန်းပြည့်ပေးသွားမယ်ဆိုတာ အသေအချာပါပဲ”လို့ ဆိုခဲ့တယ်။ စတာလင်ဟာ ဂျမေကာမှာ အသက်(၅)နှစ်မပြည့်ခင်အထိ အဖွားနဲ့အတူ နေခဲ့ရပြီး အဲဒီနောက်မှာ မိခင်ဖြစ်တဲ့ Nadine က သူမရဲ့မိသားစုကို လန်ဒန်မြို့ကြီးဆီ ပြောင်းရွှေ့ဖို့ ခေါ်ယူခဲ့ပါတယ်။

လန်ဒန်မှာ နေရတာက ဂျမေကာမှာ ဖြတ်သန်းခဲ့ရတဲ့ ဘ၀နဲ့ တခြားစီပါ။ ဂျမေကာမှာဆိုရင် ကျောင်းမှာ တစ်ခုခုပြဿနာတက်ပြီဆိုတာက ခါးပတ်နဲ့အဆော်ခံရတော့တာပါပဲ။ “လန်ဒန်ရောက်ရောက်ချင်းတော့ အဆင်မပြေသေးပါဘူး။ ကျောင်းတွေဆိုတာက တစ်ခုနဲ့တစ်ခု မတူဘူးလေ။ ဒါပေမဲ့ ဂျမေကာမှာတော့ သည်းခံစိတ်က တစ်စက်မှကို မရှိကြဘူး။ တစ်ခုခုဖြစ်တာနဲ့ ခါးပတ်နဲ့ အရိုက်ခံရပါတယ်။ အခုတော့ ဂျမေကာအစိုးရက အဲဒီလိုအဖြစ်တွေ ထပ်မဖြစ်အောင် လျှော့ချနိုင်ပြီလို့ ယူဆပေမယ့် ကျွန်တော်ငယ်ငယ်တုန်းကတော့ တော်တော်ဆိုးတာဗျ”လို့ စတာလင်က ငယ်ဘ၀ကို ပြန်လည်အောက်မေ့စွာနဲ့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

အခုဆိုရင် စတာလင်ဟာ ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် ကစားသမားတစ်ဦးဖြစ်နေတဲ့အပြင် တစ်ပတ်ကို ပေါင်သိန်းပေါင်းများစွာ ရရှိနေပါပြီ။ ငွေတွေ အများကြီးရလို့ စတာလင်က အောက်ခြေ မလွတ်ခဲ့ပါဘူး။ သူ့ကို ဒီလိုအခြေအနေမျိုးဖြစ်အောင် ပင်ပန်းဆင်းရဲခံခဲ့ရတဲ့ အမေဖြစ်သူ Nadine မတောင့်မတ မကြောင့်ကြနေနိုင်အောင် သားလိမ္မာတစ်ဦးပီပီ ပြန်လည်ထောက်ပံ့နေတာပဲဖြစ်ပါတယ်။ စတာလင်ရဲ့ ထူးခြားချက်က တခြား နာမည်ကျော်တွေလို Publicity ဖြစ်အောင် မနေဘဲ ရိုးရိုးအေးအေးသာ နေတတ်တာပါပဲ။ နောက်တစ်ခုက သူဟာ အတ္တမာနကြီး(Ego)တာကို မုန်းတီးတဲ့သူတစ်ယောက်ပါ။ အဲဒါကြောင့်လည်း သူ့လို စရိုက်မျိုးရှိသူကိုပဲ ရွေးချယ်ပေါင်းသင်းတတ်တာကြောင့် မန်စီးတီးအသင်းမှာ သူနဲ့အရင်းနှီးဆုံး သူငယ်ချင်းက (၃)(၄)ယောက်ထက် မပိုပါဘူး။ “ကျွန်တော်ကတော့ Normal ပဲ နေတတ်တဲ့သူတွေနဲ့ အပေါင်းအသင်းလုပ်ချင်တယ်။ ကျွန်တော် ဘယ်လိုမှ လက်မခံနိုင်တဲ့အချက်က အတ္တမာနကြီးတာပါ။ အေးအေးဆေးဆေးနေတတ်တဲ့သူကိုပဲ ကျွန်တော် သဘောကျပါတယ်”လို့ စတာလင်က သူ့ခံယူချက်ကို ပြောခဲ့ပါသေးတယ်။

နေတစ်စင်းနဲ့တူတဲ့ ဖခင်ရဲ့ အလင်းရောင် ကွယ်ပျေက်ခဲ့ရပေမယ့် မိခင်ရဲ့ အေးမြတဲ့လရောင်နဲ့အတူ ဘ၀ခရီးကို ရှေ့ဆက်ခဲ့သူ စတာလင် အခုအချိန်မှာတော့ အောင်မြင်မှု၊ ငွေကြေး၊ မိသားစု အစစအရာရာ ပြည့်စုံနေပါပြီ။ မိဘကျေးဇူးကို ပြန်လည်တုံ့ပြန်ရင်းနဲ့ ကိုယ့်ရဲ့မိသားစုဘ၀အဓိပ္ပါယ် ပြည့်စုံလေးနက်အောင် အကောင်းဆုံးဖန်တီးနေတဲ့ စတာလင်ရဲ့ ဘ၀ခရီးလမ်း အခုထက် ပိုဖြောင့်ဖြူးနိုင်ပါစေလို့ ဆုတောင်းပေးရင်းနဲ့ . . . .

REF:The Sun
Photo:Raheem Sterling Facebook,Raheem Sterling Instagram
Naing Linn(Akhayar)
www.akhayar.com