အခု နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း စိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအရွှေ့ Saga တွေ အများကြီးရှိပြီး အဲဒီထဲမှာ မန်ယူကွင်းလယ်လူ ပေါ့ဘာ Paul Pogba ရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ သတင်းတွေလည်း အပါအ၀င်ဖြစ်ပါတယ်။ မန်ယူကနေ ထွက်ချင်တယ်လို့ သူ့အေးဂျင့် ရိုင်အိုလာ Mino Raiola က အတည်ပြုခဲ့ပေမယ့် မန်ယူဘက်ကတော့ ပေါ့ဘာကို ဆက်ထိန်းဖို့ အတတ်နိုင်ဆုံးကြိုးစားနေပါတယ်။ တကယ်လို့ ပေါ့ဘာကို လက်လွှတ်ရရင်လည်း အဆင့်သင့်အစားထိုးနိုင်ဖို့ လူရှာနေပြီး ဆောက်သမ်တန်ကွင်းလယ်လူ လယ်မီနာ Mario Lemina နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတယ်။ ဒါကြောင့် လယ်မီနာဟာ ပေါ့ဘာရဲ့ နေရာကို အစားထိုးနိုင်မယ့်သူလား၊ သူ့ရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်က ဘယ်လိုလဲဆိုတာ ကြည့်လိုက်ရအောင် . .

လယ်မီနာရဲ့ ကစားဟန်ကို ကောင်းကောင်းမသိတဲ့သူတွေအတွက် အနီးစပ်ဆုံးပြရရင် စပါးကွင်းလယ်လူဟောင်း ဒမ်ဘီလီ Mousa Dembele နဲ့ နှိုင်းယှဉ်ပြချင်ပြီး သူဟာ Powerful ဖြစ်သလို Technically-gifted Player တစ်ဦးလို့ဆိုချင်ပါတယ်။ Holding Midfielder ဖြစ်ပေမယ့် Box To Box ကစားနိုင်တယ်၊ လိုအပ်ရင် Centre-Back အဖြစ်ပါ ကစားနိုင်သူပါပဲ။ ခံစစ်အားသန် ကစားသမားဖြစ်တကြောင့် တိုက်စစ်ကို လိုက်ပါမှုအပိုင်းမှာတော့ ပေါ့ဘာထက် အားနည်းပါတယ်။

ပေါ့ဘာဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ (၃၄)ပွဲကစား (၁၃)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၉)ကြိမ်၊ တစ်ပွဲပျမ်းမျှ ဂိုးပေါက်ကန်သွင်းမှု (၃)ကြိမ်ရှိခဲ့သလို တစ်ပွဲပျမ်းမျှ Key Pass တွေက (၁.၆)ကြိမ်၊ ဘောလုံးဆွဲပြေးတဲ့ အကြိမ်က (၁.၇)ကြိမ်ရှိခဲ့တယ်။ လယ်မီနာကတော့ ပရီးမီးယားလိဂ်မှာ (၁၈)ပွဲသာ ကစားခဲ့ရသလို တိုက်စစ်စွမ်းဆောင်ရည်အပိုင်းမှာ ပေါ့ဘာကို မမီခဲ့ပါဘူး။

ဒါပေမဲ့ Defensive stats မှာတော့ လယ်မီနာက ပြန်သာခဲ့ပါတယ်။ လယ်မီနာရဲ့ တစ်ပွဲပျမ်းမျှ Tackle လုပ်ခဲ့တာက (၂.၃)ကြိမ်၊ တစ်ပွဲပျမ်းမျှ Interception အကြိမ်က (၂)ကြိမ်ရှိခဲ့သလို ဘောလုံး ရှင်းထုတ်နိုင်မှု (၁.၄)ကြိမ်၊ ပျမ်းမျှပြစ်ဒဏ်ကျူးလွန်မှုက (၁.၅)ကြိမ်ရှိပါတယ်။ နည်းနည်းစိုးရိမ်စရာရှိတာက ပြိုင်ဘက်ကစားသမားတွေ သူ့ကို ကျော်ဖြတ်ပြီး ဘောလုံးဆွဲပေးခဲ့တာက တစ်ပွဲပျမ်းမျှ (၀.၉)ကြိမ်ရှိတာပါပဲ။ ပေါ့ဘာနဲ့ လယ်မီနာတို့ရဲ့ Passing Stats ကို နှိုင်းယှဉ်ကြည့်ရအောင် . .

ပေါ့ဘာရဲ့ တစ်ပွဲပျမ်းမျှ ဘောလုံးပေးပို့မှုက (၅၉.၁)ကြိမ်ရှိပြီး လယ်မီနာကတော့ (၃၈.၆)ကြိမ်သာ ရှိပါတယ်။ အောင်မြင်တဲ့ ဘောလုံးပေးပို့မှု ရာခိုင်နှုန်းက လယ်မီနာဟာ (၈၆)%)အထိရှိပေမယ့် ပေါ့ဘာက (၈၂.၈%)ရှိတာကြောင့် လယ်မီနာက ပြန်သာသလိုဖြစ်နေပါတယ်။ ဒါပေမဲ့ Long Ball ပေးပို့မှု၊ ဖြတ်တင်ဘောအကြိမ်အရေအတွက်မှာတော့ ပေါ့ဘာက စွမ်းဆောင်ရည် ပိုကောင်းနေတာကို တွေ့ရမှာပါ။ ဒါကလည်း ပေါ့ဘာက တိုက်စစ်အားသန် ကွင်းလယ်လူဖြစ်ပြီး မန်ယူအသင်းရဲ့ တိုက်စစ်ကို အစပျိုးဖို့ တာဝန်ယူထားတာကြောင့် ဒီအပိုင်းမှာ လယ်မီနာ မယှဉ်သာတာပဲဖြစ်ပါတယ်။

မန်ယူပရိသတ်တွေကတော့ လယ်မီနာဟာ ပေါ့ဘာကို မီနိုင်မယ့်ကစားသမား မဟုတ်ဘူးလို့ ယူဆနေမှာဖြစ်ပြီး ပေါ့ဘာနေရာမှာ လယ်မီနာ အစားဝင်ဖို့ မဖြစ်နိုင်ဘူးလို့ ယုံကြည်နေမှာ အမှန်ပါပဲ။ ဒါပေမဲ့ တစ်ကိုယ်ကောင်းမဆန်တာ၊ စည်းကမ်းပိုင်း အားနည်းချက်မရှိတာ၊ ပွဲတစ်ပွဲအနိုင်ရဖို့ ဘာမဆိုပေးဆပ်ရဲတဲ့ စိတ်ဓာတ်မျိုးရှိတာ စတဲ့အချက်တွေက လယ်မီနာဟာ ပေါ့ဘာထက် သာတယ်လို့ ပြောရမှာပါပဲ။ မန်ယူအသင်းမှာ လိုအပ်နေတာက ကိုယ့်အသင်းအတွက် အရာအားလုံး ပေးဆပ်မယ့်ကစားသမားမျိုးဖြစ်ပြီး လာမီနာရဲ့ အကောင်းဆုံးအရည်အသွေးတွေကို ဆိုးလ်ရှား Solskjaer အသုံးချနိုင်မယ်ဆိုရင် သူဟာ သူရဲနီတပ်ဖွဲ့ဝင်သစ်ဖြစ်လာဖို့ ထိုက်တန်တယ်လို့ သတ်မှတ်ချင်ပါတယ် . .

REF:talksport
Photo:Getty Images,talksport
Naing Linn(Akhayar)
www.akhayar.com