မန်ယူအသင်းမှာ ရုန်းကန်နေရတဲ့ ချီလီတိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ် Alexis Sanchez ရဲ့ အနာဂတ်က ခပ်လှုပ်လှုပ်ဖြစ်နေပါပြီ။ ၂၀၁၈ ဇန်န၀ါရီလတုန်းက မန်ယူအသင်းဆီရောက်ခဲ့တဲ့ ဆန်းချက်ဇ်ဟာ (၁)နှစ်ကျော်ကြာတဲ့အချိန်အထိ မန်ယူအသင်းမှာ အထိုင်မကျသေးပါဘူး။ အခုဆိုရင် နည်းပြ ဆိုးလ်ရှား Ole Gunnar Solskjaer က ဆန်းချက်ဇ်ကို အရန်အသင်းနဲ့ လေ့ကျင့်ခန်းဆင်းခိုင်းစေတဲ့အပြင် နွေရာသီဈေးကွက်အတွင်း တခြားအသင်းတွေဆီ ရောင်းချဖို့ မီးစိမ်းပြလိုက်ပါပြီ။ တစ်ပတ်လစာပေါင် (၅)သိန်း၊ (၁)နှစ်ကျော်အတွင်း လစာချည်းပဲ ပေါင်(၄၁)သန်းလောက် အိတ်ထဲထည့်သွားတဲ့ ကစားသမားတစ်ဦးက ပရီးမီးယားလိဂ်သွင်းဂိုး (၃)ဂိုး၊ FA ဖလားမှာ (၂)ဂိုး ၊ စုစုပေါင်း(၅)ဂိုးသာ သွင်းထားနိုင်တာက ဆိုးရွားလွန်းတာထက်ကို ပိုပါတယ်။ ဒါကြောင့် ပြိုင်ဘက်ပရိသတ်တွေက မန်ယူတို့ ‘ဂျင်း’မိသွားပြီလို့ ကောင်းကောင်း လှောင်နေတာပါပဲ။

ဆန်းချက်ဇ်ရဲ့ အာဆင်နယ်ကစားသမားဘ၀ မှတ်တမ်းနဲ့ မန်ယူကစားသမားဘ၀ မှတ်တမ်းကို ချိန်ထိုးကြည့်ရင် ပြိုင်ဘက်ပရိသတ်တွေ လှောင်တာက မှားတော့ မမှားပါဘူး။ အာဆင်နယ်မှာ ကစားခဲ့တုန်းက သွင်းဂိုးတစ်ဂိုးအတွက် (၁၆၈.၇၅)မိနစ်သာ ကြာမြင့်ခဲ့ပေမယ့် မန်ယူအသင်းမှာတော့ (၆၄၁)မိနစ်အထိ ကြာမြင့်ခဲ့ပြီး တစ်ပွဲပျမ်းမျှ အခွင့်အရေးဖန်တီးနိုင်မှုမှာလည်း (၂.၄၂)ကြိမ်ကနေ (၂.၂)ကြိမ်အထိ ကျဆင်းသွားခဲ့တယ်။ နောက်ပြီး တစ်ပွဲပျမ်းမျှ ဂိုးပေါက်ကန်သွင်းမှု၊ ပျမ်းမျှဂိုးပေါက်တည့်မှုအကြိမ်၊ ဘောလုံးဆွဲပြေးမှု စတဲ့အချက်တွေမှာလည်း ဆန်းချက်ဇ်က အာဆင်နယ်မှာလို မစွမ်းဆောင်နိုင်ပါဘူး။ အာဆင်နယ်မှာထက် ပိုကောင်းလာတာဆိုလို့ အောင်မြင်တဲ့ ဘောလုံးဆွဲပြေးမှု ရာခိုင်နှုန်း၊ တစ်ပွဲပျမ်းမျှ ပြစ်ဒဏ်ဘောရရှိမှုနှုန်းတွေပဲဖြစ်ပါတယ်။ မကြာသေးခင်ကလည်း လေ့ကျင့်ရေးကွင်းမှာ အသင်းဖော် ဂရင်းဝုဒ် Greenwood နဲ့ ရန်ဖြစ်ခဲ့တယ်လို့ သတင်းထွက်ခဲ့တာကြောင့် ဆန်းချက်ဇ်ရဲ့ အနေအထားက ဆိုးသထက်ဆိုးနေပါပြီ။ အခုဆိုရင် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ကစားသမားခေါ်ယူမှုအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဆန်းချက်ဇ်ဟာ “ဂျင်း” မဟုတ်ကြောင်းကို လာမယ့်ပွဲတွေမှာ သက်သေပြဖို့တော့ လိုနေပြီဖြစ်ပါတယ် . .

REF:The Sun
Photo:Alexis Sanchez Facebook,The Sun
Naing Linn(Akhayar)
www.akhayar.com