ဝန်ထမ်းတွေနဲ့ ကျောင်းသားတွေအနေနဲ့ ကျောင်းချိန်ရုံးချိန် မီအောင်လို့ ကားပိတ်နေတဲ့အတွက် အစောကြီးအိပ်ယာထရတဲ့ ဒုက္ခကလည်း မသေးပါဘူး။ ရုံးချိန်က မနက်၉နာရီဝန်းကျင်သာ ဆိုပေမယ့် ကားကြပ်တာနဲ့ဆိုရင် မနက်၇နာရီလောက် အိပ်ယာထမှ အဆင်ပြေတာလေ။ လူငယ်တွေဆိုတော့ သိတဲ့အတိုင်းပဲ ညဆိုရင် အင်တာနက်သုံးတာ၊ ဇာတ်ကားကြည့်တာနဲ့ ညဉ့်နက်တဲ့အထိ မအိပ်ဖြစ်သေးဘူး။ အိပ်ချင်မူးတူးနဲ့ တစ်ပတ်လုံးအလုပ်လုပ်ပြီး စနေ၊တနင်္ဂနွေရောက်မှ အတိုးချပြီး အိပ်စက်ရတာပါ။

ဘယ်လိုသုတေသနလုပ်ခဲ့တာလဲ

အောက်စ်ဖို့တက္ကသိုလ် (Oxford University) မှ ဦးနှောက်နဲ့အာရုံကြောသိပ္ပံပညာရှင် ဒေါက်တာ ပေါလ် ကယ်လီ (Dr. Paul Kelley) ကတော့ မနက်၉-ညနေ၅ အလုပ်ချိန်က ဦးနှောက်နဲ့စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအတွက် ပြင်းထန်တဲ့ထိုးနှက်ချက်တစ်ခုဖြစ်တဲ့အကြောင်း ပြောဆိုသွားပါတယ်။ ပြီးတော့လည်း ကျောင်းသားတွေနဲ့ဝန်ထမ်းတွေအနေနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်စေဖို့အတွက် ရုံးချိန်ပြောင်းလဲသင့်ကြောင်းလည်း ပြောဆိုသွားပါတယ်။ ဒေါက်တာ ပေါလ် ကယ်လီက ကျောင်းချိန်နဲ့ရုံးချိန်တွေကို မနက်၁ဝနာရီမှာ ပြောင်းလဲလိုက်မယ်ဆိုရင် စွမ်းဆောင်ရည် ၁ဝရာခိုင်နှုန်းအထိ မြင့်တက်လာဖွယ်ရှိတယ်လို့ သုံးသပ်သွားပါသေးတယ်။

ဘယ်မှာသုတေသနလုပ်ခဲ့တာလဲ

အောက်စ်ဖို့တက္ကသိုလ်မှာ ဦးနှောက်နဲ့အာရုံကြောသိပ္ပံပညာရှင်အနေနဲ့ တာဝန်မထမ်းဆောင်ခင် နေ့ာတိုင်ဆိုက် (North Tyneside) မြို့မှာရှိတဲ့ မွန့်စီတန်အလယ်တန်းကျောင်း (Monkseaton Middle School) မှာ ကျောင်းအုပ်လုပ်ဖူးတဲ့ ဒေါက်တာ ပေါလ် ကယ်လီဟာ ကျောင်းတက်ချိန်ကို မနက်၈နာရီခွဲကနေ ၁ဝနာရီထိ ပြောင်းလဲလိုက်တဲ့အခါ ကျောင်းသားတွေရဲ့ အဆင့်ရမှတ်ဟာ ၁၉ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။ နောက်ပြီးတော့ မနက်စောစောရုံးတက်စေတဲ့ ကုမ္ပဏီတွေအနေနဲ့ ဝန်ထမ်းတွေရဲ့ ကုန်ထုတ်စွမ်းအားကို ကျဆင်းစေတဲ့အပြင် ကျန်းမာရေးထိခိုက်စေတယ်လို့ အကြံပြုသွားပါတယ်။

ဘာတွေအကြံပြုသွားလဲ

“၁ဝနှစ်အရွယ် ကျောင်းသားတွေအနေနဲ့ မနက်၈ခွဲမှာ စာသင်မယ်ဆိုရင် သင်ခန်းစာအပြည့်အဝကို မှတ်ယူနိုင်မှာမဟုတ်ဘူး။ ပြီးတော့ ၁၆နှစ်အရွယ် အထက်တန်းကျောင်းသားတွေအနေနဲ့ မနက်၁ဝနာရီမှာ စမယ်ဆိုရင် အကောင်းဆုံးပဲ။ တက္ကသိုလ်တွေအနေနဲ့ကတော့ ၁၁နာရီမှ သင်ခန်းစာစသင့်တယ်။ အသက်၅၅နှစ်မပြည့်သေးတဲ့ ဝန်ထမ်းတွေအနေနဲ့တော့ အိပ်ရေးမဝတဲ့ပြဿနာတွေမဖြစ်ရလေအောင် မနက်၁ဝနာရီမှ ရုံးတက်သင့်တယ်။ အိပ်ရေးမဝဘဲနဲ့ ရုံးတက်လာရတဲ့အတွက် လုပ်ငန်းခွင်မှာ စိတ်မရှည်တော့ဘူး၊ ဒေါသထွက်လွယ်ရုံမက အာရုံမစိုက်နိုင်တာတွေ ဖြစ်လာရတယ်” လို့ ဒေါက်တာ ပေါလ် ကယ်လီက ကောက်ချက်ချထားပါတယ်။

ကဲ . . . . အောက်စ်ဖို့တက္ကသိုလ်က ဦးနှောက်နဲ့အာရုံကြောသိပ္ပံပညာရှင် ဒေါက်တာ ပေါလ် ကယ်လီကတော့ ဝန်ထမ်းတွေ အိပ်ရေးဝအောင်လို့ မနက်၁ဝနာရီကျမှ ရုံးတက်ရမယ်လို့ ပြောသွားတယ်နော်။ ကဲ . . ဝန်ထမ်းတွေအနေနဲ့ရော မနက်၁ဝနာရီမှ ရုံးတက်ရအောင်လို့ အထက်လူကြီးတွေ သိသွားအောင် လုပ်လိုက်ကြပါဦး။

ကျော်စိုးအောင် (အခရာ)

www.akhayar.com