ဒီနေ့ခေတ်မှာ ဘောလုံးကစားနေကြတဲ့သူတွေဟာ ကမ္ဘာတစ်ဝှမ်းလုံးနီးပါး ရှိလာပါပြီ။ အဲဒီထဲကမှ ပရော်ဖက်ရှင်နယ်ဆန်ဆန် ကစားတဲ့သူတွေက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် နည်းပါးပြီး ဆုဖလားနဲ့ သမိုင်းဝင်အောင်မြင်မှု မှတ်တမ်း ရယူခဲ့တဲ့ ကစားသမားအရေအတွက် ပိုတောင်နည်းပါသေးတယ်။ ကစားသမားတစ်ဦးရဲ့ နာမည်ကို အိမ်ကွင်းနာမည်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဂန္ထ၀င်ဆိုတာက လက်ချိုးရေလို့တောင် ရပါတယ်။

Etihad-Stadium

အခုနောက်ပိုင်း မော်ဒန်ဘောလုံးလောကမှာ အိမ်ကွင်းနာမည်ကို စပွန်ဆာပေးမယ့် ကုမ္ပဏီကြီးတွေကလည်း အဆင်သင့်ရှိနေတာကြောင့် ကလပ်အသင်းတွေကလည်း သူတို့အိမ်ကွင်းနာမည်မူပိုင်ခွင့်ကို ရောင်းချခဲ့တာလည်း အများကြီးပါ။ ဒါပေမဲ့ တချို့အသင်းတွေကတော့ ခေတ်ရေစီးကြောင်းထဲ မလိုက်ဘဲ သူတို့အတွက် သမိုင်းဝင်အောင်မြင်မှု ရယူခဲ့တဲ့ ဂန္ထ၀င်တွေနာမည်ကို ကွင်းအမည်သတ်မှတ်ထားတဲ့ အသင်းတွေလည်း ရှိနေပါသေးတယ်။ အဲဒါကြောင့် ကွင်းအမည်ကို ဂန္ထ၀င်တွေရဲ့ နာမည်သတ်မှတ်ပေးခဲ့တဲ့ အသင်းတွေက ဘယ်အသင်းတွေများလဲဆိုတာ ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြလိုက်တာပဲဖြစ်ပါတယ် . . .

Santiago Bernabeu

Santiago Bernabeu

ဆန်တီယာဂိုဘာနေဗျူး Santiago Bernabeu ဆိုတဲ့ အမည်က ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားပါ။ ကစားသမားဘ၀ကို ရီးယဲလ်တစ်သင်းတည်းနဲ့ ကုန်ဆုံးခဲ့တဲ့အပြင် နည်းပြ၊ ဥက္ကဌအဖြစ်ပါ ဖြတ်သန်းခဲ့ပြီး ဥက္ကဌအဖြစ် ၁၉၄၃ ကနေ ၁၉၇၈ ခုနှစ်အထိ ဆောင်ရွက်ခဲ့တယ်။ ဘာနေဗျူးဟာ ရီးယဲလ်အသင်း ဖြစ်တည်မှုအတွက် အဓိက မြစ်ဖျားခံရာလို့ ပြောရမယ်။ အဲဒါကြောင့် ၁၉၈၂ ခုနှစ်မှာ ဘာနေဗျူးကွယ်လွန်ခဲ့ပြီးတဲ့နောက် ရီးယဲလ်အသင်းဟာ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အိမ်ကွင်းအမည်ကို ဆန်တီယာဂိုဘာနေဗျူးလို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

Ferenc Puskas

Ferenc-Puskas

ဟန်ဂေရီ ဂန္ထ၀င်ကစားသမားနဲ့ နည်းပြဟောင်း ပွတ်ရှ်ကပ်စ် Ferenc Puskas ဆိုတာက ဥရောပရဲ့ ထာဝရအကောင်းဆုံး တိုက်စစ်မှူးစာရင်းထဲမှာ အပါအ၀င်ဖြစ်ပါတယ်။ ဟန်ဂေရီအသင်းရဲ့ ရွှေရောင်မျိုးဆက်ထဲမှာ တစ်ဦးအပါအ၀င်ဖြစ်ပြီး ဟန်ဂေရီအသင်းနဲ့သာမက ရီးယဲလ်အသင်းရဲ့ ဂန္ထ၀င်အဖြစ် သတ်မှတ်ခံထားရသူပါ။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)က ပွတ်ရှ်ကပ်စ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ၂၀၀၉၊ အောက်တိုဘာ (၂၀)ရက်မှာ အကောင်းဆုံးသွင်းဂိုးဆုကို ပွတ်ရှ်ကပ်စ်အမည်နဲ့ စတင်ချီးမြှင့်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာတော့ ဘူဒါပတ်စ်မြို့မှာရှိတဲ့ အမျိုးသား National Football Stadium ကို ပွတ်ရှ်ကပ်စ်နာမည် ပြောင်းလဲခဲ့ပြီး အခုလက်ရှိမှာ အဲဒီကွင်းကို ပြန်လည်ပြင်ဆင်တည်ဆောက်နေပါတယ်။

