ဘောလုံးလောကမှာ နံပါတ်တစ်ခုအပေါ် သက်ဝင်ယုံကြည်မှု အမျိုးမျိးရှိကြတယ်။ အဲဒီလို ယုံကြည်မှုမျိုးကို ကလပ်အသင်းတွေသာမက ကစားသမားတိုင်းမှာလည်း ရှိနေတာက အံ့အားသင့်ဖို့တော့ ကောင်းတယ်။ ဥပမာ မန်ယူမှာဆိုရင် နံပါတ်(၇)၊ ဘာစီလိုနာမှာ (၁၄)၊ အာဂျင်တီးနားနဲ့ ဘရာဇီးလ်အသင်းမှာဆိုရင် (၁၀)နံပါတ်တွေက ဂန္ထ၀င်နံပါတ်တွေအဖြစ် သတ်မှတ်ရမှာဖြစ်ပြီး အဲဒီကျောနံပါတ် ၀တ်ဆင်ခွင့်ရတဲ့ ကစားသမားတစ်ဦးအတွက် ရင်ဆိုင်ရတဲ့ ဖိအားတွေက မနည်းမနောပါပဲ။ နာမည်ကျော် ကစားသမားတော်တော်များများဟာ ကစားသမားဘ၀အစမှာ အထင်ကရနံပါတ်တွေကို တန်းပြီး ၀တ်ဆင်ခွင့်ရတာတော့ မဟုတ်ပါဘူး။ အချိန်အတိုင်းအတာ တစ်ခုအကြာမှ ဒီလိုဂန္ထ၀င်နံပါတ်တွေကို ၀တ်ဆင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် ဘောလုံးလောကရဲ့ နာမည်ကျော်ကစားသမားတွေ သူတို့ရဲ့ ကစားသမားဘ၀အစမှာ နံပါတ်ဘယ်လောက် ၀တ်ဆင်ခဲ့လဲဆိုတာ ပရိသတ်တွေ ဗဟုသုတရအောင် ဖော်ပြလိုက်ပါတယ် . .

Lionel Messi

ဘာစီလိုနာအသင်းရဲ့ ဂန္ထ၀င်နံပါတ်က အခု မက်ဆီ Lionel Messi ၀တ်ဆင်နေတဲ့ (၁၀)မဟုတ်ဘဲ (၁၄)ဖြစ်ပါတယ်။ ဒါပေမယ့် မက်ဆီရဲ့ စွမ်းဆောင်ရည်ကြောင့် နံပါတ်(၁၀)ကိုလည်း ဂန္ထ၀င်စာရင်းထဲ ထည့်သွင်းရမယ့်အနေအထားပါပဲ။ ၂၀၀၄ခုနှစ်၊ အသက်(၁၆)နှစ်အရွယ်မှာ ဘာစီလိုနာအသင်းကြီးအတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ မက်ဆီဟာ အဲဒီတုန်းက ကျောနံပါတ်(၃၀) ၀တ်ဆင်ကစားခဲ့တာဖြစ်ပါတယ်။

David De Gea

မန်ယူအသင်း ဂိုးပေါက်မှာ တံတိုင်းကြီးသဖွယ် ကာကွယ်နေတဲ့ ဒီဂီယာ David De Gea ဟာ အက်သလက်တီကို အကယ်ဒမီထွက် ဂိုးသမားတစ်ဦးဆိုတာ အားလုံးအသိဖြစ်ပါလိမ့်မယ်။ ၂၀၀၉ ခုနှစ်တုန်းက အက်သလက်တီကို စီနီယာအသင်းအတွက် ပထမဆုံးပွဲထွက်ခွင့်ခဲ့ရခဲ့ပြီး ၂၀၀၉-၁၀ ရာသီဝက်မှာ ကျောနံပါတ်(၄၃)၀တ်ဆင်ခဲ့ပြီးမှ နောက်ပိုင်းမှာ (၁၃)ကို ပြောင်းလဲဝတ်ဆင်ခဲ့တာပါ။

Iker Casillas

ရီးယဲလ် ဂန္ထ၀င်ဂိုးသမားကြီး ကာဆီးလက်စ် Iker Casillas ဟာ ၁၉၉၉ ခုနှစ်တုန်းက အိုလံပီယာကော့စ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲမှာ ရီးယဲလ်အသင်းကြီးအတွက် ပွဲထွက်ခွင့်ရခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကျောနံပါတ် (၂၇)၀တ်ဆင်ခဲ့ပြီး သိပ်မကြာခင်မှာပဲ နံပါတ်(၁)ဂိုးသမားနေရာကို ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။

Jose Antonio Reyes

ဆီဗီလာနဲ့ အာဆင်နယ် နာမည်ကျော် ကစားသမားဟောင်း ရေးယက်စ် Jose Antonio Reyes ၂၀၀၀-၀၁ ရာသီတုန်းက ဇာရာဂိုဇာနဲ့ ကစားခဲ့တဲ့ လာလီဂါပွဲမှာ ဆီဗီလာအသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့ပြီး အဲဒီအချိန်မှာ သူ့အသက်က (၁၆)နှစ်ပဲရှိပါသေးတယ်။ ကစားသမားဘ၀ အစပိုင်းမှာ သူ ၀တ်ဆင်ခွင့်ရခဲ့တာက ကျောနံပါတ်(၃၄)ဖြစ်ပါတယ်။

Cristiano Ronaldo

စီရော်နယ်လ်ဒို Cristiano Ronaldo ရဲ့ အမာခံပရိသတ်တွေကို သူ့ ကစားသမားဘ၀ ပထမဆုံးဝတ်ဆင်ခဲ့တဲ့ နံပါတ်ကို မေးရင် အလွယ်တကူသိနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ၂၀၀၂-၀၃ ရာသီမှာ စပို့တင်းလစ္စဘွန်းအသင်းအတွက် ပွဲထွက်ကစားခဲ့ချိန်မှာ သူ့ရဲ့ ကျောနံပါတ်က (၂၈)ဖြစ်ပြီး မန်ယူကစားသမားဘ၀ တစ်လျှောက်လုံး ကျောနံပါတ်(၇)၊ ရီးယဲလ်ကစားသမားဘ၀ အစပိုင်းမှာ (၉)၊ နောက်ပိုင်းတော့ (၇)ကိုပဲ အမြဲဝတ်ဆင်ခဲ့ပါတယ်။

David Beckham

မန်ယူအသင်းရဲ့ ဂန္ထ၀င်ကျောနံပါတ်(၇)ထဲမှာ တစ်ဦးအပါအ၀င်ဖြစ်ခဲ့တဲ့ ဘောလုံးမင်းသား ဒေးဗစ်ဘက်ခမ် David Beckham ကို ပရိသတ်တော်တော်များများက နံပါတ်(၇)နဲ့ပဲ အမြင်များခဲ့ပါတယ်။ နံပါတ်(၂၄)၊ (၁၀)၀တ်ခဲ့တာကို သိတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ မန်ယူကစားသမားဘ၀ ပထမဆုံးပွဲမှာ သူ ၀တ်ဆင်ခဲ့တဲ့နံပါတ်ကို သိတဲ့သူ မရှိသလောက်ပါပဲ။ ၁၉၉၂၊ စက်တင်ဘာ (၂၃)ရက် ဘရိုက်တန်နဲ့ ကစားခဲ့တဲ့ လိဂ်ဖလားပွဲမှာ မန်ယူကစားသမားဘ၀ ပထမဆုံးပွဲအဖြစ် လူစားဝင်ကစားခဲ့ပြီး အဲဒီတုန်းက သူ့နံပါတ်က (၂၈)ဖြစ်ပါတယ်။

REF:Marca
Photo:Sports Discourse,Vacation Timeshare Rentals,Getty Images,AS
Naing Linn(Akhayar)
www.akhayar.com