Johan Cruyff

Johan-Cruyff-

Johan-Cruyff-

ဒတ်ခ်ျဘောလုံးသမိုင်းမှာ ထာဝရအကောင်းဆုံးလို့ သတ်မှတ်ရမှာက ယိုဟန်ခရိုက်ဖ် Johan Cruyff ပါပဲ။ ကစားသမားဘ၀မှာ နယ်သာလန်၊ အေဂျက်စ်၊ ဘာစီလိုနာအသင်းတို့နဲ့အတူ သမိုင်းဝင် ဆုဖလားတွေ ရယူခဲ့ပြီး နည်းပြဘ၀မှာလည်း ဘာစီလိုနာအသင်းအတွက် အောင်မြင်မှုတွေ အများကြီး ရယူနိုင်ခဲ့တယ်။ ၂၀၁၆၊ မတ်လ (၂၄)ရက်မှာ ကွယ်လွန်ခဲ့တဲ့ ယိုဟန်ခရိုက်ဖ်ကို ဂုဏ်ပြုတဲ့အနေနဲ့ အသင်းဟောင်း အေဂျက်စ်အသင်းဟာ ၂၀၁၇၊ ဧပြီလ (၂၅)ရက်မှာ သူတို့ရဲ့ ကွင်းနာမည်ကို Johan Cruyff Arena လို့ အမည်ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။

Diego Maradona

Estadio-Diego-Armando-Maradona

Estadio-Diego-Armando-Maradona

မာရာဒိုနာ Diego Maradona ဟာ ကစားသမားဘ၀မှာ နာမည်ပျက် အများကြီးရှိခဲ့ပေမယ့် သူ့ရဲ့ ပဉ္စလက်ဆန်တဲ့ခြေစွမ်းနဲ့ အောင်မြင်မှုအရ ၂၀ ရာစုရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရတယ်။ ဘာစီလိုနာ၊ ဘိုကာဂျူနီယာ၊ နာပိုလီ၊ အာဂျင်တီးနားအသင်းတို့နဲ့ အောင်မြင်မှုတွေ အများကြီး ရယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ မာရာဒိုနာရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘ၀စတင်ရာ အာဂျင်တီးနားကလပ် Argentinos Juniors အသင်းက ၂၀၀၄ ခုနှစ်မှာ သူတို့ အိမ်ကွင်းနာမည်ကို Estadio Diego Armando Maradona လို့ နာမည်သတ်မှတ် ဂုဏ်ပြုခဲ့ပါတယ်။

Stadio Giuseppe Meazza

Stadio-Giuseppe-Meazza

အီတလီဘောလုံးလောကရဲ့ ဂန္ထ၀င်ကစားသမားလို့ ဆိုရမယ့် မီယာဇာ Giuseppe Meazza ဟာ အီတလီအသင်းနဲ့အတူ ၁၉၃၄၊ ၁၉၃၈ ကမ္ဘာ့ဖလားချန်ပီယံဆု ရရှိခဲ့ပြီး ကမ္ဘာ့ဖလား(၂)ကြိမ်ဆက် ရရှိခဲ့တဲ့ ရှားရှားပါးပါး ကစားသမား(၄)ဦးထဲက တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။ အင်တာမီလန်၊ အေစီမီလန် (၂)သင်းစလုံးအတွက် ကစားခဲ့ပြီး သူ့ရဲ့ ဂိုးသွင်းစွမ်းရည်၊ ဂိုးဖန်တီးနိုင်မှုအရည်အချင်းကြောင့် အဲဒီအချိန်တုန်းက အီတလီမီဒီယာတွေဟာ မီယာဇာကို “Il Genio (the genius) “လို့တောင် တင်စားခဲ့ကြတယ်။ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၉၈၀ ခုနှစ်မှာ မီလန်မြို့ခံ(၂)သင်း အိမ်ကွင်းအဖြစ် အသုံးပြုနေတဲ့ ဆန်စီရိုကွင်းကို Stadio Giuseppe Meazza လို့ ပူးတွဲသတ်မှတ်ခဲ့ပါတယ်။

REF:.sportskeeda
Photo:Wikipedia,Pinterest,
Naing Linn(Akhayar)
www.akhayar.com